သန်းပေါင်းများစွာသော အန်းဒရွိုက်စမတ်ဖုန်း အသုံးပြုသူတွေဟာ ဗိုင်းရပ်စ်တွေ၊ Malwareတွေ လိုမျိုး လုံခြုံရေးအားနည်းချက်များနဲ့ ထိတွေ့နေရတယ်လို့ FBI(Federal Bureau of Investigation)နဲ့ ပြည်တွင်းလုံခြုံရေးဋ္ဌာန တို့ရဲ့ ပူးပေါင်း ထုတ်ပြန်ချက် တစ်ခုအရ သိရပါတယ်။ အဆိုပါ ထုတ်ပြန်ချက်မှာ လူသုံးအများဆုံး OSဖြစ်တဲ့ အန်းဒရွိုက်ဟာ သူ့ရဲ့ Open-Sourceဖြစ်အောင် တည်ဆောက်ထားမှုနဲ့ ဈေးကွက်ဝေစုတွေကြောင့် တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အန်းဒရွိုက် အသုံးပြုသူ ၄၄ရာခိုင်နှုန်းဟာ ၂၀၁၁ခုနှစ်တည်းက ထုတ်လုပ်ခဲ့တဲ့ Gingerbreadလို့ အမည်ပေးထားတဲ့ အန်းဒရွိုက်ဗားရှင်း 2.3.3နဲ့ 2.3.7တွေကို သုံးစွဲနေကြပြီး အဆိုပါ ဗားရှင်းတွေမှာ လုံခြုံရေး အားနည်းချက်တွေ များစွာရှိတယ်လို့ သိရပါတယ်။ နောက်ပိုင်းထွက် အန်းဒရွိုက်ဗားရှင်းတွေ မှာတော့ အဲဒီ လုံခြုံရေး ကိစ္စတွေကို ပြင်ဆင်ပြီး ဖြစ်ပေမယ့် လက်ရှိအချိန်ထိ ဗားရှင်းအဟောင်းတွေကို သုံးစွဲတဲ့ လူတွေ ရှိနေသေးတယ် ဆိုတာက စိတ်ပူရမယ့် ကိစ္စတစ်ရပ်ပါ။
ယနေ့အချိန်မှာ အန်းဒရွိုက်ဟာ အကြမ်းဖျင်းအားဖြင့် ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်ရဲ့ ၈၀ရာခိုင်နှုန်းကို ရရှိနေပြီပဲ ဖြစ်ပါတယ်။ ပြည်သူတွေ ကြားထဲမှာထက် လက်တွေ့သုံးစွဲသူတွေ ကြားထဲမှာ ပိုပြီး လူကြိုက်များ ရေပန်းစားနေတဲ့ အန်းဒရွိုက်အနေနဲ့ ပိုမိုပြီးတော့ စိတ်ချရအောင် လုပ်ဆောင်နိုင်ဖို့ အဆိုပါ ကြေညာချက်က သတိပေး ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ကြေညာချက်မှာ အန်းဒရွိုက် OSကို နောက်ဆုံးထွက် ဗားရှင်းအထိ Updateမလုပ်ထားဘူး ဆိုရင် ကြုံတွေ့ရမယ့် အန္တရာယ်(Threats)တွေကိုလည်း ဖော်ပြ ပေးထားပါတယ်။
အသုံးပြုသူ(User)ရဲ့ ခွင့်ပြုချက် မရဘဲ Messageတွေကို အလိုလျောက် ပို့နေတာ၊ Userရဲ့ တည်နေရာနဲ့ Passwordတွေကို မသိအောင် ရယူသွားတာ စတဲ့ လုပ်ဆောင်ချက် ပါ၀င်တဲ့ Virusတွေ၊ Rootkitsတွေဟာလည်း Out Of Dateဖြစ်နေတဲ့ အန်းဒရွိုက်ဗားရှင်းကို အသုံးပြုနေတဲ့သူတွေ ကြုံရနိုင်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ အခုနောက်ဆုံး ထွက်ရှိထားတဲ့ Jelly Beanလို့ အမည်ပေးထားတဲ့ အန်းဒရွိုက် ဗားရှင်း 4.3ကတော့ ပိုမိုလုံခြုံ စိတ်ချရတယ်လို့ ဆိုပါတယ်။ အဆိုပါ ဗားရှင်းမှာ အသုံးပြုသူ(User) အနေနဲ့ ဖုန်းမှာ ထည့်သွင်းထားတဲ့ Appတွေကို တစ်ခါတည်း Scanလုပ်နိုင်မယ့် Featureထည့်သွင်း ပေးထားတယ်လို့လည်း သိရှိရပါတယ်။