News

ကမ္ဘာပေါ်တွင် သဘာဝဓာတ်ငွေ့ကို ဒဿမအများဆုံးတင်ပို့သော မြန်မာနိုင်ငံသည် အာရှတိုက်တွင် ထိပ်ဆုံးနိုင်ငံဖြစ်ရပ်တည်််လျက်ရှိ

natrual-gas

လက်ရှိ ပြည်ပသို့ ဓာတ်ငွေ့ တင်ပို့ ရောင်းချနေသည့် အခြေအနေအရ မြန်မာနိုင်ငံသည် အာရှတိုက်တွင် သဘာဝဓာတ်ငွေ့ အများဆုံး တင်ပို့ ရောင်းချနေသော နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒဿမ အများဆုံး တင်ပို့သော နိုင်ငံဖြစ်ကြောင်း သိရှိရသည်။ ယင်းကဲ့သို့ သဘာဝဓာတ်ငွေ့သိုက်များမှာ သဘာဝဓာတ်ငွေ့များကို တင်ပို့ ရောင်းချရာတွင် ရတနာ သဘာဝ ဓာတ်ငွေ့သိုက်မှ သဘာဝဓာတ်ငွေ့များကို နေ့စဉ် တစ်နေ့လျှင် ကုဗပေ သန်း ၆၄၀ကို ထိုင်းနိုင်ငံသို့ နှစ် ၃၀စာချုပ်နှင့် တင်ပို့နေပြီး ယင်းသဘာဝ ဓာတ်ငွေ့သိုက်မှ ပြည်တွင်း သုံးစွဲရန် ဖြန့်ဝေပေးမှု ပမာဏ တစ်နေ့လျှင် ကုဗပေ သန်း ၁၈၀ရှိကြောင်း၊ ၁၉၉၈ခုနှစ်မှ စတင်၍ ထိုင်းနိုင်ငံသို့ ရောင်းချခဲ့ကြောင်း သိရသည်။

အလားတူ ရဲတံခွန် သဘာဝဓာတ်ငွေ့သိုက်မှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များကိုလည်း ထိုင်းနိုင်ငံသို့ သွယ်တန်း ရောင်းချနေပြီး တစ်နေ့လျှင် ကုဗပေ သန်းပေါင်း ၄၃၀ ရှိကြောင်း၊ ယင်းမြေကို ပက်ထရိုနပ် ကုမ္ပဏီမှ ဦးဆောင်ထုတ်လုပ်ပြီး၊ သဘာဝဓာတ်ငွေ့များ ရောင်းချနေကြောင်း၊ ၂၀၀၀ ပြည့်နှစ်မှ စတင်ရောင်းချခဲ့ကြောင်း သိရှိရသည်။ ထို့အတူ ဓာတ်ငွေ့ တူးဖော်ရာမှ ရရှိသော (ရေနံဆီ) တစ်နေ့လျှင် စည်ပေါင်း ၉၇၀၀အား ကမ်းလွန် ပလက်ဖောင်းမှ သငေ်္ဘာဖြင့် ကဲ့ယူရရှိပြီး ယခင်က နိုင်ငံခြားသို့ တင်ပို့ ရောင်းချသော်လည်း ယခုအခါ သန်လျင်ရေနံချက် စက်ရုံတွင် ပြန်လည် ချက်လုပ်ရန် စီစဉ်နေကြောင်း သိရှိရသည်။ သို့ရာတွင် ယင်းကဲ့သို့ သဘာဝ ဓာတ်ငွေ့များကို ရောင်းချရာ၌ ဓာတ်ငွေ့သိုက်တွင်ရှိသော ဓာတ်ငွေ့ပမာဏ အရည်အသွေး၊ အကဲဖြတ်မှုများအား နှစ်ရှည်ပြုလုပ်ရသောကြောင့် ဓာတ်ငွေ့သိုက်အား တွေ့လျှင်တွေ့ချင်း သုံးစွဲမှု မပြုနိုင်ကြောင်း၊ အနည်းဆုံး ၉နှစ်၊ ၁၀ နှစ်ကြာမှသာ ရောင်းချနိုင်ကြောင်း သိရှိရသည်။

“တကယ်တော့ သဘာဝဓာတ်ငွေ့က ရေနံလို မဟုတ်ဘူး။ ရေနံဆီက Spot Priceနဲ့ ရောင်းလို့ရတယ်။ ဓာတ်ငွေ့ကိုကျတော့ အရည် (LNG) လုပ်ရင်လုပ်၊ မလုပ်ရင် ပိုက်လိုင်းသွယ်ပြီးမှ ရောင်းချလို့ရတယ်။ ပမာဏ ဘယ်လောက်ရှိမယ်ဆိုတာ ဘယ်နှနှစ်လောက် ထုတ်ယူသုံးစွဲမယ်ဆိုတာ အချက်အလက်တွေပေါ် မူတည်ပြီး အကဲဖြတ် တွက်ချက်ပြီးမှ ရောင်းနိုင်ပါတယ်။ ဒီလို အကဲဖြတ်တာကို Third Partyက လုပ်တာပါ။ အဲဒီက Certifi-cationတွေရမှ ပမာဏ ဘယ်လောက်ကြီးတယ်။ နှစ်ပေါင်း ဘယ်လောက် ထုတ်ယူနိုင်မယ်ဆိုတာကို တွက်ပြီး (take off pay) မယူမနေရ စာချုပ်နဲ့ ရောင်းကြတာပါ။ ဒီလိုစာချုပ်အရ နှစ်သုံးဆယ် ရောင်းမယ်လို့ အာမခံရင် နှစ်သုံးဆယ်ရောင်းရပါတယ်။ ရောင်းတဲ့သူ ဘက်ကရော ဝယ်တဲ့သူ ဘက်ကပါ ပျက်ကွက်လို့ မရပါဘူး”ဟု Smart Group of Companies ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်က မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ အလားအလာ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သော ဟောပြောပွဲတွင် ပြောကြားခဲ့သည်။

အလားတူ မုတ္တမကမ်းလွန် M9တွင်ရှိသော ဇောတိက စီမံကိန်းအား ထိုင်းနိုင်ငံအား ရောင်းရန် စီစဉ်ထားသော်လည်း ယင်းကဲ့သို့ တွက်ချက်ရာတွင် အချိန်ပေးရသော ဓာတ်ငွေ့၏ သဘောသဘာဝအရ ၁၉၉၈ခုနှစ်တွင် စတင် တွေ့ရှိသည့်အတွက် ၁၅နှစ် ကြာမြင့်ပြီ ဖြစ်သော်လည်း ရောင်းသည့်အဆင့် မရောက်သေးကြောင်း သိရှိရသည်။ ထို့အတူ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အနီးရှိ ရွေှသဘာဝ လုပ်ကွက်အား ၂၀၀၃ခုနှစ်တွင် စတင် တွေ့ရှိခဲ့ပြီး တူးဖော်ခဲ့သော်လည်း ၂၀၀၃-၂၀၁၃ခုနှစ်အထိ ဆယ်နှစ် ကြာမြင့်နေပြီ ဖြစ်သော်လည်း တရုတ်ပြည်ကို တင်ပို့ရောင်းချရန် ပြင်ဆင်ဆဲ အဆင့်သာ ရှိသေးကြောင်း ဦးကျော်ကျော်လှိုင်က ပြောသည်။ ယင်းကဲ့သို့ အနေအထားများ ရှိနေသော်လည်း မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် အာရှတိုက်တွင် ဓာတ်ငွေ့အများဆုံး တင်ပို့ရောင်းချနေသော နိုင်ငံတစ်နိုင်ငံ ဖြစ်နေပြီး ကမ္ဘာပေါ်တွင် ဒဿမ အများဆုံး တင်ပို့ ရောင်းချနေသော နိုင်ငံဖြစ်ကြောင်း သိရှိရသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *