News

ကွန်ပျူတာ လုပ်ငန်းရှင်များ သိချင်နေသည့် Apple ပစ္စည်း ရောင်းရန်၊ ဖြန့်ချိရန် လမ်းညွှန်

Apple Device

အမေရိကန်နိုင်ငံ Apple Incမှ ထုတ်လုပ်သည့် iPhone, iPodနှင့် Mac အစရှိသည့်ပစ္စည်းများဟာ မြန်မာပြည်ရဲ့ ကွန်ပျူတာဈေးကွက်မှာ ပလာတာနှင့် အီကြာကွေးသဖွယ် ပလူပျံခဲ့တာ နှစ်အနည်းငယ်မျှသာ ရှိသော်လည်း ယနေ့လို တံခါးဖွင့်ပေးလိုက်သည့်ခေတ်ကြီးမှာ အခြားကဏ္႑မှာ ရင်းနှီးမြှပ်နှံမည့် သူများနည်းတူ အမေရိကန်မှ တရား၀င် အသိအမှတ်ပြုထားသူများ ပြည်တွင်း၌ လာရောက်လေ့လာခဲ့ကြသည်ကိုတော့ အရှေ့အပတ်တွေက အိုင်စီတီဂျာနယ်၌ ဖတ်ရှုရမှာပါ။

ယခုအပတ်မှာတော့ အမေရိကန် အသိအမှတ်ပြု ထိုင်းနိုင်ငံအခြေစိုက် Apple Thailand၏ ဖိတ်ကြားချက်အရ ပြည်တွင်းမှ ကွန်ပျူတာဆိုင်ပိုင်ရှင်အချို့ ထိုင်းနိုင်သို့ ဆွေးနွေးပွဲ တက်ရောက်နေကြကြောင်း သိရှိရသဖြင့် အိုင်စီတီဂျာနယ်မှ မေးမြန်းစုံစမ်းခဲ့ပါသည်။ ဆက်သွယ်မေးမြန်းချက်များအရ Apple Thailandမှ မြန်မာပြည်သို့ ယခုလောလောဆယ်တွင် Partnership ၃မျိုးဖြင့် ၀င်ရောက်ဖို့ စီစဉ်ထားကြောင်း သိရပါသည်။ ပထမနှစ်မျိုးမှာတော့ APR (Apple Premium Reseller)နှင့် AAR (Apple Authorized Reseller)တို့ ဖြစ်သည်။ ထိုင်းနိုင်ငံသို့ ရောက်ဖူးသည့်သူများအတွက်ကတော့ AARလို ဆိုင်မျိုးဟာ iStudio ပုံစံဖြစ်ကြောင်း၊ APR ဆိုသည်မှာတော့ iBeatလို အနည်းငယ် သေးသည့် ဆိုင်ဖြစ်ကြောင်း ဖြည့်စွက်ထားသည်။ နောက်ထပ်တစ်မျိုးဖြစ်သည့် CESလို Partnershipမျိုးနှင့် သဘောတူပြီး တရား၀င် လုပ်ကိုင်ကြမည်ဆိုရင်တော့ ယခု လက်ရှိ ပြည်တွင်းမှာ Apple ပစ္စည်းရောင်းနေသည့် ဆိုင်အားလုံးဟာ iPad တစ်မျိုးတည်းကိုသာ တရား၀င်ရောင်းချခွင့်ရမှာ ဖြစ်သည်ဟု ဆိုသည်။ ၄င်း Partnershipကိုတော့ ဆိုင်ပိုင်ရှင်တိုင်း လျှောက်ခွင့်ရှိပေမယ့် Apple၏ ထုံးစံအတိုင်း တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများကိုတော့ လိုက်နာရန် လိုအပ်ကြောင်း၊ မလိုက်နာခဲ့သည့် ဗီယက်နမ်တို့၊ ကမေ်ဘာဒီးယားနိုင်ငံတို့မှာဆို Apple ပစ္စည်းရောင်းချသည့် ဆိုင်များဆိုလျှင်လည်း Partnership မှ ရပ်ဆိုင်းခဲ့ဖူးကြောင်း ရှင်းပြသွားသည်။

Partnership လျှောက်ဖို့အတွက် လိုအပ်သည်များမှာတော့ business proposalနှင့်အတူ မိမိ ဆိုင်ဖွင့်ထားသည့် တည်နေရာ၊ ဆိုင်၏ ပြင်ဆင်ထားသည့် လက်ရှိဒီဇိုင်း၊ business profileနှင့် financial backgroundတို့ကို Apple Thailandသို့ တင်သွင်းပြီး လျှောက်ထားနိုင်ကြောင်း သိရသည်။ အကယ်၍ Partnership ရပြီးခဲ့ပြီဆိုလျှင်လည်း Appleမှ ချမှတ်ပေးထားသည့် Guideline အားလုံးကို လိုက်လံဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း ရှင်းပြခဲ့သည်ဟု ဆိုသည်။ Distributor ပေးဖို့ကတော့ လက်ရှိ ဆွေးနွေးပွဲအရ မဆုံးဖြတ်နိုင်သေးကြောင်း၊ သေချာတာကတော့ KMDကို ပေးမည် မဟုတ်ကြောင်းလည်း ထပ်မံ ပြောကြားခဲ့သည်။ နိုင်ငံတကာမှ Apple Distributor အားလုံးဟာ လက်လီ (Retail) ပြန်လည်ရောင်းချခွင့် မရှိဘူးဟုလည်း ဆိုသည်။

Apple Incဟာ နိုင်ငံကြီးများ၌ Apple Official Store လိုက်လံ ဖွင့်လှစ်လျှက်ရှိကြောင်း၊ ယခု မြန်မာပြည်သို့ လာရောက်သည့်ကိစ္စမှာ Apple Official Stroe ဖွင့်လှစ်ရန် မဟုတ်သေးကြောင်း၊ စင်္ကာပူနိုင်ငံတို့၊ ဘန်ကောက်တို့မှာတောင် Official Store မရှိသေးကြောင်း သိရသည်။ Apple Thailandသည် အာရှပစိဖိတ်၏ Apple ရုံးချုပ်ဖြစ်သော Apple Australia၏ အောက်တွင်ရှိပြီး၊ ယခုဆွေးနွေးပွဲအရ များမကြာမီ မြန်မာပြည်တွင်းသို့ တရား၀င် တင်သွင်းမည့် ပစ္စည်းများမှာ သြစတြေးလျနှင့် ထိုင်း နှစ်နိုင်ငံလုံးမှ မဟုတ်ပဲ Singaporeမှသာ ဖြစ်ကြောင်းလည်း ပွဲသို့တက်ရောက်ခဲ့သည့် လုပ်ငန်းရှင်တစ်ဦးမှ ပြောကြားသည်။ Thailandမှ Apple ပစ္စည်းများသည် ထိုင်းဘာသာများဖြင့် ရိုက်နှိပ်ထားသောကြောင့် ဖြစ်နိုင်သည်ဟုလည်း သုံးသပ်ရသည်။

Apple Incသည် ၄င်းထုတ်လုပ်သည့် ပစ္စည်းများကိုသာ Designအရ အကောင်းဆုံးဖြစ်အောင် တွေးခေါ်ထုတ်လုပ်သည် မဟုတ်ဘဲ၊ ၄င်းကိုယ်တိုင်သော်လည်းကောင်း၊ Partnershipဖြင့် ဖွင့်လှစ်ထားသည့် Retail ဆိုင်များအားလုံးကိုလည်း ၄င်းတွေးခေါ်ထားသည့် ဒီဇိုင်းအပြင်အဆင်များဖြင့် ဖွင့်လှစ်စေသည့်အတွက် Apple ဆိိုင်များသည်လည်း Apple-branded ပစ္စည်းများလိုပဲ ကမ်ဘာတစ်၀ှမ်းမှ လက်လီဆိုင်ကြီးများ အတုယူစရာ ဖြစ်နေကြောင်းလည်း တင်ပြလိုက်ရပါသည်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *