Apps, Featured, Gadgets, Mobile, Review

Facebookက ထုတ်လုပ်မယ့် Smartphone?

Facebookက ထုတ်လုပ်မယ့် Smartphone လေလား?

Facebookက စမတ်ဖုန်းတစ်လုံး တီထွင်နေတယ်ဆိုတဲ့ သတင်းတွေဟာ လွန်ခဲ့တဲ့ နှစ်များအတွင်းမှာ မကြာခဏ ထွက်ပေါ်ခဲ့ဖူးပါတယ်။ Facebookက စမတ်ဖုန်းဈေးကွက်ကို ၀င်ရောက်မယ်ဆိုတဲ့ သတင်းဟာ အလွန်ထူးဆန်းပြီး စိတ်၀င်စားစရာ ကောင်းနေပါတယ်။ အဲဒီအတွက် ဒီသတင်းဟာ တိကျမှုရှိလား၊ မရှိဘူးလားဆိုတာ ကျွန်တော်တို့ လေ့လာကြည့်ကြရအောင်။

TechCrunchက Facebookဟာ မိုဘိုင်းဖုန်း တစ်လုံး တီထွင်နေတယ်လို့ ၂၀၁၀ ခုနှစ်မှာ သတင်းပေးခဲ့ပါတယ်။ AllThingsDကလည်း လျှို့ဝှက်အမည် “Buffy”လို့ ပေးထားတဲ့ စမတ်ဖုန်းကို Facebookနဲ့ HTCတို့ ပူးပေါင်း ထုတ်လုပ်နေတယ်လို့ ၂၀၁၁ ခုနှစ်မှာ ဆိုထားပြန်ပါတယ်။ ကျွန်တော် အခု ဘာသာပြန် ရေးသားနေတဲ့ The New York Timesရဲ့ ဆောင်းပါးရှင် Nick Biltonကလည်း Facebookဟာ မိုဘိုင်းဖုန်းတစ်လုံး တီထွင်ဖို့ ရေကုန်ရေခမ်း ကြိုးစားနေတယ်လို့ ၂၀၁၂ ခုနှစ်ထဲမှာပဲ ရေးသားခဲ့ဖူးပါတယ်။

အဲဒီသတင်းတွေအရ Facebookဟာ မိုဘိုင်းဆော့ဝဲကို တီထွင်တဲ့နေရာမှာ ဆရာတစ်ဆူ ဖြစ်ပေမယ့်လည်း သူ့ရဲ့ အင်ဂျင်နီယာများဟာ Hardware တီထွင်ဖို့ အခက်တွေ့နေတာကို ပြသနေပါတယ်။

Social Networkမှာ အောင်မြင်နေတဲ့ Facebookဟာ စမတ်ဖုန်း တီထွင်ဖို့ ဖြစ်နိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး Facebookရဲ့ စမတ်ဖုန်းဈေးကွက်ကို ၀င်ရောက်ဖို့ အခက်အခဲများကို ဆောင်းပါးရှင် Nick Biltonက ၂၀၁၂ ခုနှစ်မှာ ရေးသားခဲ့ပါတယ်။ Hardwareနဲ့ Software Designerများကို ပူးပေါင်း အလုပ် လုပ်စေခြင်းဟာ ဆီနဲ့ ရေကို ရောနှောလိုက်သလို ပေါင်းစည်းမရ ဖြစ်တယ်လို့လည်း Nick Biltonက ရေးသားခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာ ထွက်ပေါ်လာတဲ့ Patentအရ Facebookဟာ ဆီနဲ့ရေကို ပေါင်းစည်းဖို့ လွန်စွာ အားထုတ်နေတယ်ဆိုတာကို တွေ့ရှိခဲ့ရပြန်ပါတယ်။ Patent Bolt ၀က်ဆိုက်က အဲဒီ Patentကို ဦးစွာ ဖောက်သည်ချခဲ့တာပါ။

အခုတစ်ခါမှာလည်း Facebook Smartphoneရဲ့ နမူနာပုံစံ ထွက်ပေါ်လာပြန်ပါပြီ။ ၂၀၁၁ ခုနှစ်ကတည်းက သူတို့ကြိုးစားတီထွင်နေတဲ့ စမတ်ဖုန်းကို စာဖတ်သူတို့ ပုံမှာ တွေ့မြင်နိုင်ပါတယ်။ Patent Boltက ရှာဖွေတွေ့ရှိမှုကို ဘလော့ဆောင်းပါးမှာ အခုလို ရှင်းပြထားပါတယ်။ “Facebookက သူတို့ စမတ်ဖုန်းရဲ့ ဒီဇိုင်းကို အခြားစမတ်ဖုန်းများနဲ့ လုံး၀ မတူစေဘဲ ထူးခြားဆန်းသစ်အောင် ပြုလုပ်နေတယ်ဆိုတာကို ရှင်းလင်းစွာ တွေ့မြင်ရပါတယ်။”

Facebookကတော့ အဲဒီသတင်းကို တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

Facebookရဲ့ စမတ်ဖုန်းက ဘာတွေထူးခြားလဲဆိုတာ လေ့လာကြည့်ရအောင်။ Facebook Phoneဟာ အခြားစမတ်ဖုန်းများလိုပဲ အရှေ့ဘက်မှာ မျက်နှာပြင်တပ်ဆင်ထားပေမယ့် ထူးခြားတာက ဘေးဘက်မှာ ထိတွေ့ အသုံးပြုနိုင်တဲ့ Touch Pad တပ်ဆင်ထားတာပါပဲ။ ဒီလို ဖုန်းမျိုးကို ဈေးကွက်ထဲမှာ ဘယ်သူမှ ထုတ်လုပ်ခြင်း မရှိသေးပါဘူး။

အခြား Patent တစ်ခုမှာတော့ ဘေးဘက်က Touch Pad နေရာမှာ ခလုတ် တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်မှာ ကြီးမားတဲ့ Touch Pad တပ်ဆင်ထားပါတယ်။ အဲဒီအတွက် ဖုန်းမျက်နှာပြင်က အရာတွေကို ဖုန်းရဲ့ ဘေးဘက် ဒါမှမဟုတ် အနောက်ဘက်က Touch Padကနေ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို အသုံးပြုရတာ အဆင်ပြေမလားဆိုတာ စာဖတ်သူ ဆင့်ပွား စဉ်းစားကြည့်ပါ။

Patent Boltက ဖုန်းဟာ ဘယ်လက်ချောင်းက Touch Padကို ထိတွေ့လဲဆိုတာကို သိနိုင်တဲ့ “Gesture Recognition Library”ကို အသုံးပြုမယ်လို့ ဆိုထားပါသေးတယ်။ အနောက်ဘက် မျက်နှာပြင်ရဲ့ အထက်နားကို ထိတွေ့ရင် အလုပ်တစ်ခု လုပ်ပေးမှာ ဖြစ်ပြီး အောက်နားကို ထိတွေ့ရင် မတူညီတဲ့ နောက်အလုပ်တစ်ခု လုပ်ပေးမှာပါ။

United States Patent and Trademark ရုံးမှာ မှတ်ပုံတင်ထားချက်အရ Facebookရဲ့ Patentဟာ အင်ဂျင်နီယာ ခေါင်းဆောင်ဖြစ်သူ Matthew Cahillက မှတ်ပုံတင်ထားတာပါ။ သူဟာ Quipမှာ အလုပ် လုပ်ဖို့ Facebookကနေ နှုတ်ထွက်သွားသူပါ။ (Quipကို Facebookရဲ့ အရင် နည်းပညာဌာနမှ အရာရှိဖြစ်သူ Bret Taylorက တည်ထောင်ထားတာဖြစ်ပါတယ်။ သူဟာ Facebook Smartphoneစီမံကိန်းမှာ ပါ၀င်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။)

Facebookဟာ အခု ထွက်ပေါ်လာတဲ့ Patent တစ်ခုထဲကိုပဲ မှတ်ပုံတင်ထားတာ မဟုတ်ပါဘူး။ Facebookဟာ မတူညီတဲ့ ဒီဇိုင်းမျိုးစုံနဲ့ Patentများစွာကို မှတ်ပုံတင်ထားတာပါ။ အဲဒီအတွက် Facebook Phoneဟာ ဘယ်လို ပုံစံနဲ့ ထွက်ပေါ်လာမလဲဆိုတာ ပိုပြီး စိတ်၀င်စားစရာ ကောင်းနေပြီပေါ့။

Facebookက ၂၀၁၁ ခုနှစ်မှာ မှတ်ပုံတင်ထားတဲ့ Patentအရ ကွေးကောက်မျက်နှာပြင်ကို အသုံးပြုထားတာ တွေ့ရပါတယ်။ Facebookက ကွေးကောက်မျက်နှာပြင်ကို အသုံးပြုထားတဲ့အတွက် ခလုတ်များ မတော်တဆနှိပ်မိတာ မဖြစ်တော့ဘူးလို့ မှတ်ချက်ပြုထားပါတယ်။ ဒါလည်း ဟုတ်တာပါပဲ။ စာဖတ်သူတို့ ဖုန်းတွေကို ဘောင်းဘီအိတ်လို ကြပ်တဲ့ အိတ်ကပ်ထဲ ထည့်ထားရင် မတော်တဆ ခလုတ်များ နှိပ်မိတဲ့ အဖြစ်မျိုး ကြုံတွေ့ရဖူးမှာပါ။ စာရေးသူတော့ အဲလို အဖြစ်မျိုး မကြာခဏ ကြုံတွေ့နေရပါတယ်။

နောက်ထပ် Patent တစ်ခုမှာ ဖုန်းမျက်နှာပြင်မှာ Scroll လုပ်ဖို့နဲ့ Home Screen ပြောင်းလဲ သုံးဖို့ ဘေးဘက်မှ Touchpadကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါကလည်း ဒီနေ့ခေတ် စမတ်ဖုန်းတွေမှာ လုံး၀ မတွေ့ရသေးတဲ့ ဒီဇိုင်း တစ်ခုပါပဲ။

Facebookက Facebook App တစ်ခု ဖြစ်ပြီး Android Softwareကို ပြုပြင်ထားတဲ့ Facebook Homeကို ပြီးခဲ့တဲ့ နှစ်က မိတ်ဆက်ခဲ့ပေမယ့် Mark Zuckerbergက စမတ်ဖုန်း ထုတ်လုပ်မယ်ဆိုတာကို ငြင်းဆန်ခဲ့ပါတယ်။

Wired Magazineမှ Steven Levyက မေးမြန်းတဲ့အခါမှာလည်း Companyရဲ့ စီမံကိန်းထဲမှာ ဖုန်းထုတ်လုပ်ဖို့ မပါဘူးလို့ Zuckerbergက ပြောခဲ့ပါတယ်။ Levyက Facebook Smartphoneဟာ ပုံပြင် တစ်ပုဒ်ပါလို့ မှတ်ချက်ပြုခဲ့ပါသေးတယ်။

“ကျွန်တော်တို့ဟာ လူသန်းတစ်ထောင်ကျော်ရှိတဲ့ Social Network တစ်ခုပါ။ iPhoneက လွဲပြီး ရောင်းအကောင်းဆုံး ဖုန်းဟာ အလုံးရေ (၁၀၂၀) သန်း ရောင်းချရပါတယ်။ ကျွန်တော်တို့က ဖုန်းထုတ်လုပ်မယ်ဆိုရင် ဖောက်သည်တွေရဲ့ (၁) ဒါမှမဟုတ် (၂) ရာခိုင်နှုန်းသာ ရရှိမှာ ဖြစ်ပါတယ်။ ဒါလောက်နဲ့တော့ အလုပ် မဖြစ်ပါဘူး။” လို့ Zuckerbergက ပြောခဲ့ဖူးပါတယ်။

အရင် ထွက်ပေါ်ခဲ့တဲ့ သတင်းတွေနဲ့ ၂၀၁၁ ခုနှစ်မှ Patentsများအရ Facebookဟာ စမတ်ဖုန်းတစ်လုံးကို တည်ဆောက်နေတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် Facebookကလည်း ငြင်းဆန်ထားမှုတွေ ရှိနေတဲ့အတွက် Facebook Smartphoneဟာ တကယ် ထွက်ပေါ်လာမလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *