ရန်ကုန် အေ၀းသင်တက္ကသိုလ်၊ ဥပဒေရေးရာဋ္ဌာနက Onlineမှ တစ်ဆင့် ဥပဒေ ဒီပလိုမာ သင်တန်းကို ၂၀၁၂ခုနှစ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ “၂၀၁၂ခုနှစ်က စပြီး Onlineက တစ်ဆင့် ဥပဒေ ဒီပလိုမာ သင်တန်းကို စတင် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ ဒီပလိုမာ သင်တန်းကို Semesterနှစ်ခု ခွဲထားပြီး Semesterတစ်ခုကို ငါးလသတ်မှတ်ကာ First Semesterမှာ ဘာသာရပ် ငါးခုသင်ကြားပြီး ဘာသာရပ်တစ်ခုလျှင် ဥပဒေပညာရပ်နှစ်ခု သင်ကြားရန် ပြဋ္ဌာန်း ထားပါတယ်။ Second Semesterမှာလည်း ဥပဒေပညာရပ် လေးခု ပြဋ္ဌာန်း သင်ကြားပေးပြီး အဲဒီအနက် ဥပဒေ ဘာသာရပ်တစ်ခုကို Term Paperပြုစု တင်ပြရပါတယ်”ဟု ရန်ကုန် အေ၀းသင်တက္ကသိုလ်၊ ဥပဒေရေးရာဋ္ဌာန ပါမောက္ခ ဒေါက်တာ ဒေါ်မမလေးက ပြောကြားခဲ့ပါသည်။
စာမေးပွဲဖြေဆိုရာ၌ ရုံးချိန် ပြင်ပဖြေဆိုလိုသူများ အတွက် ပိုမိုအဆင်ပြေ စေရန် နံနက် ၆နာရီမှ ညနေ ၆နာရီအထိ သတ်မှတ် ပေးထားကြောင်း၊ ယခုနှစ်တွင် ဒုတိယအသုတ် ဒီပလိုမာ သင်တန်း First Semester ဖြေဆိုသူ အယောက် ၁၀၀ကျော် ရှိပြီး ပထမအသုတ် ဒီပလိုမာ သင်တန်း Second Semesterဖြေဆိုသူ ၅၄ဦး ရှိကြောင်း၊ ဖြေဆိုပြီး ရက်ပိုင်းအတွင်း စာမေးပွဲ ရလဒ်များကို အွန်လိုင်း၌ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း၊ အဆိုပါ ဥပဒေ Diplomaကို www.yude-online.com.mm မှ လျှောက်ထားနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့ပါသည်။
ရန်ကုန်အေ၀းသင် တက္ကသိုလ်ရှိ ကျန်ဘာသာရပ်များလည်း ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလမှ စ၍ Onlineမှ တစ်ဆင့် ဒီဂရီပေးနိုင်ရန် စတင် ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရပါသည်။