Googleက ကားဈေးကွက်ထဲကို တစ်ယောက်တည်း ၀င်ရောက်ဖို့ စီစဉ်နေပုံ မပေါ်ပါဘူး။ ရှာဖွေမှုအင်ဂျင် ကုမ္ပဏီကြီးရဲ့ အရာရှိ တစ်ဦးက ကုမ္ပဏီဟာ ၂၀၂၀မှာ အလိုအလျှောက်မောင်းနှင်နိုင်တဲ့ ကားတွေကို ဈေးကွက်ထဲရောက်ရှိဖို့ ရည်ရွယ်ထား တာကြောင့် General Motors, Fordနဲ့ Toyotaတို့လို မော်တော်ကား ထုတ်လုပ်သူများနဲ့ စကားပြောဆွေးနွေးဖို့ စီစဉ်နေတယ်လို့ Reutersကို ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
“ကျွန်တော်တို့အနေနဲ့ ဒီဈေးကွက်ထဲကို ၀င်ရောက်ပြီး ငါတို့ ပိုကောင်းအောင် လုပ်နိုင်တယ်လို့ ပြောရင် ဒါဟာ မောက်မာတဲ့ သဘောသက်ရောက်ပါတယ်။ “ လို့ Googleရဲ့ အလိုအလျှောက်မောင်းနှင်တဲ့ ကားကို တီထွင်နေတဲ့ ဌာနမှ အကြီးအကဲ ဖြစ်သူ Chris Urmsonက Reutersကို ပြောပါတယ်။ ဒါပေမယ့် ကုမ္ပဏီက ကားကို ကိုယ်တိုင်ပဲ တည်ဆောက်မလား၊ အခြားသူများ တည်ဆောက်ဖို့အတွက် ဆော့ဝဲနဲ့ အစိတ်အပိုင်းတွေပဲ ပံ့ပိုးပေးမလားဆိုတာ မဆုံးဖြတ်ရသေးပါဘူး။
GMရဲ့ နည်းပညာအကြီးအကဲဖြစ်သူ Jon Laucknerက လူမဲ့မောင်းနှင်နိုင်တဲ့ ကားများ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သူ့ရဲ့ ကုမ္ပဏီဟာ Googleနဲ့ ဆွေးနွေးဖို့ တံခါးဖွင့်ပေးမယ်လို့ ဒီတစ်ပတ် အစောပိုင်းက ပြောပါတယ်။ GM, Audi, Mercedes-Benzတို့လို ကုမ္ပဏီတွေက သူတို့ရဲ့ ကိုယ်ပိုင် လူမဲ့မော်တော်ကား စနစ်များကို တိုးတက်အောင်ပြုလုပ်နေတာ ခရီးအတော်ပေါက်နေပါပြီ။
မော်တော်ကားနယ်ပယ်ထဲ ၀င်ရောက်ဖို့ Googleရဲ့ အစီအစဉ်တစ်စိတ်တစ်ပိုင်း အနေနဲ့ ကုမ္ပဏီဟာ Android Mလို့ ခေါ်တဲ့ ကားအတွက် သီးသန့်ဒီဇိုင်းလုပ်ထားတဲ့ Operating Systemကို တီထွင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ Android Mက စမတ်ဖုန်းနဲ့ ကားကို ချိတ်ဆက်စရာမလိုဘဲ ကားထဲမှာ အင်တာနက်နဲ့ Android Appsတွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။