Amazon က Kindle Fire တက်ဘလက်များ ထုတ်လုပ်ရောင်းချနေပြီး အခုအခါ စမတ်ဖုန်းဈေးကွက်ထဲ ၀င်ရောက်လာတော့မှာ ဖြစ်ပါတယ်။ Amazonက သူ့ရဲ့ စမတ်ဖုန်းကို ဇွန်လမှာ ကြေညာမယ်လို့ The Wall Street Journalက ပြောပါတယ်။
Amazonက လာမယ့်ရက်သတ္တပတ်များအတွင်းမှာ Seattle နဲ့ San Francisco မြို့တို့မှာ သူ့ရဲ့ စမတ်ဖုန်းကို Developer များကို သရုပ်ပြမယ်လို့ The Wall Street Journal က ပြောပါတယ်။ Amazonက စက်တင်ဘာလအကုန်မှာ စမတ်ဖုန်းကို စတင်ရောင်းချ ပေးမှာ ဖြစ်ပါတယ်လို့ သိရပါတယ်။
Amazonရဲ့ စမတ်ဖုန်းမှာ မျက်နှာချင်းဆိုင် ကင်မရာလေးလုံး ဒါမှမဟုတ် Sensors များတပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အဲဒီကင်မရာ၊ Sensor များက ကြည့်ရှုသူကို 3D ရုပ်ထွက်တွေ ကြည့်နိုင်အောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ 3D မျက်မှန်များတပ်ဆင်ထားစရာမလိုဘဲ ကြည့်နိုင်မယ်လို့ သိရပါတယ်။ Amazon က အဲဒီစမတ်ဖုန်းကို အလုံးရေ ခြောက်သိန်းသာ စတင်ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။
Amazonက Kindle Fire Tabletများကို ထုတ်လုပ်ရောင်းချနေတာ ခုနစ်နှစ် ရှိပြီဖြစ်ပြီး အောင်မြင်မှု ရရှိနေပါတယ်။ အခုတစ်ခါလည်း ပြိုင်ဆိုင်မှုပြင်းထန်တဲ့ စမတ်ဖုန်းလောကကို ခြေချတော့မှာ ဖြစ်ပါတယ်။
Amazonက ဧပြီလကုန်မှာ စမတ်ဖုန်းကို စတင်ထုတ်လုပ်မယ်လို့ The Wall Street Journalက ပြောပါတယ်။
Appleကလည်း စက်တင်ဘာလမှာ iPhone အသစ်ကို ကြေညာလေ့ရှိတဲ့အတွက် Amazon ရဲ့ စမတ်ဖုန်းဟာ Apple ရဲ့ iPhone အသစ်နဲ့ စတင် ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။ Amazonဟာ စမတ်ဖုန်းပြိုင်ပွဲမှာ အောင်မြင်မှုရနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။