အရင်တုန်းက စမတ်ဖုန်း ၀ယ်နည်းလမ်းညွှန် အပိုင်း(၁)နဲ့ အပိုင်း(၂)ကို ရေးပေးခဲ့ပြီးပါပြီ။ ဒီဆောင်းပါးကလည်း စမတ်ဖုန်းတစ်လုံး ၀ယ်ရာမှာ ဖုန်းရဲ့ စွမ်းဆောင်ချက်ကို စစ်ဆေးနိုင်မယ့် စမတ်ဖုန်း ၀ယ်နည်းလမ်းညွှန်ချက် အပိုင်း(၃) ဖြစ်ပါတယ်။ ဒီနေ့ခေတ် စမတ်ဖုန်းများဟာ တစ်လုံးနဲ့ တစ်လုံး လွန်စွာ တူညီတဲ့အတွက် စွမ်းဆောင်ရည် ပိုမိုကောင်းတဲ့ဖုန်ုးကို ရွေးချယ်ဖို့ ခက်လှပါတယ်။ စမတ်ဖုန်းတွေရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာပေးနိုင်တဲ့ Android Benchmark Appတွေ ရှိပါတယ်။ Specification တူညီတဲ့ စမတ်ဖုန်းတွေမှာ ဘယ်ဖုန်းက စွမ်းဆောင်ရည် ပိုကောင်းလဲဆိုတာ စမ်းသပ်ပေးနိုင်ပါတယ်။
ဒီလို စမ်းသပ်ပေးနိုင်တဲ့ App များစွာ ရှိပြီး စွမ်းဆောင်ရည် အမျိုးမျိုးကို စမ်းသပ်ပေးနိုင်ပါတယ်။ စွမ်းဆောင်ရည် အလိုက် စမတ်ဖုန်းတွေကို အမှတ်တွေနဲ့ အဆင့်သတ်မှတ်ချက်တွေ ပြသပေးနိုင်ပါတယ်။ ဒီလို စမ်းသပ်ပေးနိုင်တဲ့ Appတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
Benchmark Appတွေက ဘာတွေလုပ်ပေးနိုင်သလဲ?
AnTuTu Benchmarkက Free App ဖြစ်ပြီး စမတ်ဖုန်းတွေကို နှိုင်းယှဉ်၀ယ်ယူဖို့ စမ်းသပ်ပေးနိုင်ပါတယ်။ ထိပ်တန်း စမတ်ဖုန်းတွေကိုလည်း အဆင့်တွေနဲ့ ပြသပေးထားတဲ့အတွက် ဘယ်ဖုန်းဟာ ဘယ်အဆင့်မှာ ရှိလဲဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Appက သင့်ဖုန်းရဲ့ Specsတွေကိုလည်း ဖော်ပြပေးထားပါတယ်။ အဲဒီအတွက် ဖုန်းရဲ့ Screen Resolutionကို အတိအကျ သိနိုင်သလို Processorကိုလည်း သိနိုင်ပါတယ်။
ဖုန်း၊ တက်ဘလက်များကို စမ်းသပ်ပြီးရင် အခြားဖုန်းများနဲ့ ယှဉ်ပြီး အဆင့်သတ်မှတ်ချက်ကို ပြပေးမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ သင့်ဖုန်းရဲ့ ဘယ်အပိုင်းဟာ ကောင်းမွန်လဲ၊ ဘယ်အပိုင်းဟာ အားနည်းလဲဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
AnTuTu App တစ်ခုထဲကို ယုံကြည်မှု မရှိရင် အခြား Appတွေလည်း ရှိပါသေးတယ်။ ဒီနေ့ခေတ် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများမှာ တပ်ဆင်ထားတဲ့ Processorများကို ထုတ်လုပ်ပေးနေတဲ့ Qualcommရဲ့ Vellamo Mobile Benchmarkကို အခမဲ့ အသုံးပြုနိုင်ပါတယ်။ Primate Labsရဲ့ Geekbench 3ကို အသုံးပြုရင် ၁.၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။
Appများက ကိန်းဂဏန်းများကို ဘယ်က ရရှိကြသလဲ?
Appများက သင့်ဖုန်းကို စမ်းသပ်မှုများစွာ ပြုလုပ်ပြီး ကိန်းဂဏန်းများ ရရှိကြတာ ဖြစ်ပါတယ်။
AnTuTu Appက Runtime, CPU Interger, CPU Float Performanceတို့ကို စမ်းသပ်ပေးမှာ ဖြစ်ပါတယ်။ ပြီးရင် RAM Performanceနဲ့ အမြန်နှုန်းကို စမ်းသပ်ပေးမှာပါ။ အဲဒီနောက်မှာ Multitask လုပ်နိုင်တဲ့ စွမ်းဆောင်ချက်ကို စမ်းသပ်မှာ ဖြစ်ပါတယ်။ ပြီးရင် Database I/O Performanceနဲ့ Storage I/O Performanceကို စမ်းသပ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ Graphics အပိုင်းကို နှစ်ပိုင်းခွဲပြီး စမ်းသပ်မှာ ဖြစ်ပြီး ဖုန်းဟာ တစ်စက္ကန့်လျှင် ဖရိမ်ဘယ်လောက်နှုန်းနဲ့ Run နိုင်လဲဆိုတာ စမ်းသပ်မှာပါ။ နောက်ဆုံးမှာတော့ သင့်ဖုန်းရဲ့ စွမ်းဆောင်ရည်ကို အမှတ်နဲ့ ပြသပေးမှာ ဖြစ်ပြီး အခြား စမတ်ဖုန်းများနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။
မှတ်သားစရာအချက်
Benchmark ရလဒ်တွေက လုံး၀ စိတ်ချယုံကြည်လို့ မရပါဘူး။ Galaxy Note 3ကို ပြီးခဲ့တဲ့နှစ်က ရောင်းချခဲ့ပါတယ်။ Note 3ကို Benchmark Appများနဲ့ စမ်းသပ်ရင် စွမ်းဆောင်ရည် ၂၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန်အောင် Samsungက ပြုလုပ်ထားတာကို Ars Technicaက တွေ့ရှိခဲ့ပါတယ်။
အဲဒီအတွက် အခြား စမတ်ဖုန်းထုတ်လုပ်သူတွေကလည်း Samsungလို ပြုလုပ်ကောင်းပြုလုပ်နိုင်ပါတယ်။ ကျွန်တော်တို့လို သာမာန် အသုံးပြုသူတွေကတော့ ဘယ်ရလဒ်တွေဟာ မှန်ကန်လဲ၊ ဘယ်ရလဒ်တွေဟာ မှန်ကန်မှု မရှိဘူးလဲ ဆိုတာ ခွဲခြား မရပါဘူး။ အဲဒီအတွက် စမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်ပြီးရင် အဲဒီရလဒ်ဟာ မှန်ကန်လားဆိုတာ အင်တာနက်မှာ ဆက်လက် စုံစမ်းသင့်ပါတယ်။
နိဂုံး
စမတ်ဖုန်းများရဲ့ စွမ်းဆောင်ရည်ကို Benchmark Appတွေနဲ့ စစ်ဆေးထားတဲ့ ရလဒ်တွေကို ယုံကြည်သူရော မယုံကြည်သူပါ ရှိကြပါတယ်။ စာဖတ်သူလည်း ယုံသင့်၊ မယုံသင့် စဉ်းစားနိုင်ပါတယ်။ Benchmark App များစွာနဲ့ စမ်းသပ်ရင်တော့ ယုံကြည်ရတဲ့ ရလဒ် ထွက်ပေါ်လာနိုင်ပြီး ရွေးချယ်စရာ ဖုန်းများစွာထဲမှ အနည်းငယ်ကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။