စမတ်ဖုန်းတွေဟာ အစပိုင်းမှာတော့ စွမ်းဆောင်ရည်နိမ့်ပါးကြပြီး ဖုန်းပြောရုံသက်သက်သာ အသုံး၀င်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ စွမ်းဆောင်ရည်မြင့်တဲ့ အိတ်ဆောင်ကွန်ပြူတာ အသေးစားလေးတွေ ဖြစ်နေပါပြီ။ အဲဒီအတွက် စမတ်ဖုန်း ၀ယ်ယူတဲ့အခါမှာ စဉ်းစားစရာ အချက်တွေ အများအပြားရှိလာပါတယ်။ စမတ်ဖုန်း၀ယ်နည်းလမ်းညွှန် အပိုင်း (၁) မှာ Display, Processor, Storage , Battery တို့ကို ဘယ်လို ရွေးချယ် သုံးသပ် ၀ယ်ယူရမလဲဆိုတာ ရေးပေးခဲ့ပြီးပါပြီ။ အခုဆောင်းပါးမှာ ကျန်ရှိတဲ့ အရေးကြီးတဲ့အချက်တွေကို ရေးပေးလိုက်ပါတယ်။
ဒီဆောင်းပါးမှာလည်း အရင်ဆောင်းပါးမှာလို HTC One ကို ဥပမာအနေနဲ့ သုံးသပ်ဝေဖန် ပေးမှာ ဖြစ်ပါတယ်။
ကင်မရာ
စမတ်ဖုန်းတွေမှာ အဓိက ကင်မရာ ကို အနောက်ဘက်မှာ တပ်ဆင်ထားပြီး အရှေ့ဘက်မှာတော့ စွမ်းဆောင်ရည် သိပ်မကောင်းတဲ့ ကင်မရာ ကို တပ်ဆင်ထားတတ်ပါတယ်။ HTC One မှာ 4 Megapixel or 4MP Camera ကို အဓိက ကင်မရာ အနေနဲ့ အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ ဒီနေ့ခေတ် မှာ စွမ်းဆောင်ရည်မြင့် ပြိုင်ဖက် စမတ်ဖုန်းတွေမှာ 8 or 13 MP Camera ကို အဓိက အနေနဲ့ တပ်ဆင်ထားပါတယ်။ Nokia Lumia 1020 မှာ ဆိုရင် စွမ်းဆောင်ရည် အလွန်ကောင်းမွန်တဲ့ 41MP Camera ကို တပ်ဆင်ထားပါတယ်။ Megapixel Specs ဟာ ဘယ်လောက်ကြီးတဲ့ ဓာတ်ပုံ ကို ရိုက်ကူးမလဲဆိုတာနဲ့ ဓာတ်ပုံ ကို ဘယ်အနေအထားအထိ Zoom ဆွဲကြည့်ရင် မှုန်ဝါးသွားမလဲ ဆိုတာကို တိုင်းတာပေးတာဖြစ်ပါတယ်။
ကင်မရာ Specification နဲ့ ပတ်သက်တဲ့ အခြား အကြောင်းအရာတွေကတော့ ကင်မရာ ကို နားလည်တတ်ကျွမ်းတဲ့ သူတွေသာသိနိုင်မှာဖြစ်ပါတယ်။ ယျေဘုယျအားဖြင့် စွမ်းဆောင်ရည် အလယ်အလတ် ရှိတဲ့ဖုန်းတွေမှာ 5MP ၀န်းကျင် ကင်မရာတွေကို တပ်ဆင်ထားကြပြီး စွမ်းဆောင်ရည်မြင့်ဖုန်းတွေမှာ 13MP ၀န်းကျင် ကင်မရာတွေကို တပ်ဆင်ထားတတ်ကြပါတယ်။ Optical Image Stabilization နည်းပညာ ပါရှိတဲ့ဖုန်းတွေမှာ ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံ ၊ ဗီဒီယို တွေကို ရိုက်ကူးနိုင်ပါတယ်။ အပေါ်ကပုံမှာပါတဲ့ 1080p Full HD Video Recording ဆိုတာကတော့ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို ကွန်ပြူတာ နဲ့ တီဗီတွေမှာ Full HD အရည်အသွေးနဲ့ ကြည့်နိုင်တာ ကို ပြောတာဖြစ်ပါတယ်။
Network
စမတ်ဖုန်း ၀ယ်ယူတဲ့အခါမှာ GSM or CDMA ရွေးချယ်ရမှာ ဖြစ်ပါတယ်။ SIM Card ပေါ်မူတည်ပြီး ကိုက်ညီတဲ့ စမတ်ဖုန်း ကို ၀ယ်ယူရမယ်ဆိုတာ သိကြပါတယ်။ အမေရိကန် မှာ တော့ AT&T, T-Mobile တို့က GSM ကို အသုံးပြုကြပြီး Verizon , Sprint တို့က CDMA ကို အသုံးပြုကြပါတယ်။
အချို့ဖုန်းတွေမှာ CDMA ရော GSM ပါအသုံးပြုလို့ရအောင်ပြုလုပ်ပေးထားပါတယ်။ အဲဒီဖုန်းတွေမှာ CDMA ရော GSM ကိုပါ တစ်ပြိုင်နက် အသုံးပြုနိုင်တဲ့ Stand-by စွမ်းဆောင်ချက်ပါရှိပါတယ်။ စမတ်ဖုန်းအများစုက 3G ကို သာ အသုံးပြုနိုင်ပါတယ်။ အနောက်နိုင်ငံတွေမှာ ပိုမိုလျှင်မြန်တဲ့ 4G ကို Mobile Carrier တွေက ၀န်ဆောင်မှုပေးတဲ့အတွက် 4G စမတ်ဖုန်းတွေ ကို ရောင်းချပေးကြပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း 4G ကို ၀န်ဆောင်မှုပေးပြီဆိုရင် မိမိ၀ယ်ယူမယ့် စမတ်ဖုန်း ဟာ 4G ကို အသုံးပြုနိုင်မလားဆိုတာ စဉ်းစားရမှာ ဖြစ်ပါတယ်။
အခြား အကြောင်းအချက်များ
Bluetooth : စမတ်ဖုန်းတွေမှာ Bluetooth အသုံးပြုနိုင်ကြပါတယ်။ အဲဒီအတွက် စမတ်ဖုန်း အချင်းချင်း ချိတ်ဆက်နိုင်သလို စမတ်ဖုန်း နဲ့ Bluetooth Headset, Automobiles, Mobile Speakers, Game Controllers နဲ့ အခြား Device တွေကို ချိတ်ဆက်နိုင်ပါတယ်။ Bluetooth 3.0 က Device တော်တော်များများ နဲ့ ချိတ်ဆက်နိုင်ပေမယ့် အချို့ Device တွေနဲ့ ချိတ်ဆက်ဖို့ ဆိုရင် Bluetooth 4.0 လိုအပ်ပါတယ်။
GPS : စမတ်ဖုန်းတော်တော်များများမှာ GPS ပါရှိကြပါတယ်။ GPS ပါမှသာ တည်နေရာ နဲ့ လမ်းညွှန်မြေပုံတွေကို ကြည့်နိုင်မှာ ဖြစ်ပါတယ်။ အချို့ App တွေကလည်း GPS ကို အသုံးပြုကြပါတယ်။ GPS ပါတဲ့ဖုန်းတွေကို GPS Device တွေလို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Accelerometer/ Gyro Sensor : ဒီ Sensor တွေက စမတ်ဖုန်း ရဲ့ လှုပ်ရှားမှု ကို တိုင်းတာပေးနိုင်ပါတယ်။ ဖုန်းကို ဘယ်လိုပုံစံ ကိုင်တွယ်အသုံးပြုနေလဲဆိုတာကိုပါ တိုင်းတာသိရှိနိုင်ပါတယ်။ ဂိမ်းအများစုမှာ အဲဒီ Sensor တွေကို အသုံးပြုကြပါတယ်။ App တွေမှာလည်း အဲဒီ Sensor ကို အသုံးပြုကြပါတယ်။ ကားပြိုင်တဲ့ ဂိမ်းတွေမှာ ဆိုရင် ဖုန်း ကို စတီယာရင် အနေနဲ့ လှုပ်ရှားထိန်းချုပ်ပြီး ကစားနိုင်ပါတယ်။ Fitness App တွေက Sensor တွေကို အသုံးပြုပြီး ကိုယ်လက်လှုပ်ရှားမှု နဲ့ နှလုံးခုန်နှုန်း ကို တိုင်းတာပေးနိုင်ပါတယ်။
အနှစ်ချုပ်
စမတ်ဖုန်းတစ်လုံး ရဲ့ Specification တွေအားလုံး ကို ပြည့်စုံအောင်လေ့လာမယ်ဆိုရင် ဒီဆောင်းပါး က မလုံလောက်ပါဘူး။ ဒါပေမယ့် အရေးကြီးတဲ့ Specification တွေကို ရေးသားပေးထားတဲ့အတွက် ဒီဆောင်းပါးကို ဖတ်ပြီးရင် စမတ်ဖုန်း တစ်လုံး ကို ကောင်းမွန်စွာ သုံးသပ်ရွေးချယ် ၀ယ်ယူနိုင်ပါပြီ။