Featured, News, Review

Googleက Drone ယာဉ်ပျံငယ်လေးများဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးတဲ့ ၀န်ဆောင်မှုကို စမ်းသပ်နေ

Googleက Drone ယာဉ်ပျံငယ်လေးများဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးတဲ့ ၀န်ဆောင်မှုကို စမ်းသပ်နေ

Googleက ၀န်ဆောင်မှုများစွာနဲ့ ထုတ်ကုန်များစွာကို ပြုလုပ်ပေးနေတာကို အားမရသေးပါဘူး။ အခုတစ်ခါကတော့ ဆန်းသစ်တဲ့ ၀န်ဆောင်မှုလို့ ဆိုရမှာပါ။ ဘာလို့လဲဆိုတော့ Droneယာဉ်ပျံငယ်လေးများနဲ့ ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးမယ်တဲ့။

Googleက ယာဉ်ပျံငယ်နဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ပေးတဲ့ စမ်းသပ်မှုကို ဩစတျေးလျနိုင်ငံ Queenslandမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး သကြားလုံး၊ ခွေးများအတွက် ပစ္စည်း၊ ရေတွေကို အောင်မြင်စွာ ပေးပို့နိုင်ခဲ့ပါတယ်။ Googleရဲ့ အလိုအလျှောက်မောင်းတဲ့ကားများလိုပဲ ယာဉ်ပျံများဟာ ကြိုတင်သတ်မှတ်ထားတဲ့ လမ်းကြောင်းကို ပျံသန်းနိုင်တာပါ။ စီးပွားဖြစ်အသုံးပြုဖို့ နှစ်အနည်းငယ်ကြာအုံးမယ်လို့ Googleက ပြောပါတယ်။

Googleသာ Droneတွေကို စမ်းသပ်တီထွင်နေတာ မဟုတ်ပါဘူး။ Facebookကလည်း ယာဉ်ပျံတွေနဲ့ အင်တာနက်ထုတ်လွှင့်ပေးဖို့ ကြိုးစားနေပါတယ်။ အမေဇုန်ကလည်း Googleလိုပဲ ယာဉ်ပျံငယ်လေးများနဲ့ ကုန်ပစ္စည်းများပို့ဆောင်ပေးဖို့ပြုလုပ်နေပါတယ်။ အမေဇုန်က စားသုံးသူတွေအတွက် အဓိကထားပြုလုပ်နေပေမယ့် Googleရဲ့ အစောပိုင်းစမ်းသပ်မှုတွေက သဘာ၀ဘေးအန္တရာယ်တွေကို ကယ်တင်ဖို့ပါ။ ဥပမာအနေနဲ့ ၂၀၁၂ ခုနှစ်မှ အစောပိုင်းစီမံကိန်းတစ်ခုမှာ နှလုံးရောဂါသည်တွေအတွက် ဆေးဝါးများ ပို့ဆောင်ပေးဖို့ ပြုလုပ်ခဲ့ပါတယ်။

ယာဉ်ပျံအနည်းငယ်က အရေးပေါ်အခြေအနေတွေမှာ လူများစွာကို ကယ်တင်နိုင်မှာပါလို့ Google Xဌာနမှ အကြီးအကဲ Astro Tellerက ပြောပါတယ်။

ယာဉ်ပျံငယ်လေးတွေရဲ့ တောင်ပံဟာ ငါးပေ၀န်းကျင်ရှိပြီး လျှပ်စစ် ပန်ကာလေးခုပါရှိပါတယ်။ ၁၉ပေါင်လေးပြီး ကုန်ပစ္စည်းပါရင် ၂၂ပေါင် ရှိပါတယ်။

ယာဉ်ပျံ စီမံကိန်းအပြင် Googleနဲ့ Amazonတို့ရဲ့ ပြိုင်ပွဲဟာ ပြင်းထန်နေပါတယ်။ Googleက E-Commerceနယ်ပယ်ထဲ လှမ်း၀င်နေသလို အမေဇုန်က Googleရဲ့ အဓိက လုပ်ငန်းဖြစ်တဲ့ ကြော်ညာကွန်ရက်ကို တည်ဆောက်နေပါတယ်။ Googleက ၀ယ်ယူဖို့ ကြိုးစားနေတယ်လို့ သတင်းထွက်နေတဲ့ ဂိမ်းကစားမှုကို ထုတ်လွှင့်ပေးတဲ့ Twitchကို အမေဇုန်က ဒေါ်လာ တစ်ဘီလီယမ်နဲ့ ၀ယ်ယူခဲ့ပါတယ်။ အမေဇုန်က သူ့ရဲ့ ဖုန်းနဲ့ တက်ဘလက်များအတွက် သီးခြား App Storeကို တည်ဆောက်ထားသလို Operating Systemကိုလည်း Android မဟုတ်တဲ့ သူ့ကိုယ်ပိုင်တစ်ခုကို ဖန်တီးအသုံးပြုနေပါတယ်။

Googleရဲ့ Droneစီမံကိန်းကို Google Xဌာနက ပြုလုပ်နေတာပါ။ ပထမဆုံး Google X စီမံကိန်းဟာဆိုရင် Google Xလို့ နာမည် မပေးခင်ကတည်းက ပြုလုပ်ခဲ့တာပါ။ အဲဒီစီမံကိန်းက အလိုအလျှောက်မောင်းတဲ့ကားများဖြစ်ပြီး ၂၀၀၅ ခုနှစ်က DARPA Grand Challengeကနေ ပေါက်ဖွားလာတာပါ။ အခုဆိုရင် ၂၀၁၇ နဲ့ ၂၀၂၀ အတွင်းမှာ လမ်းမများပေါ်ရောက်ရှိတော့မယ်လို့ မျှော်လင့်ရပါတယ်။

အဲဒီနောက်မှာတော့ Google Glass, မိုးပျံပူဖေါင်းများမှ အင်တာနက်ထုတ်လွှင့်ပေးတဲ့ Project Loon, သွေးတွင်း ဂလူးကို့စ်ပါ၀င်မှုကို တိုင်းတာပေးနိုင်တဲ့ စမတ်မျက်ကပ်မှန်, ကျန်းမာရေးကို တိုင်းတာပေးနိုင်တဲ့ စီမံကိန်း, လေစွမ်းအင်သုံး စီမံကိန်း, လူတွေရဲ့ ဦးနှောက်အတိုင်း အလုပ်လုပ်နိုင်တဲ့ ကွန်ပြူတာ စတာတွေအပါအ၀င် စီမံကိန်းများစွာကို ကြေညာခဲ့ပြီးပါပြီ။

မကြာမီကပဲ Google X Projectများရဲ့ ပုံပန်းသွင်ပြင်နဲ့ အရသာကို ပြောင်းလဲဖို့ Gecko Designကို ၀ယ်ယူခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *