Featured, News, Review

Appleရဲ့ ငွေလွှဲ၀န်ဆောင်မှုဟာ ဟန်ကျပါ့မလား

Appleရဲ့ ငွေလွှဲ၀န်ဆောင်မှုဟာ ဟန်ကျပါ့မလား

Appleက ငွေလွှဲ စီးပွားရေးလုပ်ငန်းနယ်ပယ်ထဲကို ၀င်ရောက်တော့မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။ Appleဟာ Visa, MasterCardတို့နဲ့ သဘောတူညီမှုရယူပြီးပြီလို့ Bloombergကပြောသလို American Expressနဲ့ ပူးပေါင်းမယ်လို့ Recodeက ပြောပါတယ်။

တရား၀င်ကြေညာမှုဟာ တစ်ပတ်လောက်သာလိုပါတော့တယ်။ Appleက စက်တင်ဘာလကိုးရက် အင်္ဂါနေ့မှာ ဆီလီကွန်တောင်ကြားမှာ ပွဲတစ်ခုပြုလုပ်ဖို့ မီဒီယာတွေကို ဖိတ်ကြားပြီးပါပြီ။

ဒါဆိုရင် iPhoneကို ပိုက်ဆံအိတ်လို အသုံးပြုနိင်ဖို့ နီးစပ်နေပြီနဲ့ တူပါတယ်။

Appleပြုလုပ်ရမယ့် အရာများ

နည်းပညာက အကြောင်းအရာတစ်ခုပါ။ Appleဟာ Bluetooth, NFC ဒါမှမဟုတ် အင်တာနက်ကနေ ငွေလွှဲ၀န်ဆောင်မှုကို ပြုလုပ်စေမှာဖြစ်ပါတယ်။ သူဟာ အရောင်းဆိုင်များထက်ကို စောပြီး ၁၉၉၀ ခုနှစ်မှာ အွန်လိုင်းစတိုးကို တည်ထောင်ခဲ့တဲ့ အီလက်ထရောနစ် စီးပွားရေးလုပ်ငန်းမှာ အတွေ့အကြုံရှိနေတာ ကြာပါပြီ။

ဒါပေမယ့် Appleဟာ ငွေလွှဲတဲ့ နယ်ပယ်ထဲကို မ၀င်ခင် ဖြေရှင်းရမယ့် စိန်ခေါ်မှုတွေ ရှိနေပါတယ်။ အဲဒါတွေက စည်းမျဉ်း၊ ငွေကြေးလိမ်လည်မှုနဲ့ စားသုံးသူ၀န်ဆောင်မှုတို့ပါပဲ။

Appleဟာ ငွေလဲွှ၀န်ဆောင်မှု ပြုလုပ်ရင် မဖြစ်မနေပြုလုပ်ရမယ့် အထက်ပါ အချက်တွေကို ပြုလုပ်ရသေးပုံ မပေါ်ပါဘူး။ ဥပမာ အနေနဲ့ သူ့ရဲ့ ပြည်နယ် ကယ်လီဖိုးနီးယားမှာ ငွေလွှဲ၀န်ဆောင်မှုအတွက် မှတ်ပုံမတင်ရသေးပါဘူး။ Amazon, Google, Square, PayPalတို့က အဲဒါကို ပြုလုပ်ပြီးပါပြီ။

Appleက သူ့ရဲ့ ငွေလဲွှ၀န်ဆောင်မှုရဲ့ ငွေကြေးအပိုင်းကို ဘဏ်တွေကို အပ်လိုက်ရင် မှတ်ပုံတင်စရာမလိုဘူးလို့ ငြင်းကောင်းငြင်းနိုင်ပါတယ်။ ဒါဆိုရင် Visa, MasterCardတို့ကို သုံးချင်ရင် Chase, Wells Fargo, Bank of Americaတို့လို ဘဏ်တွေနဲ့ ပူးပေါင်းရမှာပါ။

ငွေကြေးလိမ်လည်မှုကလည်း နောက်ပြဿနာတစ်ခုပါ။ Appleဟာ အမျိုးမျိုးသော ခိုးယူတဲ့နည်းလမ်းတွေကနေ ငွေလွှဲကဒ်ရဲ့ သတင်းအချက်အလက်တွေကို ကာကွယ်ဖို့ နည်းလမ်းတွေကို ရှာဖွေရမှာပါ။ ခိုးထားတဲ့ကဒ်တွေကို အသုံးပြုနေတဲ့၊ လိမ်လည်လှည့်ဖျားတဲ့ ကုန်သည်နဲ့ စားသုံးသူတွေကို ဘယ်လိုကိုင်တွယ်မလဲ။ ဒါတွေဟာ Appleနဲ့ သူ့ပါတနာ ဘဏ်တွေက ဖြေရှင်းရမှာပါ။ ငွေလွှဲစနစ်အသစ်တိုင်းဟာ လိမ်လည်သူတွေအတွက် စွဲဆောင်မှုရှိနေပါတယ်။

ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ ပတ်သက်ပြီး Appleရဲ့ အားနည်းချက်တွေ ရှိနေပါသေးတယ်။ မကြာမီကပဲ နာမည်ကျော်များရဲ့ iCloudမှ ဓါတ်ပုံများ ခိုးယူခံခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ်မှာလည်း Wiredရဲ့ စာရေးသူ Mat Honanဟာ သူ့ရဲ့ Apple အကောင့် ခိုးယူခံရတဲ့အတွက် နှစ်ပေါင်းများစွာ သိမ်းဆည်းခဲ့တဲ့ ဖိုင်များ ပျောက်ဆုံးခဲ့ပါတယ်။

Appleဟာ လုံခြုံရေး ပြဿနာတွေကို ဖြေရှင်းနေရတုန်းပါပဲ။ နာမည်ကျော်တွေရဲ့ ဓါတ်ပုံများ ပေါက်ကြားစေခဲ့တဲ့ လုံခြုံရေး ဟာကွက်ကို ဖာထေးခဲ့ရပါတယ်။ Appleအကောင့်နဲ့သာ အွန်လိုင်း ငွေပေးချေမှုတွေပြုလုပ်ဖို့ဆိုတာ သံသယဖြစ်စရာပါ။ ဒီ၀န်ဆောင်မှုကို ပြုလုပ်ရင် Appleဟာ ဟက်ကာတွေရဲ့ ပစ်မှတ်ဖြစ်လာနိုင်ပါတယ်။

နောက်တစ်ခုက စားသုံးသူ၀န်ဆောင်မှုပါ။ ငွေလွှဲတာ အဆင်မပြေရင် ကုန်သည်တွေ အခက်တွေ့ပါပြီ။ Appleအရောင်းဆိုင်များမှာ လူတွေ တန်းစီနေတာလည်း ဒုက္ခပါပဲ။ ၂၀၁၂ ခုနှစ်မှာ Appleက Austin, Texas Campusမှာ လုပ်သား ၃၆၀၀ ကို ငှားဖို့ စီစဉ်ခဲ့ပါသေးတယ်။ အထူးသဖြင့် စားသုံးသူ၀န်ဆောင်မှုအတွက်ပါ။

Appleရဲ့ ၀န်ဆောင်မှု

Appleဟာ ငွေလွှဲ၀န်ဆောင်မှုကို ပြုလုပ်ဖို့ ပိုင်ဆိုင်မှုတွေ ရှိနေပါတယ်။ ဘာလို့လည်းဆိုတော့ iTunesမှာ Credit Cardများနဲ့ မှတ်ပုံတင်ထားသူဟာ သန်းရှစ်ရာရှိပါတယ်။

နောက်ပြီး ကဒ်တွေ သုံးစရာမလိုဘဲ iTunes အကောင့်ကနေ Apple Storeမှာ ဈေး၀ယ်လို့ရအောင် ပြုလုပ်ပေးထားတဲ့ ဆန်းသစ်တဲ့ အတွေ့အကြုံတွေလည်း ရှိနေပါတယ်။ ဖုန်းကနေ ငွေပေးလိုက်ရုံပါပဲ။ Appleအရောင်းဆိုင်မှာ iTunes Accountထဲကို ငွေဖြည့်နိုင်တဲ့ iTunes Passဆိုတဲ့ အစီအစဉ်ကိုလည်း ပြုလုပ်ပေးထားပါတယ်။ အထူးသဖြင့်တော့ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ငွေကြေးနဲ့ ဒစ်ဂျစ်တယ် အသုံးပြုမှုကြားမှာ ချိတ်ဆက်ပေးနိုင်ရင် အဆင်ပြေမှာပါ။

Appleရဲ့ တည်ရှိပြီးသား အခြေခံ အဆောက်အဦးကို ငွေလွှဲ၀န်ဆောင်မှုနဲ့ ချိတ်ဆက်တာဟာ အားသာချက်အများကြီးရနိုင်ပါတယ်။ ကုန်သည်လေးတွေက iPadနဲ့ Card Readerတွေကို Apple Storeတွေဆီကို ယူဆောင်သွားနေကြပါပြီ။ Amazon, Google, PayPalတို့က ဒီလို မလုပ်နိုင်သေးပါဘူး။

ဒါပေမယ့် iPhoneနဲ့ ငွေပေးချေမှုမလုပ်ခင် Appleမှာ ဖြေစရာ မေးခွန်းများစွာ ရှိနေပါတယ်။ ဘယ်နေရာတွေမှာ ၀ယ်ယူလို့ရမလဲ။ ၀န်ဆောင်ခက ဘယ်လောက်လဲ။ မှားယွင်းခဲ့ရင် ဘယ်သူက တာ၀န်ယူမလဲဆိုတာတွေပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *