Samsungက Appleကို တိုက်ခိုက်မှုတွေကို ထပ်မံ ပြုလုပ်လိုက်ပါပြီ။ ပြီးခဲ့တဲ့ တစ်ပတ်က ကြေညာလိုက်တဲ့ Appleရဲ့ iPhone 6 Plusကို Samsungက ထိုးနှက်လိုက်တာပါ။ Appleရဲ့ iPhone 6ကြေညာတဲ့ ပွဲမှာ တိုက်ရိုက်ထုတ်လွှင့်မှုတွေ အဖုအထစ်ရှိခဲ့တာကိုလည်း ဝေဖန်ပြောဆိုနေကြပါတယ်။ အခုတစ်ခါတော့ Samsungက အရွယ်ကြီး စမတ်ဖုန်းကို သူအရင် ထုတ်လုပ်တယ်ဆိုတာကို အဓိက ထိုးနှက်လိုက်ပါတယ်။
အောက်မှ ဗီဒီယိုမှာ Samsungက Note စမတ်ဖုန်းတွေရဲ့ အလွန်ကြီးမားတဲ့ အရွယ်ကို ပျက်ရယ်ပြုထားတဲ့ မီဒီယာတွေရဲ့ ရေးသားချက်တွေနဲ့ iPhone 6 Plusဟာ Noteကို အတုခိုးထားတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ပြသထားပါတယ်။
သေချာပါတယ်။ Appleကလည်း Samsungကို ပြန်လည် တိုက်ခိုက်မှာပါ။ Apple CEO Tim Cookက Samsungက သူ့ရဲ့ အဓိက ပြိုင်ဖက် မဟုတ်ဘဲ Googleကသာ အဓိကပြိုင်ဖက် ဖြစ်ကြောင်း PBSကို ပြောကြားခဲ့ပြီးပါပြီ။
Samsungက အရွယ်ကြီး စမတ်ဖုန်းတွေကို အရင်ဆုံး ထုတ်လုပ်တာ ဖြစ်ပေမယ့် ၅.၅ လက်မ iPhone 6 Plusက Galaxy Noteကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်တယ်လို့ ခွဲခြမ်းစိတ်ဖြာသူတွေက သုံးသပ်နေကြပါတယ်။