Review

iPhone အသစ်တွေ ၀ယ်သင့်၊ မ၀ယ်သင့်? iOS 7ကို မြှင့်သင့်၊ မမြှင့်သင့်?

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ရက်နေ့က ကမ္ဘာကျော် နည်းပညာကုမ္ပဏီ Appleဟာ ၎င်းတို့ရဲ့ iPhoneအသစ် နှစ်မျိုးနဲ့ OSအသစ် ဖြစ်တဲ့ iOS 7ကို မိတ်ဆက်ကြေညာတဲ့ပွဲ ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲ ကျင်းပနေစဉ်မှာ မြန်မာအိုင်စီတီ Websiteကလည်း မြန်မာဘာသာနဲ့ တိုက်ရိုက်တင်ဆက်တဲ့ အစီအစဉ်လေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အခုအခါ iPhone 5S, iPhone 5Cနဲ့ ပတ်သက်တဲ့ သတင်းတွေ အများအပြားပဲ ထွက်ရှိနေတဲ့နောက် သင့်အနေနဲ့ iPhoneအသစ်တွေကို ၀ယ်ယူသင့်သလား ဆိုတာနဲ့ iOS 7ကို Upgradeလုပ်သင့် ပြီလားဆိုတာတွေကို ပုံတွေ၊ သုံးသပ်ချက်တွေနဲ့ တင်ဆက်ပေးလိုက် ပါတယ်။

iPhone 5C

၀ယ်ယူသင့်လား?

iPhoneအသစ် ၂မျိုးထဲက iPhone 5Cအကြောင်း အရင်ပြောပါမယ်။ အဆိုပါ စမတ်ဖုန်းဟာ Hardwareပိုင်းမှာ လက်ရှိiPhone 5နဲ့ အတူတူပဲ ဖြစ်ပြီးတော့ ဈေးနှုန်းလည်း iPhone 5Sထက် အနည်းငယ် သက်သာပါတယ်။ ကြေညာထားချက်တွေ အရ iPhone 5Cရဲ့ Official Unlockedဈေးနှုန်းဟာ 16GBကို ၅၄၉ဒေါ်လာနဲ့ 32GBကို ၆၄၉ဒေါ်လာ ဖြစ်တယ်လို့ သိရပါတယ်။ ပလတ်စတစ် ကိုယ်ထည်နဲ့ ထုတ်လုပ်ထားကာ အဝါ၊ အစိမ်း၊ အနီ၊ အပြာနဲ့ အဖြူ ဆိုပြီး ကာလာစုံ ၅မျိုး စီစဉ်ပေးထားခြင်းဟာ Appleပရိသတ်တွေထဲက ရောင်စုံ ကြိုက်နှစ်သက်တဲ့ လူငယ်၊ လူရွယ်၊ လူကြီးတွေ ၀ယ်ယူသင့်တဲ့ iPhoneပဲ ဖြစ်ပါတယ်။

ပလတ်စတစ်ကိုယ်ထည် ဆိုပေမယ့် Apple ၏ စံနှုန်းအတိုင်း အရည်အသွေးမြင့်မား ကောင်းမွန်စွာ တည်ဆောက်ထားတာ ဖြစ်လို့ ဈေးနှုန်းလည်း လူအများ ခန့်မှန်းထားတာထက် ပိုနေရခြင်း ဖြစ်ပါတယ်။ အဆိုပါ iPhone 5Cမှာ အသစ်ထွက် iOS 7ကို အသုံးပြု မောင်းနှင်မှာ ဖြစ်ပြီး ၄လက်မအရွယ် Retina Display တပ်ဆင်ထားပါတယ်။ လက်ရှိ iPhone 5လိုပဲ A6 Processor သုံးထားတာ ဖြစ်လို့ iPhone 5 မရောင်းချတော့တဲ့ အချိန်မှာ ရောင်စုံနှစ်သက်တဲ့၊ ဈေးသက်သာတာကို သဘောကျတဲ့ ပရိသတ်တွေအတွက် Appleက စီစဉ်ထုတ်လုပ် ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ကြိုတင်အော်ဒါမှာယူမှုကိုတော့ စက်တင်ဘာ ၁၅ရက်နေ့မှာ စတင်နိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံနဲ့ အနီးဆုံးဆိုရင် စင်္ကာပူနိုင်ငံမှာ လာမယ့်စက်တင်ဘာ ၂၀ရက်နေ့မှာ စတင်၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

မ၀ယ်သင့်ဘူးလား?

အဆိုပါ iPhone 5Cဟာ လက်ရှိ iPhone 5နဲ့ အတူတူပဲ ဖြစ်ပြီး ရောင်စုံပလတ်စတစ် ကိုယ်ထည်သာ ကွာခြားသွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် iPhone 5ရှိပြီးသား ပိုင်ရှင်တွေကတော့ ပေါ့ပါးလှပပြီး ကာလာစုံကြိုက်မှသာ iPhone 5Cကို ၀ယ်သင့်တယ်လို့ အကြံပေးပါရစေ။ ဒါ့အပြင် နောက်တစ်ချက် စဉ်းစားရမှာက iPhone 5Cကို ၀ယ်မယ့်အစား ငွေကြေးတတ်နိုင်ရင် iPhone 5Sကိုသာ ၀ယ်သင့်ပါတယ်။ Hardwareပိုင်း ကွာတဲ့အပြင် ဒီဇိုင်းပုံစံ၊ အရောင်အသွေးကလည်း ပိုမိုတည်ငြိမ်တဲ့ iPhone 5Sဟာ iPhone 5Cထက် ဈေးနှုန်းအနည်းငယ် ပိုပေမယ့် ကောင်းမွန်တဲ့အချက်တွေ အများကြီး ရှိတာကြောင့် iPhoneအသစ်ကို မျှော်လင့်နေတဲ့ Appleပရိသတ်တွေ ၀ယ်ယူသင့်ပါတယ်။

iPhone 5S

၀ယ်ယူသင့်လား?

နာမည်ကြီးနေတဲ့ iPhone 5Sကတော့ လက်ရှိသုံးစွဲနေကြတဲ့ A6 Procesosorထက် နှစ်ဆမြန်ဆန်တဲ့ A7 64-bit Processorကို တပ်ဆင် သုံးစွဲသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လှုပ်ရှားမှုတွေ၊ ပုံရိပ်တွေမှာ ပိုမိုကောင်းမွန်တဲ့ Performanceတွေ ဖန်တီးပေးနိုင်ဖို့ M7ဆိုတဲ့ Co-Processorကိုလည်း ထည့်သွင်းပေးလိုက်တာဟာ ထူးခြားချက် တစ်ခုပါ။ မျက်နှာပြင်ကတော့ ၄လက်မအရွယ် Retina Displayပဲ ဖြစ်ကာ 326ppi (Pixel Per Inch)ဖန်တီး ပေးထားပါတယ်။ နောက်ပြီး Home Buttonမှာ Touch IDစနစ်တစ်ခု ဖြစ်တဲ့ Finger Print ထည့်သွင်း ပေးလိုက်ခြင်းဟာ iPhone 5Sကို ကမ္ဘာပေါ်မှာ ပထမဦးဆုံး Finger Print ပါ၀င်တဲ့ စမတ်ဖုန်း ဖြစ်လာစေပါတယ်။

နောက်ထပ် ထူးခြားချက်တစ်ခုကတော့ 5Sမှာ ကင်မရာကို အထူးကောင်းမွန်အောင် ဖန်တီးပေးထားတာပါပဲ။ ကင်မရာမှာ True Tone Flashဆိုတဲ့ အမှောင်ထဲမှာတောင် ပုံရိပ်တွေကို ကောင်းကောင်း ရိုက်ကူးနိုင်မယ့် စနစ်အသစ်တစ်ခု ထည့်သွင်းထားပါတယ်။ ဒါ့အပြင် Slow-Motion Modeနဲ့ Slowmotion VFXကို Built-Inစီစဉ် ပေးထားပါသေးတယ်။ ရွှေရောင်၊ ငွေရောင်နဲ့ မီးခိုးရောင်ဆိုပြီး ကာလာသုံးမျိုး စီစဉ်ပေးထားကာ စက်တင်ဘာ ၂၀ရက်နေ့မှ စတင်အော်ဒါမှာယူနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ iPhone 5Sရဲ့ ကြေညာထားတဲ့ Official Unlocked ဈေးနှုန်း တွေကတော့ 16GBကို ၆၄၉ဒေါ်လာ၊ 32GBကို ၇၄၉ဒေါ်လာနဲ့ 64GBကို ၈၄၉ဒေါ်လာ အသီးသီး ဖြစ်ပါတယ်။

Hardwareပိုင်း အဆင့်မြင့်ပြီး ရွှေရောင် နှစ်သက်တဲ့ လူတွေ အထူးနှစ်ခြိုက်ကြမယ့် iPhoneအသစ် တစ်လုံးဖြစ်ပါတယ်။ အားလုံးမျှော်လင့်ထားတဲ့ Batteryပိုင်းကတော့ သိပ်ပြီး မပြောင်းလဲသွားပါဘူး။ 3Gကွန်ရက်နဲ့ အင်တာနက် သုံးစွဲမှုအတွက် ၈နာရီပဲ အသုံးကာ ဖုန်းပြောဆိုမှုအတွက် ၁၀နာရီ အသုံးခံမယ်လို့ သိရပါတယ်။ ဒါပေမယ့် 4Gကွန်ရက်နဲ့ Wi-Fiကွန်ရက်မှာ အင်တာနက် အသုံးပြုမှု အတွက်ကတော့ ၁၀နာရီစီ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ ရုပ်ရှင်တွေ၊ MTVတွေ ကြည့်ဖို့ အတွက်လည်း ၁၀နာရီသုံးနိုင်မှာ ဖြစ်ပြီး သီချင်းနားထောင်ရင်တော့ နာရီ ၄၀ နားဆင်နိုင်မယ်လို့ သိရပါတယ်။ ဘာမှမလုပ်ပဲ Stand-By ထားရင်တော့ နာရီပေါင်း ၂၅၀လောက် ထားရှိနိုင်မှာပဲ ဖြစ်ပါတယ်။

မ၀ယ်သင့်ဘူးလား?

Appleရဲ့ အမာခံ ပရိသတ်တွေကတော့ iPhone 5Sပဲ ၀ယ်ယူကြလိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။ ဒီလောက်ကောင်းမွန်တဲ့ အချက်အလက်တွေနဲ့ အတူ iPhone 5Sဟာလည်း ၀ယ်ယူသင့်ရဲ့ iPhoneအသစ် တစ်လုံး ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ၎င်းမှာ ပါ၀င်လာတဲ့ Fingerprintဟာ ဖုန်းတွင်းမှာသာ သိမ်းထားနိုင်ပြီး iCloudပေါ်ကို Backupလုပ်လို့ ရမှာ မဟုတ်ဘူးလို့ Appleက အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဖုန်းပျောက်သွားခဲ့ရင်တော့ သင့်ရဲ့ လက်ဗွေလည်း ဖုန်းထဲမှာ တစ်ခါတည်း ပါသွားမှာ ဖြစ်တာကြောင့် စိတ်မချရဘူးလို့ ယူဆနိုင်ပါတယ်။

iOS 7ကို Upgrade လုပ်သင့်ပြီလား?

iOS 7ရဲ့ အထင်ရှားဆုံး တိုးတက်ပြောင်းလဲသွားမှုကတော့ UI (User Interface)ပါပဲ။ အဆိုပါ iOS 7ရဲ့ Screenshotတွေကို ရှင်းလင်းချက်တွေနဲ့ မြန်မာအိုင်စီတီမှ ရေးသားတင်ဆက် ထားမှုကို ဒီနေရာမှာကြည့်ရှုနိုင်ပါတယ်။ စက်တင်ဘာ ၁၈ရက်နေ့မှာ Freeသတ်မှတ် ပေးပြီး သင့်ရဲ့ iPad, iPhoneတွေမှာ တရား၀င် သုံးစွဲလို့ရတော့မှာ ဖြစ်ပါတယ်။ Interfaceတွေ ပြောင်းလဲသွားရုံမက အဆိုပါ iOS 7မှာ Ringtoneအသစ်တွေ၊ Wallpaperအသစ်တွေ ထည့်သွင်းပေးထားပြီး iDeviceတွေ အချင်းချင်း Dataတွေ Shareလို့ ရတဲ့ AirDrop ဆိုတဲ့ Featureအသစ်လည်း ပါ၀င်ပါတယ်။ iOS 7မှာ Camera Appလည်း ပြောင်းလဲသွားပြီး ဓာတ်ပုံတွေကို Instagramမှာလိုမျိုး Filterတွေ ထည့်သွင်းကာ ပြုပြင်နိုင်မှာ ဖြစ်ပါတယ်။

မလာစေချင်တဲ့ ဖုန်းနံပါတ်တွေကိုလည်း Blockလုပ်ထားနိုင်ပြီး App iconsများ အဖွင့်အပိတ်နဲ့အတူ Safari Browserမှာလည်း 3D Animation အရသာကို ခံစားနိုင်စေရန် စီစဉ်ပေးထားပါတယ်။ ထူးခြားချက်တစ်ခုကတော့ Control Center ပါ၀င်လာခြင်းပါပဲ။ Screenရဲ့ အောက်ခြေကနေ အပေါ်ကို တွန်းတင်လိုက်ရင် Control Centre အသစ်ကို မြင်တွေ့ရမှာပါ။ အဆိုပါ နေရာမှာ Airplane Mode, Wi-Fi, Bluetooth, Brightnessနဲ့ Screen Rotate စတာတွေကို Control လုပ်နိုင်မယ့်အပြင် ဓာတ်မီး၊ ကင်မရာ စတာတွေကို အလွယ်တကူ အသုံးပြုနိုင်ကာ သီချင်းအဖွင့်၊ အပိတ်တွေကိုလည်း တစ်နေရာထဲမှာတင် လွယ်လွယ် ကူကူလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ iPhoneတွေသာမက iPadတွေမှာလည်း အဆိုပါ OSအသစ် iOS 7ကို ထည့်သွင်း သုံးစွဲ နိုင်မှာ ဖြစ်ပါတယ်။

 iOS 7ကို Upgrade မလုပ်သင့်သေးဘူးလား?

ဒါပေမယ့် အဆိုပါ iOS 7မှာ မြန်မာစာစနစ်တွေ ဖြစ်တဲ့ Zawgyiနဲ့ Unicode အသုံးမပြုနိုင်သေးသလို Jailbreakလည်း လုပ်လို့ မရသေးပါဘူး။ ဒါ့အပြင် အဆိုပါ iOS 7မှာ အသစ်ပါ၀င် လာတဲ့ Control Centreမှာ 3Gအင်တာနက် စနစ်အတွက် အဖွင့်အပိတ် ခလုတ် မပါ၀င်လာခြင်းဟာ သတိပြုစရာပါ။ အဲဒီလို မပါ၀င်တဲ့အတွက် တစ်မိနစ်ကို နှစ်ကျပ်(သို့)လေးကျပ် ပေးနေရတဲ့ မြန်မာပြည် မိုဘိုင်းအင်တာနက် စနစ်မှာ အလွယ်တကူ ဖွင့်/ပိတ် လုပ်လို့ရမှာ မဟုတ်ပါဘူး။ နောက်တစ်ချက်က iOS 7ဟာ Androidနဲ့ ဆင်တူနေတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့လည်း ကြုံနေရပါတယ်။

အရာရာတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲနေတာမို့လို့ Apple ပရိသတ်တွေ လေ့လာဆန်းစစ်နိုင်ရန် မြန်မာအိုင်စီတီမှ စုစည်းတင်ဆက် ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒါလေးကို ဖတ်ရှုပြီး သင့်အနေနဲ့ အထောက်အကူပြုတယ် ဆိုရင် ကျွန်တော်တို့ရဲ့ ဆောင်းပါးကို အခြားသူတွေကိုလည်း ဝေမျှပေးလိုက်ပါဦး။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

One thought on “iPhone အသစ်တွေ ၀ယ်သင့်၊ မ၀ယ်သင့်? iOS 7ကို မြှင့်သင့်၊ မမြှင့်သင့်?

  1. thanks for the pros and cons of iOS and idevices

Leave a Reply

Your email address will not be published. Required fields are marked *