How-to

စမတ်ဖုန်း ၀ယ်နည်းလမ်းညွှန် အပိုင်း(၁)

စမတ်ဖုန်း တစ်လုံး၀ယ်မယ်ဆိုရင် ဘယ်လို စံနှုန်းတွေကို သင် ကြည့်ပြီး ၀ယ်ယူသလဲ? ဈေးနှုန်း နဲ့ စွမ်းဆောင်ချက်တွေကို အဓိက ကြည့်ပြီး ၀ယ်ယူမယ်လို့ ထင်ပါတယ်။ အဲဒါတွေအပြင် စမတ်ဖုန်း ရဲ့ Hardware Specification တွေကို လေ့လာပြီး ၀ယ်ယူသင့်ပါတယ်။ အဲဒီ Specification တွေကို ဘယ်လို စံနှုန်း တွေနဲ့ တိုင်းတာ ၀ယ်ယူရမလဲ ဆိုတာ ကို အောက်မှာ ဆက်လက်လေ့လာပါ။

စမတ်ဖုန်း ရဲ့ Specifications

စမတ်ဖုန်း ရဲ့ Specifications တွေကို ဖတ်ကြည့်ဖို့ အတွက် HTC One ရဲ့ Hardware Specification ကို ဥပမာ အနေနဲ့ ဖတ်ကြည့်ပါ။

၁

ပုံမှာ မြင်တွေ့ရတဲ့ Specs တွေက ဖုန်းတစ်လုံး ရဲ့ အဓိက Specs တွေဖြစ်ပါတယ်။ HTC One ဟာ ၁၃၇.၄ မီလီမီတာ အရှည် ၊ ၆၈.၂ မီလီမီတာ အကျယ် နဲ့ ၉.၃၃ မီလီမီတာ အထူ ရှိပါတယ်။ ဒါက ဖုန်းရဲ့ အရွယ်အစားဖြစ်ပြီး Display ရဲ့ အရွယ်အစား ကို ခွဲခြား ဖော်ပြလေ့ရှိပါတယ်။ Display , CPU, Memory, Battery တွေက လည်း အရေးကြီးတဲ့ Specs တွေဖြစ်ပြီး ဘယ်လို တိုင်းတာ ၀ယ်ယူရမလဲဆိုတာ အောက်မှာ ဆက်ဖတ်ပါ။

Display

HTC One ရဲ့ Display အရွယ်အစား ဟာ ၄.၇ လက်မ ဖြစ်ပါတယ်။ ၄.၇ လက်မဆိုရာမှာ ထောင့်ဖြတ်တိုင်းတာထားတာဖြစ်ပါတယ်။ Resolution က 1080p ဖြစ်ပြီး 1920×1080 Resolution လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒီနေ့ခေတ် တီဗီ တွေမှာ အသုံးပြုနေတဲ့ Display စံနှုန်း တစ်ခုဖြစ်ပါတယ်။ Resolution တူညီပေမယ့် ဖုန်းရဲ့ Display ဟာ တီဗီ ထက်သေးငယ်တာကြောင့် ဖုန်းရဲ့ Pixel သိပ်သည်းဆ ဟာ တီဗီ ထက်ပိုမိုများပြားပြီး ဖုန်းရဲ့ ရုပ်ထွက် ဟာ တီဗီ ထက် ပိုမိုကြည်လင်ပြတ်သားပါတယ်။ 1080p ငါးလက်မ ဖုန်း ဟာ 1080p ၂၄ လက်မ ကွန်ပြူတာ ထက် ပိုမို ကြည်လင်ပါတယ်။ 1080p ၂၄ လက်မ ကွန်ပြူတာ ဟာ 1080p ၆၀ လက်မ တီဗီ ထက် ပိုမို ကြည်လင်ပြတ်သားပါတယ်။ Display ရဲ့ စွမ်းဆောင်ရည် ကို အလွယ်ဆုံးတိုင်းတာ နိုင်မယ့် နည်းက PPI( Pixels Per Inch) လို့ ခေါ်တဲ့ တစ်လက်မတွင် ရှိသော Pixel သိပ်သည်းဆ နဲ့ တိုင်းတာတာဖြစ်ပါတယ်။ HTC One ရဲ့ Pixel သိပ်သည်းဆ က ၄၆၈ ဖြစ်ပြီး ထွက်ရှိပြီးသမျှ စမတ်ဖုန်းအားလုံးထက် ကောင်းမွန်တယ်လို့ပြောလို့ရပါတယ်။ စွမ်းဆောင်ရည် အလယ်အလတ် ဖုန်းတွေ မှာ Pixel သိပ်သည်းဆ ၂၀၀ ကျော် ပါရှိကြပါတယ်။ စွမ်းဆောင်ရည်မြင့် ဖုန်းတွေမှာ တော့ ၃၀၀ ကျော် နဲ့ ၄၀၀ ကျော် ပါရှိကြပါတယ်။ စွမ်းဆောင်ရည်နိမ့်ဖုန်းတွေမှာတော့ ၁၀၀ ကျော်လောက်သာပါရှိကြပါတယ်။

စွမ်းဆောင်ရည် နဲ့ လျှင်မြန်မှု

CPU (Central Processing Unit) ဟာ ဖုန်းတစ်လုံး ရဲ့ အဓိက အစိတ်အပိုင်းဖြစ်ပါတယ်။ HTC One မှာ Qualcomm Snapdragon 600, Quad-Core , 1.7GHz Processor တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon 600 က နာမည်ဖြစ်ပြီး HTC One ထွက်ရှိတဲ့အချိန်မှာတော့ နောက်ဆုံးထုတ် စွမ်းဆောင်ရည်မြင့် Processor ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ စွမ်းဆောင်ရည် အကောင်းဆုံး Processor မဟုတ်တော့ပါဘူး။ HTC One ရဲ့ မျိုးဆက်မှာ Qualcomm Snapdragon 801 Processor ကို အသုံးပြုထားမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

Snapdragon 600 နဲ့ Snapdragon 801 တို့နှစ်ခုစလုံး ဟာ Quad-Core Processor တွေဖြစ်ပါတယ်။ Chip တစ်ခုထဲမှာ Core လေးလုံး တပ်ဆင်ထားတာကို ဆိုလိုပါတယ်။ ကွာခြားချက်က Snapdragon 600 ရဲ့ အလုပ်လုပ်နှုန်း က 1.7GHz ဖြစ်ပြီး Snapdragon 801 ရဲ့ အလုပ်လုပ်နှုန်း က 2.3GHz ဖြစ်ပါတယ်။ အဲဒီအတွက် Snapdragon 801 ဟာ ဂိမ်းတွေ၊ ဓာတ်ပုံပြင်တဲ့ App တွေလို စွမ်းအင်အသုံးပြုမှုများ တဲ့ ဆော့ဝဲတွေကို ပိုမိုကောင်းမွန်စွာ မောင်းနှင်ပေးနိုင်ပါတယ်။

RAM ကလည်း လျှင်မြန်မှု ကို တိုင်းတာရာမှာ အရေးကြီးပါတယ်။ HTC One မှာ 2GB RAM ပါရှိပြီး လျှင်မြန်စွာ အလုပ်လုပ်ပေးနိုင်ပါတယ်။ 3GB ပါတဲ့စမတ်ဖုန်း မှာ ဆိုရင်ပိုမိုလျှင်မြန်စွာ အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။ 1GB သာပါရင်တော့ နှေးကွေးမှုတွေ ၊ လေးလံမှုတွေကို တွေ့ကြုံရမှာဖြစ်ပါတယ်။ 512MB သာပါရင်တော့ အလွန်နှေးကွေးမှာ ဖြစ်ပါတယ်။

Storage

Storage ကလည်း ဖုန်း၀ယ်ရင်စဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။ Apps များစွာ ထည့်သွင်းအသုံးပြုချင်လားဆိုတဲ့ အပေါ်မူတည် စဉ်းစားသင့်ပါတယ်။ တစ်ခုသတိထားရမှာက 16GB ပါတဲ့ဖုန်းမှာ အသုံးပြုသူအတွက် 12GB လောက်ပဲကျန်ရှိပါတယ်။ ဖုန်းထုတ်လုပ်သူတွေက သူတို့ဖုန်းတွေမှာ App တွေ ကြိုတင်ထည့်သွင်းပေးထားကြပါတယ်။ အဲဒီ App တွေကို Bloatware တွေလို့လည်းခေါ်ကြပါတယ်။ အဲဒီ App တွေက Storage မှာ နေရာယူထားကြပါတယ်။ Bloatware တွေများလေ ဖုန်းမှာ နေရာလွတ်ကျန်တာနည်းလေ ဖြစ်ပါတယ်။ 32GB ဖုန်းမှာ 28GB လောက်သာ တစ်ကယ် ကျန်ရှိတတ်ပါတယ်။ ဖုန်း၀ယ်မယ်ဆိုရင် Settings ထဲက Storage မှာ ကျန်ရှိတဲ့ Storage ကို ကြည့်ရှု၀ယ်ယူသင့်ပါတယ်။ Nexus လို အချို့ဖုန်းတွေမှာ SD Card Slot မပါရှိကြပါဘူး။ ဖုန်း၀ယ်ရင် SD Card Slot ပါမပါ ဂရုပြုသင့်ပါတယ်။

ဘက်ထရီ သက်တမ်း

HTC One မှာ 2300mAh Battery တပ်ဆင်ထားပါတယ်။ ယျေဘုယျအားဖြင့် 2300mAh Battery ဟာ သူ့ထက်သေးငယ်တဲ့ ဘက်ထရီ ထက် ကြာရှည်အသုံးခံပါတယ်။ ဒါပေမယ့် အခြားထည့်သွင်းစဉ်းစားစရာတွေရှိပါတယ်။ 1500mAh Battery ဟာ 2300mAh Battery ထက် နှစ်ဆပိုမို အသုံးခံတဲ့ အခြေအနေတွေ ရှိပါတယ်။ Processor သေးငယ်တာ ၊ Resolution နည်းတဲ့ Display တပ်ဆင်ထားတာ တွေက ဖုန်းရဲ့ ဘက်ထရီ ကို သက်တမ်းကြာရှည်စေပါတယ်။ Specs မြင့်မားလေ စွမ်းအင်ပိုမိုလိုအပ်လေ ဖြစ်ပြီး ဘက်ထရီ အကုန်မြန်လေဖြစ်ပါတယ်။

ဖော်ပြထားတဲ့ Specs တွေဟာ ဖုန်းတစ်လုံး ရဲ့ စွမ်းဆောင်ရည် နဲ့ လျှင်မြန်မှု ကို တိုင်းတာပေးနိုင်တဲ့ အဓိက Specs တွေဖြစ်ပါတယ်။ App Store မှာ ရှိတဲ့ App အားလုံးကို Run ပေးနိုင်တဲ့ ဖုန်းကို လိုချင်ရင် Specs မြင့်မားတာကို ရွေးချယ်ပါ။ စွမ်းဆောင်ရည်မြင့်လေ ဘက်ထရီ အကုန်မြန်လေဖြစ်ပါတယ်။ နောက်ပိုင်းထုတ် စွမ်းဆောင်ရည်မြင့်ဖုန်းတွေမှာ တော့ ကြီးမားတဲ့ ဘက်ထရီ တွေ ထည့်သွင်းပေးထားကြပါတယ်။

ဒီနေ့ခေတ် စမတ်ဖုန်းတွေ ဟာ ရှုပ်ထွေးဆန်းကြယ်လာကြပါတယ်။ ကင်မရာ အရွယ်အစား ၊ အထောက်အပံ့ပေးတဲ့ Network Bands အပြင် Gyroscope , Sensor တွေပါ ပါရှိလာကြပါတယ်။ စမတ်ဖုန်း ၀ယ်နည်းလမ်းညွှန် အပိုင်း (၂) ကို ဆက်လက်ရေးသားပေးပါအုံးမယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *