တောင်ကိုရီးယား၊ ကာကွယ်ရေး ဝန်ကြီးဌာနသည် စစ်ဘက်ဆိုင်ရာ ပေါက်ကြားမှုများကို ကာကွယ်ရန် ကြိုးပမ်းသည့်အနေဖြင့် ကင်မရာရိုက်ကူးမှုကဲ့သို့သော အဓိက လုပ်ဆောင်ချက်များကို ထိန်းချုပ်နိုင်သည့် စမတ်ဖုန်း ဆော့ဖ်ဝဲတစ်မျိုးကို ဝန်ထမ်းများ၏ ဖုန်းများတွင် တပ်ဆင်ကြရန် အမိန့်ထုတ်ထားကြောင်း ဇူလိုင်လ ၁၅ရက်နေ့က ပြောကြားခဲ့သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။
တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ ဝန်ထမ်း ၁၅၀၀သည် Mobile Management Deviceဟု အမည်ပေးထားသော ဆော့ဖ်ဝဲကို မတပ်ဆင်ပဲ စမတ်ဖုန်းများကို သယ်ဆောင်ခွင့် ပေးတော့မည် မဟုတ်ကြောင်း၊ ယင်း ဆော့ဖ်ဝဲသည် ကင်မရာ အသုံးပြုမှု၊ အသံဖမ်းယူမှုတို့ကို ထိန်းချုပ်သွားမည်ဖြစ်ပြီး စမတ်ဖုန်းများမှတစ်ဆင့် ပေါက်ကြားမှုများကို ကာကွယ်သွားမည့်အပြင် ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ထမ်းများ၏ ကိရိယာများကို ခိုးဝင်ခြင်းတို့မှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ်ကင်မင်ဆွတ်က ပြောကြားခဲ့သည်ဟု သိရသည်။ လောလောဆယ်တွင် ၎င်းဆော့ဖ်ဝဲသည် ကာကွယ်ရေး ဝန်ကြီးဌာနဝင်းအတွင်း၌သာ လုပ်ဆောင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် တောင်ကိုရီးယား စစ်သားအားလုံးကို ယင်းဆော့ဖ်ဝဲ တပ်ဆင်ရမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်ဟု ဆိုပါသည်။