News

ယာဉ်ထိန်းရဲပုံစံဖြင့် ကြော်ငြာ ကခုန် ရိုက်ကူးခြင်းအတွက် လိုအပ်ပါက ဆက်လက် ဖြေရှင်းသွားမည်

ပြီးခဲ့သည့် ဇူလိုင်လ ၁၃ရက်နေ့က ရန်ကုန်မြို့၊ ဆူးလေ ဘုရားလမ်းနှင့် အနော်ရထာလမ်းဆုံ မီးပွိုင့်တွင် Vicee ကြော်ငြာ ရိုက်ကူးခဲ့ရာ ယာဉ်ထိန်းရဲ တစ်ဦးအသွင် ဝတ်ဆင်၍ ကခုန်ရိုက်ကူးခဲ့သောကြောင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ ဂုဏ်သိက္ခာကျဆင်းစေသည်ဟုဆိုကာ ကျောက်တံတားရဲစခန်းတွင် တိုင်ကြားခဲ့ခြင်းအပေါ် ယင်းရိုက်ကူးမှုတွင် ပါဝင်ခဲ့သည့် သရုပ်ဆောင်၊ ဒါရိုက်တာနှင့် ကြော်ငြာကုမ္ပဏီတို့က ၎င်းတို့သည် ဖျော်ဖြေရေးတစ်ခု အသွင်ဖြင့်သာ ရိုက်ကူးခဲ့ခြင်း ဖြစ်သဖြင့် အဆင့်ဆင့် ဆက်လက် ဖြေရှင်းသွားရန် စီစဉ်ထားသည်ဟု သိရသည်။

ယင်းနေ့တွင်ပင် ကျောက်တံတား ရဲစခန်းက အဆိုပါ ကြော်ငြာအား ရိုက်ကူးသည့် ဒါရိုက်တာ ဇော်ကိုကို၊ Life & Danceအဖွဲ့မှ အကပညာရှင် မင်းမင်းထွန်း၊ Mango ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဒေါ်မေသက်ခိုင်တို့ကို ခေါ်ယူ မေးမြန်းခဲ့သည်။ “ကျွန်တော်တို့ကို ဇူလိုင်လ ၁၃ရက်မှာပဲ အဲဒီကြော်ငြာနဲ့ ပတ်သက်လို့ ခေါ်ယူမေးမြန်းခဲ့ပါတယ်။

ဒီကြော်ငြာကို ရိုက်ကူးဖြစ်ဖို့ကစပြီး တိုင်ပင်ကြစဉ်ကတည်းက လမ်းတွေ ဘယ်လောက် ပိတ်ပိတ် အပြုံးမပျက်ပဲ လမ်းရှင်းပေးတဲ့ ယာဉ်ထိန်းရဲ တစ်ယောက်ရှိတယ်။ သူ့ကို ခေါ်ယူ ရိုက်ကူးဖို့ကလည်း မဖြစ်နိုင်တဲ့အတွက် ကျွန်တော်က ယာဉ်ထိန်းရဲတစ်ယောက် ပုံစံ ဝတ်စား ဆင်ယင်ပြီး ပျော်ရွှင်စွာနဲ့ လမ်းရှင်းပေးနေတယ်။ Vicee ငုံဆေးပြား သောက်ပြီး စိတ်ကြည်လင်တက်ကြွစွာနဲ့ လမ်းရှင်းပေးရင်း ကခုန်နေတယ်။ အဲဒါကို တွေ့တဲ့ မော်ဒယ်လ်လေးယောက်ကပါ ကျွန်တော့်ဆီက Vicee တောင်းသောက်ပြီး လိုက်ပါကခုန်တယ်။ အဲဒီပုံစံလေး ရိုက်ကြတာပါ။ ကျွန်တော်က မိုက်ကယ်ဂျက်ဆင်ကတဲ့ ပုံစံမျိုးလိုက်ကနေကျဖြစ်တဲ့အတွက် ဒီကြော်ငြာမှာလည်း အဲဒီ ပုံစံလေး ထည့်ကဖြစ်သွားတာ။ တကယ်တမ်း ရိုက်ကူးတဲ့ ရည်ရွယ်ချက်ကတော့ ဖျော်ဖြေရေးတစ်ခုအသွင်ပဲ ရည်ရွယ်တာပါ။ ခွင့်တောင်းတဲ့ အပိုင်းတွေ ဘာတွေကတော့ ကျွန်တော် သေချာ နားမလည်ဘူး။ ယာဉ်ထိန်းရဲဝတ်စုံကလည်း Mango ကုမ္ပဏီကပဲ တာဝန်ယူပြီး ချုပ်ပေးခဲ့တာပါ။ ကျွန်တော်တို့ကို ခေါ်မေးတဲ့နေ့ကတည်းက ဒီအကြောင်းကို သေချာ ရှင်းပြခဲ့ပါတယ်။ မေးမြန်းပြီးတော့ ကောင်းကောင်းမွန်ပဲ ပြောဆို ဆက်ဆံပြီး ကျွန်တော်တို့ကို ပြန်လွှတ်လိုက်ပါတယ်”ဟု သရုပ်ဆောင် မင်းမင်းထွန်းက ရှင်းပြပါသည်။

ဒါရိုက်တာ ဇော်ကိုကိုကလည်း “လောလောဆယ်တော့ တရားစွဲဆိုမှု မရှိသေးပါဘူး။ ကျွန်တော်တို့ဘက်ကလည်း ဘာမှ အဆင်သင့် မဖြစ်သေးတဲ့အတွက် နောက်မှပဲ အသေးစိတ် ဖြေကြားချင်တယ်။ ရိုက်ကူးတဲ့ ပုံစံနဲ့ ရိုက်ကူးစဉ်က ရည်ရွယ်တာကိုတော့ သေချာ ရှင်းလင်း သွားမှာပါ”ဟု ပြောကြားသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဒါရိုက်တာ ဇော်ကိုကို၊ သရုပ်ဆောင် မင်းမင်းထွန်းနှင့် Mango ကုမ္ပဏီမှ တာဝန်ရှိသူများသည် ဇူလိုင်လ ၁၅ရက်နေ့တွင် ကျောက်တံတား ရဲစခန်းမှ တာဝန်ရှိသူများနှင့် ထပ်မံ တွေ့ဆုံညှိနှိုင်းလျက်ရှိပြီး တရားစွဲဆိုမှုနှင့် အရေးယူမှုများ မရှိသေးကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “ယာဉ်ထိန်းရဲပုံစံဖြင့် ကြော်ငြာ ကခုန် ရိုက်ကူးခြင်းအတွက် လိုအပ်ပါက ဆက်လက် ဖြေရှင်းသွားမည်

  1. Myo Thiha says:

    တာဝန်ရှိသူတွေကို တင်ပြပြီးတောင်းခံသင့်တယ်။ဒါမှ အဆင်ပြေစွာနဲ့ ကြော်ငြာရိုက်ကူးနိုင်မှာပေါ့။အခုတော့ အကောင်းမမြင်တတ်တဲ့ သူတွေအတွက်တော့ မျက်စိ စူးစရာဖြစ်လာတာပေါ့။

Leave a Reply

Your email address will not be published. Required fields are marked *