Appleက စက်တင်ဘာလ ကိုးရက်နေ့တွင် မျက်နှာပြင်ကြီး iPhoneများကို မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ အတွင်းသိတစ်ဦးက ပြောပါတယ်။
ကယ်လိုဖိုးနီးယားပြည်နယ် Cupertino အခြေစိုက် Appleက ၄.၇ လက်မ မျက်နှာပြင်နဲ့ ၅.၅ လက်မ မျက်နှာပြင် iPhone အသစ်နှစ်လုံးကို မိတ်ဆက်တော့မယ်လို့ အတွင်းလူများက ပြောပါတယ်။
Appleဟာ မျက်နှာပြင်ကြီး iPhonesများကို စံချိန်တင်ရောင်းချနိုင်မယ်လို့ ခွဲခြမ်းစိတ်ဖြာသူများက ခန့်မှန်းထားပြီး Appleမှာ ရင်းနှီးမြှပ်နှံသူများက ဒီနှစ်ထဲမှာပဲ စတော့ ရာခိုင်နှုန်း ၁၈ အထိမြင့်တက်အောင် အလုအယက် ၀ယ်ယူနေကြပါတယ်။ Samsungနဲ့ အခြား စမတ်ဖုန်း ထုတ်လုပ်သူများက မျက်နှာပြင်ကြီး စမတ်ဖုန်းများနဲ့ ဈေးကွက်ဝေစုကို များစွာ ပိုင်ဆိုင်နေကြပါတယ်။ အထူးသဖြင့်တော့ မျက်နှာပြင်ကြီးဖုန်းများ ခေတ်စားတဲ့ အာရှဈေးကွက်များမှာပါ။
Appleက စက်တင်ဘာလ ဒုတိယပတ်မှာ ကျရောက်မယ့် အင်္ဂါနေ့မှာ ပွဲတစ်ခုပြုလုပ်ဖို့ စီစဉ်ထားပြီး အဲဒီပွဲမှာ iPhone များကို မိတ်ဆက်မယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီအချိန်ဟာ ဈေး၀ယ်ရာသီ အမီဖြစ်တာကြောင့် ထုတ်ကုန်များရဲ့ ရောင်းအားတိုးတက်စေမှာပါ။ ပြီးခဲ့တဲ့နှစ်မှာလည်း iPhone 5sနဲ့ 5c တို့ကို စက်တင်ဘာလရဲ့ ဒုတိယ အင်္ဂါနေ့မှာ မိတ်ဆက်ခဲ့တာပါ။
iPhone အသစ်များ မိတ်ဆက်မယ့်အချိန်ကို Recodeက ပထမဆုံး သတင်းပေးခဲ့တာပါ။ ခွဲခြမ်းစိတ်ဖြာသူများက Appleဟာ ဒီနှစ်ထဲမှာပဲ ချပ်၀တ်တန်ဆာကွန်ပြူတာ တစ်ခုနဲ့ iPad အသစ်များကို မိတ်ဆက်မယ်လို့ ခန့်မှန်းထားပါတယ်။
မျက်နှာပြင်ကြီးဖုန်းများဟာ ဈေးကွက်ဝေစုကို များစွာ ရယူထားတယ်ဆိုတာ စစ်တမ်းများက ဖော်ပြခဲ့ဖူးပါတယ်။ Appleက မျက်နှာပြင်ကြီး ဖုန်းဈေးကွက်မှာ Samsung, LGနဲ့ အခြား စမတ်ဖုန်းထုတ်လုပ်သူများကို ရှုံးနိမ့်နေတာဖြစ်ပါတယ်။ အခုတော့ Appleက အဲဒီဈေးကွက်မှာ အနိုင်ရယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ Appleဟာ မျက်နှာပြင်ကြီးဖုန်းများကို ထုတ်လုပ်ရောင်းချမယ်ဆိုရင် စံချိန်တင်ရောင်းချနိုင်မယ်လို့ စာရေးသူလည်း ထင်မြင်မိပါတယ်။