News

Apple Authorized Reseller အဖြစ် mDrive ကို စက်တင်ဘာ ၂၈ဖွင့်မည်

မြန်မာနိုင်ငံတွင် Apple၏ ပထမဦးဆုံး တရား၀င် Authorized Resellerဖြစ်သည့် mDrive အရောင်းဆိုင်ကို စက်တင်ဘာလအတွင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း mDrive ပိုင်ရှင် ဦးမြတ်ထူးက ပြောကြားသည်ဟု သိရသည်။ အဆိုပါ ဆိုင်ကို Junction Mawtin ပထမထပ်တွင် ဖွင့်လှစ်သွားမည် ဖြစ်ပြီး Apple Authorized Reseller စနစ်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကာ Appleမှ တရား၀င် ခွင့်ပြုထားသော ဆိုင်ခန်း ဒီဇိုင်းအပြင်အဆင်များဖြင့် ခင်းကျင်း ရောင်းချမည်ဟု ဆိုသည်။

Appleသည် ၄င်း၏ ပစ္စည်းများ ရောင်းချရာတွင် Appleမှ ကိုယ်တိုင် တိုက်ရိုက်ရောင်းချမည့် Apple Official Store အပြင် တရား၀င် အရောင်း ကိုယ်စားလှယ်အဖြစ် Apple Authorized Reseller (AAR), Apple Premium Reseller (APR)များ ခန့်အပ် ရောင်းချခြင်းဖြစ်သည်။ Apple Official Storeများကို အာရှဒေသတွင် တိုကျို၊ ဘေဂျင်း၊ ဟောင်ကောင်မြို့များတွင် ဖွင့်လှစ်ထားပြီး အရှေ့တောင် အာရှနိုင်ငံများတွင် AARနှင့် APR အရောင်းဆိုင်များသာရှိကာ ယခုမြန်မာနိုင်ငံတွင် AAR စနစ်ဖြင့် ပထမဦးဆုံး တရား၀င် အရောင်းဆိုင် ဖွင့်လှစ်မည်ဖြစ်သည်။

Appleသည် မြန်မာနိုင်ငံတွင် APR စနစ်ဖြင့် တရား၀င် အရောင်းဆိုင် ဖွင့်လှစ်ခွင့်မပေးသေးပဲ AAR စနစ်ဖြင့်သာ အရောင်းကိုယ်စားလှယ် ပေးအပ် ထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် AAR စနစ်ဖြင့် ပထမဦးဆုံး ဖွင့်လှစ်မည့် အရောင်းဆိုင်တွင် Appleမှ တိုက်ရိုက်ပေးပို့သော ကုန်ပစ္စည်း များကိုသာ ရောင်းချမည်ဖြစ်ပြီး ကုန်ပစ္စည်းများနှင့် ဆက်စပ်သည့် လေ့ကျင့် သင်ကြားမှုဆိုင်ရာများကိုလည်း ပြုလုပ်ပေးသွားမည်ဟု သိရသည်။

mDriveတွင် iPhone နှင့် iPad မှလွဲ၍ ကျန် Apple ကုန်ပစ္စည်းများကို စတင်ရောင်းချသွားမည် ဖြစ်သည်။ Appleတွင် Mac Teamနှင့် iPhone Teamဟူ၍ လိုင်းနှစ်လိုင်း ခွဲထားပြီး လက်ရှိမြန်မာနိုင်ငံတွင် iPhone တရား၀င် ရောင်းချရန်အတွက် iPhone Teamမှ လေ့လာမှုများ ပြုလုပ် နေပြီးနောက် ခွင့်ပြုချက် ရရှိသည်နှင့် iPhoneနှင့် iPad များကိုပါ ရောင်းချသွားရန် စီစဉ်ထားသည်ဟု ဆိုသည်။

၄င်းအပြင် mDriveသည် iTunes Gift Card များကို ရောင်းချပေးသွားမည်ဖြစ်ပြီး အသုံးပြုပုံ၊ Credit Card မလိုပဲ App Storeမှ Application ရယူပုံနှင့် App Store Account ဖွင့်နည်းတို့ကို အခမဲ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် ရောင်းချနေသော Apple ကုန်ပစ္စည်းများကို စင်ကာပူ၊ ထိုင်းကဲ့သို့ နိုင်ငံများမှ တစ်ဆင့် မှောင်ခိုစနစ်ဖြင့် တင်သွင်း နေကြခြင်းဖြစ်ကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

2 thoughts on “Apple Authorized Reseller အဖြစ် mDrive ကို စက်တင်ဘာ ၂၈ဖွင့်မည်

  1. nono our tachileik is first we have apple since last month

  2. Andrew says:

    Get your facts straight.. This is not the first one…. Maybe the first one after this government opens up

Leave a Reply

Your email address will not be published. Required fields are marked *