News

iPhone၊ Android Phoneနှင့် BlackBerry Phone ကိုင်သူများအပေါ် စစ်တမ်းတစ်ရပ် ပေါ်ထွက်လာ

ထိပ်တန်းဖုန်း သုံးမျိုးဖြစ်သော iPhone၊ Android Phoneနှင့် BlackBerry Phone ကိုင်သူများ၏ ယေဘုယျ လူမှုလက္ခဏာများကို လေ့လာထားသည့် စစ်တမ်းတစ်ရပ် ပေါ်ထွက်လာပါသည်။ ထိုစစ်တမ်းအရဆိုလျှင် iPhoneကိုင်သူများသည် အပျင်းပိုထူကြပြီး အလှအပကိုလည်း ပိုကြိုက်ကြကာ အလှအပဆိုင်ရာ Applications၊ Websiteများကို ပိုအကြည့်များသလို အဝတ်အစား ဝယ်ယူမှုလည်း ပိုများကြကြောင်း သိရသည်။

BlackBerry Phone ကိုင်သူများကား ဝင်ငွေအများဆုံး ရသူများဖြစ်ပြီး ဆက်ဆံရေးတစ်ခုကို ခိုင်မြဲစွာ တည်ဆောက်နိုင်သူများလည်း ဖြစ်ကြောင်း သိရသည်။ Android Phone ကိုင်သူများမှာမူ မိတ်ဆွေပေါသူများ ဖြစ်သလို လူမှုဆက်ဆံရေးလည်း ပိုကောင်းကြပြီး အချက်အပြုတ်လည်း ပိုရကာ မီးဖိုချောင်ထဲတွင် အားကိုးရသူများ ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ လေ့လာမှု စစ်တမ်းကို ဗြိတိန်နိုင်ငံမှ Talk Talk Mobile ဆက်သွယ်ရေး လုပ်ငန်းကြီးက ဖုန်းအသုံးပြုသူ အသီးသီး၏ လူနေမှုပုံစံ စရိုက်လက္ခဏာများကို မေးမြန်းစစ်တမ်း ကောက်၍ ပြုစုထားခြင်း ဖြစ်သည်။ လေ့လာမှုစစ်တမ်းအရ ထပ်မံသိရှိရသည်များမှာ iPhoneကိုင်သူများသည် အလှအပကို ပို၍ စိတ်ဝင်စားသလို ၎င်းတို့ကိုယ် ၎င်းတို့လည်း ပိုပြီးအမြင် တင့်တယ်သူများဟု သဘောထားရှိတတ်ကြောင်း သိရသည်။

BlackBerry  Phone ကိုင်သူများကား အလုပ်ပိုရှုပ်သူများ ဖြစ်သလို Emailလည်း ပို၍ ပို့တတ်ကြပြီး Messageလည်း ပို၍ ပို့ကြကာ ဖုန်းလည်း ပိုခေါ်ဆိုကြကြောင်း သိရသည်။ Android Phone ကိုင်သူများသည် ကမ္ဘာပေါ်တွင် အများဆုံး ဖြစ်လာသည်နှင့်အညီ မိတ်ဆွေအပေါဆုံး လူများဖြစ်ကြသည်။ အကျိုးဆက်အဖြစ် Android Phone ကိုင်သူများသည် အခြားဖုန်း ကိုင်သူများထက် ယမကာ ပိုသောက်သူများ ဖြစ်နေကြောင်းလည်း တွေ့ရသည်ဟု ဆို၏။ သို့သော် လူမှုဆက်ဆံရေးပိုင်းတွင်မူ မိတ်ဆွေပေါသော Android သမားများက ပို၍ နေတတ်ထိုင်တတ် ရှိကြောင်းလည်း တွေ့ရပြန်သည်ဟု ဖော်ပြထားသည်။

သို့ရာတွင် iPhone၊ Androidနှင့် BlackBerry Phone ကိုင်သူတိုင်းလည်း အထက်ပါ စစ်တမ်း ဖော်ပြချက်များအတိုင်း ကံသေကံမ ဖြစ်ရမည်ဟု မဆိုလိုကြောင်း၊ အားလုံး ခြုံငုံ၍ ယေဘူယျ တွေ့ရှိချက်များကို ဖော်ပြထားခြင်းသာ ဖြစ်ကြောင်း Talk Talkမှ ဒါရိုက်တာ ဒန်မီဒါက ပြောကြားသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *