Appleက World Wide Developer Conferenceမှာ iOS 8ကို မိတ်ဆက်လိုက်ပါတယ်။ iOS 8မှာ ကျန်းမာရေး အခြေအနေကို စောင့်ကြည့်ပေးနိုင်တဲ့ Healthkit Appအသစ်ပါရှိလာသလို Interfaceအပိုင်းမှာလည်း ပြောင်းလဲလာပါတယ်။ iOS 8ရဲ့ စွမ်းဆောင်ချက် အသစ်များကို ဒီဆောင်းပါးမှာ လေ့လာနိုင်ပါတယ်။
Healthkit
Appleက Healthkitလို့ခေါ်တဲ့ APIကို တီထွင် ထည့်သွင်းပေးထားပါတယ်။ Developerများက Healthkitနဲ့ ချိတ်ဆက်နိုင်တဲ့ ကျန်းမာရေး Appများကို တီထွင်နိုင်မှာ ဖြစ်ပြီး ကျန်းမာရေး သတင်းအချက်အလက်များကို တစ်နေရာတည်းက သိမ်းပေးမယ့် အဓိက Databaseအနေနဲ့ Healthkitက အလုပ်လုပ်မှာ ဖြစ်ပါတယ်။ App Storeမှ Appများသာမကဘဲ ပရော်ဖက်ရှင်နယ် ကျန်းမာရေး Appနဲ့ ပလက်ဖောင်းများနဲ့ Healthkitက တွဲဖက်အလုပ်လုပ်နိုင်ပါတယ်။ ဥပမာ အားဖြင့် ဆေးရုံမှာ တိုင်းတာထားတဲ့ သွေးဖိအား ဒါမှမဟုတ် သွေးတွင်းသကြားပါ၀င်မှု ပမာဏကို iPhoneကနေ သိနိုင်မှာ ဖြစ်ပါတယ်။ သတင်းအချက်အလက်များကို အခြားသူများမသိအောင် Private အနေနဲ့ သိမ်းထားနိုင်သလို ဆရာ၀န်များ၊ ဆေးရုံများနဲ့ Shareလုပ်နိုင်ပါတယ်။ Appleက Mayo Clinic အပါအ၀င် ပူးပေါင်းလုပ်ကိုင်လျှက်ရှိတဲ့ အခြားသော ကျန်းမာရေး အဖွဲ့အစည်းများကို ကြေညာခဲ့ပါတယ်။
ကင်မရာ စွမ်းဆောင်ချက် အသစ်များ
Appleက ကင်မရာ ဆော့ဝဲကို ဆန်းသစ်မှုများ ပြုလုပ်ထားပါတယ်။ Userများအတွက် Time Lapse Photographyကို ထည့်သွင်းပေးလိုက်ပါတယ်။ Developerများအတွက် ကင်မရာ Hardwareကို Third-Party Appsများကနေ ထိရောက်စွာ အသုံးပြုနိုင်မယ့် Camera Application Programming Kit အသစ်ကို ဖြန့်ချီပေးလိုက်ပါတယ်။ ဒါဟာ ဘာကိုပြသလဲဆိုရင် နောက်ထွက်မယ့် iPhoneရဲ့ ကင်မရာဟာ စွမ်းဆောင်ချက်အသစ်များ ပါလာမှာဖြစ်ပါတယ်။
ဓါတ်ပုံ
Appleက လက်မလှုပ်ရှားမှုနဲ့ ဓါတ်ပုံပြင်နိုင်တဲ့ စွမ်းဆောင်ချက်အသစ်များပါတဲ့ Photos Appအသစ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ အသုံးပြုရတာလွယ်ကူပြီး ပုံထွက်ကောင်းစေတဲ့ Smart Image Analysisနည်းပညာကို အသုံးပြုတဲ့ Photoshopရဲ့ Shadows and Highlightsနဲ့ ဆင်တူပါတယ်။
Appleက OS X Yosemiteအတွက် Photos Appကိုလည်း တီထွင်နေပါတယ်။ ဓါတ်ပုံတွေအားလုံးကို 5GB Free Storageရတဲ့ Cloudမှာ သိမ်းပေးထားမှာ ဖြစ်ပါတယ်။ Storage ထပ်မံ၀ယ်ယူချင်ရင်တော့ တစ်လကို တစ်ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ ဓါတ်ပုံများကို ဖုန်းမှာသာမက Cloudမှာပါ အသုံးပြုနိုင်မှာပါ။
Continuity
Continuityက iOSနဲ့ OS Xရဲ့ စိတ်၀င်စားစရာကောင်းတဲ့ စွမ်းဆောင်ချက် အသစ်များထဲက တစ်ခု ဖြစ်ပါတယ်။ အဲဒီနည်းပညာက Macsနဲ့ iOSကို တွဲဖက် အလုပ်လုပ်စေမှာပါ။ တွဲဖက် အလုပ်လုပ်ပေးမယ့် စွမ်းဆောင်ချက်တစ်ခုချင်းစီကို အောက်မှာ ဆက်လေ့လာပါ။
Airdrop. Macsနဲ့ iOS Deviceများကြားမှာ ဖိုင်များ ကူးပြောင်းနိုင်တာဖြစ်ပါတယ်။ Macမှ ဖိုင်တစ်ခုကို iPhone or iPadပေါ်သို့ Drag and Dropပြုလုပ်ပြီး WiFiမှ တစ်ဆင့် ကူးပြောင်းပါတယ်။
Handoff. သင့်ရဲ့ iPadနဲ့ iPhoneများက သင် Macမှာ ဘာလုပ်နေလဲဆိုတာ အမြဲစောင့်ကြည့်သိနိုင်ပါတယ်။ Macမှာ အီးမေးရေးသားနေတဲ့အချိန်မှာပဲ အပြင်ထွက်ဖို့ ကိစ္စပေါ်လာတဲ့အခါမှာ iPad or iPhoneကနေ အီးမေး ဆက်လက်ရေးသားနိုင်ပါတယ်။ Macမှာ ရေးသားထားပြီးသားစာများကို ပြန်လည်ရိုက်စရာ မလိုတော့ပါဘူး။ iOS Deviceရဲ့ Lock Screenမှ ဘယ်ဘက်မှာ အိုင်ကွန် အသေးလေးကို မြင်တွေ့ရမှာ ဖြစ်ပြီး အိုင်ကွန်ကို နှိပ်ရင် Macမှာ လုပ်နေတဲ့ အလုပ်ကို ဆက်လက်လုပ်နိုင်မှာပါ။
Text Message and Call Integration. iPhoneကဆီ ၀င်လာတဲ့ Messageနဲ့ Phone Callများကို Macကနေ တုန့်ပြန်နိုင်ပါတယ်။ Messageအားလုံးကို iOSနဲ့ Mac Deviceအားလုံးမှာ Syncလုပ်ပေးမှာ ဖြစ်ပါတယ်။ Macကနေ ဖုန်းခေါ်ဆိုမှုတောင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Notification စနစ်အသစ်
iOS 8မှာ Notificationတွေ၀င်လာရင် လက်ရှိသုံးနေတဲ့ Appကို ပိတ်စရာမလိုဘဲ တုန့်ပြန်နိုင်ပြီဖြစ်ပါတယ်။ Lock Screenမှာတောင်မှ အဲဒီစွမ်းဆောင်ချက်ကို အသုံးပြုနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ ဖုန်းကို Unlockလုပ်စရာ မလိုပါဘူး။
Accessing People
Home Buttonကို နှစ်ချက်နှိပ်ပြီး Peopleကို အသုံးပြုနိုင်ပါတယ်။ ဆက်သွယ်မှု အများဆုံး လူများကို အိုင်ကွန်များနဲ့ ပြသပေးမှာ ဖြစ်ပါတယ်။ အိုင်ကွန်တစ်ခုကို နှိပ်လိုက်ရင် Calls, Chat, FaceTime, FaceTime Voiceစတဲ့ ဆက်သွယ်မှုများကို ပြုလုပ်နိုင်ပါတယ်။
ပိုကောင်းလာတဲ့ အီးမေး
Mail Appအသစ်မှာ စွမ်းဆောင်ချက်များစွာ ပါရှိလာပြီး အကောင်းဆုံးတစ်ခုက Mailboxလို Gestureများ သုံးလို့ရလာတာဖြစ်ပါတယ်။ အီးမေးတစ်ခုကို Replyလုပ်ဖို့ ဘယ်ဘက်ကို ပွတ်ဆွဲနိုင်ပါတယ်။ များများပွတ်ဆွဲရင် အီးမေးကို ဖျက်ပစ်နိုင်ပါတယ်။
Spotlight
iOS 8မှာ Lock Screenအပါအ၀င် ဘယ်နေရာမှာ မဆို အောက်ဘက်သို့ ပွတ်ဆွဲပြီး Spotlightကို သုံးနိုင်ပါတယ်။ Spotlightဟာ ဖုန်းမှာ ရှိတာကိုသာမက News, Wikipedia, Nerby Places, iTunes Store Music, Podcasts, Movies, iBooks Store, Websites, Movie Showtimesများကို အကြံပြုပြသပေးနိုင်ပါတယ်။ App Storeမှ Appsများကိုပါ ပြသပေးနိုင်ပါတယ်။ Googleရဲ့ Androidနဲ့ Microsoftရဲ့ Windows Phoneများရဲ့ စွမ်းဆောင်ချက်နဲ့ ဆင်တူပါတယ်။ iOS 8မှာ Safariထဲမှာတောင် ရှာဖွေနိုင်ပါတယ်။
ကီးဘုတ်ရဲ့ တိုးတက်ကောင်းမွန်မှု
Appleက သူ့ရဲ့ ကီးဘုတ်ကို ပထမဆုံးအနေနဲ့ ဆန်းသစ်ပေးလိုက်ပါတယ်။ iOS 8မှာ စာရိုက်တဲ့အခါ စကားလုံးများကို အကြံပြု ပြသပေးနိုင်လာပါတယ်။ Androidကီးဘုတ်များလိုဖြစ်ပါတယ်။ Appleက သူ့ရဲ့ ကီးဘုတ်အသစ်ဟာ စာရိုက်ပုံများကို လေ့လာနိုင်တယ်လို့ ဆိုပါတယ်။ သင်စာရိုက်စကားပြောနေတဲ့သူကိုလည်း ကီးဘုတ်ကသိရှိပြီး သင့်တော်တဲ့ စကားလုံးများကို အကြံပြုပြသပေးနိုင်ပါတယ်။
စကားလုံး ခန့်မှန်းမှုကလည်း အဆင့်မြင့်တယ်လို့ သိရပါတယ်။ ဥပမာအားဖြင့် ညစာစားဖို့ ချိန်းဆိုတဲ့အခါမှာ သင့်တော်တဲ့ စကားလုံးများကို ပြသပေးမှာ ဖြစ်ပါတယ်။ ကီးဘုတ်က မေးခွန်းများကိုလည်း သိရှိပြီး အဖြေများကို ပြသပေးမှာ ဖြစ်တဲ့အတွက် စာရိုက်စရာတောင်မလိုဘဲ အဖြေများဖြေဆိုနိုင်မှာပါ။
iMessages
iMessagesမှာ Conversationများကို Muteလုပ်လို့ရလာပါပြီ။ နောက်ထပ်ကောင်းမွန်တဲ့ စွမ်းဆောင်ချက်တစ်ခုက တည်နေရာကို အချိန်အကန့်အသတ်ဖြင့် Shareလုပ်နိုင်ပါတယ်။ Audio, Video Messageများကိုလည်း ပေးပို့လာနိုင်ပါပြီ။ SnapChatလိုပဲ Messageများကို တစ်ဖက်လူက ဖတ်ပြီးတာနဲ့ ဖျက်ပေးနိုင်ပါတယ်။ Messageများကို မဖျက်ပစ်အောင်လည်း ရွေးချယ်နိုင်ပါတယ်။ ဖုန်းကို နားမှာကပ်လိုက်တာနဲ့ Audio Messageများကို ဖတ်နိုင်ပြီး ခလုတ်တစ်ချက်နှိပ်စရာ မလိုပါဘူး။ Replyလုပ်ဖို့လည်း ဒီလိုလုပ်နိုင်ပါတယ်။
iCloud Drive
Apple Appsများလိုပဲ အခြား Appsများက iCloud Driveကို အသုံးပြုလာနိုင်ပါပြီ။ Sketchbookလို Third-Party Appက Documentsတွေကို iCloudမှာ တိုက်ရိုက်သိမ်းနိုင်ပါပြီ။ အဲဒီအတွက် Appတိုင်းမှ ဒေတာများကို iOS Deviceနဲ့ Macအားလုံးမှာ ရယူနိုင်ပါတယ်။ (Developerက အဲဒီစွမ်းဆောင်ချက်ကို အသုံးပြုလို့ရအောင် လုပ်ပေးထားရပါမယ်။) အဲဒီစွမ်းဆောင်ချက်က ၀င်းဒိုး ကွန်ပြူတာများနဲ့လည်း အလုပ်လုပ်ပါတယ်။
Family Sharing
မိသားစု၀င်များနဲ့ Calendar, Photos, Locationsစတာတွေကို အလွယ်တကူ Shareလုပ်နိုင်တဲ့ Family Share စွမ်းဆောင်ချက်ပါရှိလာပါတယ်။ မိသားစု၀င် ခြောက်ယောက်အထိအသုံးပြုနိုင်ပြီး စာအုပ်၊ သီချင်းနဲ့ ရုပ်ရှင်တွေကို Shareလုပ်နိုင်ပါတယ်။ မိသားစု၀င်အားလုံးမှာ တူညီတဲ့ Credit Cardကို အသုံးပြုနိုင်ပါတယ်။ ကလေးတစ်ယောက်က သူ့ရဲ့ Deviceကနေ ကဒ်ကိုအသုံးပြုပြီး ဈေး၀ယ်မယ်ဆိုရင် မိဘရဲ့ Deviceမှာ ခွင့်ပြုချက်တောင်းခံပါလိမ့်မယ်။
Siri
Siriကိုလည်း အမြဲတမ်း ခိုင်းစေနိုင်အောင် ပြုလုပ်ပေးလိုက်ပါတယ်။ ကားမောင်းနေတဲ့အချိန်မှာ ဖုန်းရဲ့ Home Buttonကို လက်နဲ့ ထိစရာမလိုဘဲ “Hey Siri”လို့ နှုတ်ဖြင့် ခိုင်းစေနိုင်ပါတယ်။ နောက်ထပ် စွမ်းဆောင်ချက်တစ်ခုက Shazamစွမ်းဆောင်ချက် ပါရှိလာတာဖြစ်ပြီး Siriနဲ့ တွဲဖက်အလုပ်လုပ်မှာ ဖြစ်ပါတယ်။ ဖွင့်ထားတဲ့ သီချင်းကို Siriက သိရှိပြီး သီချင်းရဲ့ သတင်းအချက်အလက်များကို ပြောပြနိုင်ပါတယ်။ အဲဒီကနေ သီချင်းတွေကို ၀ယ်ယူဖို့ Siriကို ခိုင်းစေနိုင်ပါတယ်။
Extensions
ဒီစွမ်းဆောင်ချက်က iOS 8ရဲ့ အကောင်းဆုံးလို့ ဆိုပါတယ်။ OS Xမှာလိုပဲ Appleက iOSအတွက် Extensionများကို တီထွင်ဖို့ App Developerများကို ခွင့်ပြုလိုက်ပါပြီ။ Developerများက သူတို့ရဲ့ Appမှာ အခြား Appများက အသုံးပြုနိုင်တဲ့ Serviceများကို ထည့်သွင်းနိုင်ပါတယ်။ ဥပမာ အားဖြင့် Appတစ်ခုဟာ ဓါတ်ပုံပြင်တဲ့ Appရဲ့ စွမ်းဆောင်ချက်ကို အသုံးပြုနိုင်တာဖြစ်ပါတယ်။ နောက်တစ်ခု ဥပမာအနေနဲ့ App တစ်ခုဟာ Pinterest Extensionကို အသုံးပြုပြီး Pinterestမှာ Share လုပ်နိုင်တာ ဖြစ်ပါတယ်။ Appတစ်ခုကို အင်စတော လုပ်တဲ့အခါမှာ သူ့ရဲ့ Serviceများကို အခြား Appများက အလိုလို အသုံးပြုနိုင်တာ ဖြစ်ပါတယ်။
Appsများရဲ့ Widgetများကိုလည်း အသုံးပြုနိုင်ပါပြီ။ Appleက နာရီကို လေလံဆွဲနေတဲ့ eBay Widgetကို ပြသခဲ့ပါတယ်။
Safariမှာလည်း Extensionများကို အသုံးပြုနိုင်ပါပြီ။ Extensionအားလုံးကို လုံခြုံအောင် ပြုလုပ်ထားတဲ့အတွက် အသုံးပြုသူရဲ့ သတင်းအချက်အလက်များ ခိုးယူခံရမှာကို စိုးရိမ်စရာ မလိုပါဘူး။
TouchID for all apps
TouchIDကို အရင်က Appအားလုံးက အသုံးပြုလို့မရပါဘူး။ အခုတော့ အဲဒီပြဿနာကို ဖြေရှင်းပေးလိုက်ပါပြီ။ Bank Appမှာ သင့်အကောင့်ကို အသုံးပြုဖို့ Username, Passwordအစား သင့်လက်ချောင်းကို အသုံးပြုနိုင်ပါပြီ။
Appleက iOS 8ကို ဆောင်းဦးမှာ ဖြန့်ချီမယ်လို့ ပြောပါတယ်။