Opinion

နေ့မကူး နေ့ချင်းဖူး စွယ်တော်လေးဆူ

မြန်မာပြည်တွင် တန်ခိုးကြီးဘုရားများအနက်မှ အနော်ရထာမင်းကြီး တည်ထား ကိုးကွယ်တော်မူခဲ့တဲ့ စွယ်တော်မြတ် လေးဆူကို တင်ပြချင်ပါ တယ်။ ကောဇာသက္ကရာဇ် ၃၇၉ မှာ အရိမဒ္ဒနပူရခေါ် ပုဂံပြည်၌ သီရိအနုရုဒ္ဓဒေ၀ ဘွဲ့ခံ အနော်ရထာမင်းကြီး ထီးနန်းတက်ခဲ့ပါတယ်။ သက္ကရာဇ် ၃၉၃ မှာ သီဟိုဠ်မင်း ဓာတုသေနက အနော်ရထာမင်းကြီးကို ဗုဒ္ဓရဲ့ သရီရစွယ်တော် ကို ပေးခဲ့တယ်။ မြန်မာနိုင်ငံမှာ စတင် သာသနာတော် ဖြစ်ထွန်းအောင် ကြံဆောင် ခဲ့တဲ့သူဟာ ရှင်အရဟံ ဖြစ်ပါတယ်။ အဲဒီမှာတင် ရှင်အရဟံက မင်းကြီးကို သာသနာတော်အရှည်တည်ဖို့အတွက် အများပြည်သူတွေ ပူဇော်နိုင်ရန် သီးသန့်နေရာမှာ တည်ထားကိုးကွယ်သင့်တယ်လို့ အကြံပြုခဲ့တယ်။ ရာဇ၀င်က ပြောရရင် အရှည်ကြီးပဲ။ ‘ဒီတော့ တိုတိုပဲ ပြောလိုက်တော့မယ်နော်။ အဲဒီမှာတင် အနော်ရထာမင်းက အဓိဋ္ဌာန်ပြုပြီး စွယ်တော်ကို ပွားခဲ့ပါတယ်။ စေတီလေးဆူ တည်ထားကိုးကွယ်ခဲ့ပါတော့တယ်။
အနော်ရထာမင်းကြီး၏ သစ္စာတော် အဓိဋ္ဌာန်ကတော့ ငါတည်ထား ကိုးကွယ်တော်မူအပ်သော စွယ်တော်မြတ်လေးဆူကို အကြင်သူသည်

နောက်နေ့မကူး နေ့ချင်းဖူး၏။
လှူသည့်ပုဂ္ဂိုလ် မပိုတူ၏။
တောင်းဆိုစကား မမှားတူ၏။
သီလငါးချက် မပျက်လုံ၏။
ထိုသည်သူအား မကြာချက်ချင်း
လက်ငင်းကောင်းကျိုးထူးစေသတည်း တဲ့။

ဤဆုတောင်းပြည့်၀ မှန်ကန်တဲ့ စေတီတော်လေးဆူမှာ –
ရွေှစည်းခုံ၊ တုရင်တောင်၊ လောကနန္ဒာ၊ တန့်ကြည်တောင်ဘုရားများ ဖြစ်ပါသည်။ ရွေှစည်းခုံဘုရားသည် ညောင်ဦး မဏိစည်သူဈေးမှ အနောက် ဘက်သို့ လေးဖာလုံခန့် ဆက်သွားလျှင် ရွေှတောင်ကြီး ပုံထားသကဲ့သို့ ဖူးတွေ့ရပြီး ရွေှဆွမ်းအုပ်ကြီး တည်ထားသလို ပုဂံရဲ့ စွယ်တော်မြတ် အဦးအဖျား ကိန်း၀ပ်ရာ ရွေှစည်းခုံ ဘုရားကြီးကို ဖူးတွေ့ရမည် ဖြစ်ပါသည်။ တောင်ဘက်စောင်းတန်းနှင့် အရှေ့ဘက်စောင်းတန်း ရှည်ကြီး နှစ်ခု ရှိရာ ပုဂံညောင်ဦးဒေသထွက် ပစ္စည်းများရောင်းချနေသော ဈေးဆိုင်များ အလွန် တရာ စည်းကားလှတာကို တွေ့ရှိခဲ့ရပါသည်။ သက္ကရာဇ် ၃၉၃ ခုနှစ်တွင် ရွေှစည်းခုံ စေတီတော်မြတ်ကြီးကို သီဟိုဠ်မှရသော စွယ်တော်အပြင် တရုတ် ပြည်မှရသော မြဆင်းတု၊ သရေခေတ္တရာမှရသော ဘုရား၏ သင်းကျစ်တော် နှင့် မင်းကြီး၏ ကိုယ်စားတော် ရတနာပန်းတောင်းဖက်ဟန် ရွေှစင်သွန်း၍ ဌာပနာတော်မူခဲ့လေသည်။ သက္ကရာဇ် ၄၄၆ ခုနှစ်တွင် နန်းတက်တော်မူသော ကျန်စစ်မင်းကြီးသည် ရွေှစည်းခုံ စေတီတော်အား သက္ကရာဇ် ၄၅၁ ခု၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်နေ့တွင် အနော်ရထာမင်းကြီးရဲ့ ဆန္ဒအတိုင်း ဖိနပ်ခြေသံတောင် (၃၀၀) အမြင့်သံတောင် (၈၀) ရှိသော အပြင်ကပ်စေတီကို တည်တော်မူခဲ့လေသည်။ ယခုဖူးမြင်ခဲ့ရသော ရွေှစည်းခုံစေတီတော်မှာ ပုဂံတွင် ရှားပါးလှသော ကျောက်သားဖြင့် တည်ထားကိုးကွယ်ခဲ့သော ဘုရား ၄၅ဆူ အနက် တစ်ဆူအပါအ၀င် ဖြစ်ပါသည်။

ဒီနောက် တုရင်တောင်သည် ပုဂံမြို့ အရှေ့တောင်ဘက် (၆)မိုင် အကွာ တုရင်တောင်ထိပ်တွင် တည်ရှိပြီး အနော်ရထာမင်းကြီး တည်ထား ကိုးကွယ် ခဲ့သော စွယ်တော်မြတ် စေတီတစ်ဆူပဲ ဖြစ်ပါသည်။ တုရင်တောင်မှာ လွန်ခဲ့သော နှစ်ပေါင်း ၂၅သန်းက ဖြစ်ပေါ်ခဲ့သော သဲကျောက်တောင် ဖြစ်သည်ဟု ဆိုပါသည်။ တုရင်တောင်နှင့် တစ်ဆက်တည်း သက်လူမျိုးတို့ နေထိုင်ခဲ့သော သက်စိုးတောင်လည်း ရှိပါသေးသည်။ တုရင်ဟူသော အဓိပ္ပာယ်မှာ တုရင်္ဂဟူသော ပါဠိမှလာပြီး (မြင်းနှင့်တူသော တောင်)ဟူ၍ အဓိပ္ပာယ်ရပါသည်။ အနော်ရထာမင်းကြီးက စွယ်တော်ပွားတစ်ဆူအား ဆင်ဖြူရတနာပေါ်တွင် တင်၍ အဓိဋ္ဌာန်ဖြင့် လွှတ်ရာ ဆင်ဖြူတော်သည် ဤ တောင်ထိပ်သို့တက်၍ ၀ပ်သောကြောင့် စွယ်တော်ပွားကို ဌာပနာ စေတီတည်ခဲ့ ခြင်းပင် ဖြစ်ပါတော့သည်။
တုရင်တောင်စေတီတော်ကြီး၏ အထက်ပိုင်းထီးတော်မှာ သေးသွယ်ချွန် တက်သည်။ ခေါင်းလောင်းပုံမှာ လုံး၀န်းပုပြတ်ပြီး ခေါင်းလောင်းပုံအောက်ခြေ တွင် ရှစ်မြှောက့်ပစ္စယံရှိပါသည်။ ထိုပစ္စယံများကို ဆင်ရုပ် ၃၂ ရုပ်ဖြင့် ခံထား လေသည်။

ပုဂံမြို့သစ် အနောက်တောင်ဘက် သီရိပစ္စယာရွာ ဧရာ၀တီမြစ်ကမ်းနဖူးရှိ တောင်ကမ်းပါးယံပေါ်တွင် လောကနန္ဒာ စွယ်တော်ဘုရားကို ဖူးတွေ့ရမည် ဖြစ်ပါသည်။ အနော်ရထာမင်းကြီးသည် သီဟိုဠ်ဘုရင် ဓာတုသေနမင်း ဆက်သသော စွယ်တော်တစ်ဆူကို ထပ်မံပွား၍ ရတနာဆင်ဖြူတော်တွင် တင်ကာ လွှတ်သည်။ ထိုဆင်ဖြူတော်၀ပ်ရာအရပ်တွင် စွယ်တော်ဘုရား တည်မည်ဟူသော အဓိဋ္ဌာန်ကြောင့် ယခု ဧရာ၀တီမြစ်ကမ်းပါး ပုဂံသငေ်္ဘာ ဆိပ်အနီး ကုန်းမြင့်တွင် ဆင်ဖြူတော်၀ပ်ရာ လောကနန္ဒာစွယ်တော်မြတ် စေတီတော်ကို တည်တော်မူခဲ့သည်။ ပုဂံပြည်၏ ထောင့်လေးထောင့်တွင် စွယ်တော်လေးဆူ တည်ရှိခဲ့သည့်အနက် ဤစွယ်တော်မြတ်ဘုရားမှာ တတိယ မြောက်ဖြစ်ပြီး ပုဂံရဲ့ အနောက်တောင်ထောင့်တွင် တည်ရှိလေသည်။

သမိုင်းမှတ်တမ်းများအရ စေတီရဲ့ အထက်ပိုင်းတွင် ထီး၊ ဖောင်း ရစ်များ ဂုံးလျောတစ်လှည့် အဖောင်း တစ်လှည့်ဆင်ထားသည်။ ခေါင်းလောင်းပုံ သဏ္ဌာန်မှာ ပျူဘုရားများရဲ့ လက်ရာဖြစ်၍ ရှည်လျားပြီး ခေါင်းလောင်းနား သည် ကော့နေလေသည်။ မှန်ကူကွက်သဏ္ဌာန် ဖောင်းကြွပန်းခက်ကြီးများ ခေါင်းလောင်း ရင်စည်းအဖြစ် ပတ်ထားသည်။ အောက်ခြေတွင် ၁၆ မြှောင့် ပစ္စယံနှစ်ဆင့်၊ ရှစ်ထောင့်ပစ္စယံ သုံးဆင့်ရှိပြီး ပစ္စယံအဆင့်ဆင့်ပေါ်သို့ တက်ရန် တောင်၊ မြောက်၊ အရှေ့ဘက်တို့တွင် နတ်လမ်းလှေကားများ ရှိ သည်။ ယခုသွားရောက်ဖူးမြော်ချိန်တွင် အောက်ခြေပတ်ပတ်လည်တွင် သင်ဖျူးများ ကာရံထားပြီး ရွေှချပြုပြင်မွမ်းမံနေသည်ကို တွေ့ရှိခဲ့ရပါသည်။

တန့်ကြည်တောင်စွယ်တော် စေတီတော်မြတ်ကြီးသည် အနော်ရထာ မင်းကြီး အဓိဋ္ဌာန်ဖြင့် ဆင်ဖြူတော် ဒုတိယအကြိမ် ရပ်တန့်တော်မူသော နေရာတွင် ဌာပနာခဲ့ခြင်း ဖြစ်ပါသည်။ သက္ကရာဇ် ၃၉၆ ခုနှစ်တွင် ရှင်အရဟံ မထေရ်၏ တိုက်တွန်းချက်အရ အနော်ရထာမင်းကြီး တည်ထားကိုးကွယ် ခဲ့လေသည်။ ဆင်ဖြူ ရတနာသည် ပုဂံနန်းတော်အား သုံးပတ်လှည့်ပြီးနောက် ဧရာ၀တီမြစ်ကို ကူးလေသည်။ ထို့နောက် တန့်ကြည်တောင်ထိပ် တောင်ပူဇာ တွင် ပဆစ်တစ်ဖက်တုပ်င ဆင်ဖြူတော်အော်သဖြင့် ရှင်အရဟံအား အနော် ရထာက မေးလျှောက်ရာ မင်းကြီး ကြောက်တော်မူသည်ကို သိ၍ ထိုအရပ်၌ ရှစ်မျက်နှာသက်တော်ရှည် ဘွဲ့အမည်တွင်သော ဘုရားတည်သည်။ ဆင်ဖြူ ရောက်သည့်နေ့မှစ၍ မိုးကြီးသည်းထန်စွာ ရွာသောကြောင့် ရှင်ပင်မိုးကောင်း ဘုရား တစ်ဆူတည်သည်။ ဆင်ဖြူတော်က အနောက်စူးစူး တောင်ခြေသို့ သွားပြီး မာန်သွင်းသောနေရာ၌ ဆင်မာန်သွင်းဘုရားတည်သည်။ နောက်ဆုံး ဆင်ဖြူတော် ယခုစေတီတည်သော နေရာ၌ ၀ပ်သဖြင့် စွယ်တော်မြတ်အား ဌာပနာ၍ သက္ကရာဇ် ၁၉၇ ခုနှစ်တွင် တန့်ကြည်တောင် စွယ်တော်မြတ်ဘုရား ဖြစ်ပေါ်လာပေတော့သည်။

စွယ်တော်မြတ်လေးဆူသည် အံ့မခန်းသည် အဓိပ္ပာယ်များဖြင့် ပြည့်နှက်နေပြီး ဖူးမြော်ချင်စရာ နေရာများပင် ဖြစ်ပေသည်။ တကယ့် သစ္စာ သမာဓိရှိတဲ့သူသာ ပြည့်စုံမယ်လို့ ကျွန်မ ယုံကြည်မိပါသည်။ ကျွန်မလည်း ပုဂံဘုရားများကို သုံးခေါက်ဘဲ သွားရောက်ဖူးမြော်ခဲ့ရပါသေးသည်။ ဖူးမြော် နေတဲ့အချိန်မှာ ကြည်နူးမှု၊ စိတ်၏အေးချမ်းမှုကို ခံစားခဲ့ရပြီး ပြောမပြတတ် အောင်လည်း ၀မ်းသာ ကြည်နူးမိပါသည််။ ကျွန်မလေ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေ ကိန်း၀ပ်နေတဲ့ မြန်မာနိုင်ငံကို ကိုယ််စားပြုနေတဲ့ ပုဂံပြည်ကို အခြေအနေ ပေးခဲ့ရင် ထပ်မံသွားရောက်ဖူးမြော်ချင်ပါသေးသည်။ ကျွန်မသွား ခဲ့ရတဲ့ သုံးခေါက်မှာ ပထမတစ်ခေါက်က မိသားစုနှင့် သွားခဲ့ရပြီး ဒုတိယ တစ်ခေါက်ကတော့ ကျောင်းပြီးတုန်းက မေဂျာကသွားတာကို မလိုက်ဘဲနဲ့ သူငယ်ချင်းတွေနဲ့ ထပ်မံ သွားရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုတတိယအကြိမ် မှာတော့ ၂၀၁၃ သင်္ကြန်တွင်းမှာ မောင်နှမများဖြင့် သွားရောက်ဖူးမြော် ခဲ့ပါသည်။ သုံးခေါက်စလုံးဟာ ကျွန်မအတွက် မမေ့နိုင် စရာ နေ့ကလေးတွေ ဖြစ်ခဲ့ပေသည်။ အရမ်းလည်း ပျော်ရွှင်ကြည်နူးမိခဲ့သည်။ မြန်မာနိုင်ငံမှာ ဒီလို ရှေးဟောင်း အမွေအနှစ်တွေ ဆက်လက် တည်ရှိနေစေချင်တာ ကျွန်မရင်ထဲ က ဆန္ဒဖြစ်ပါသည်။

ပုဂံမြို့သည် ပူပြင်းခြောက်သွေ့သော နေရောင်ခြည်အောက်တွင် ဖူးမြော် စရာ စေတီပုထိုးများဖြင့် တင့်တယ်လှပသည့် နိုင်ငံခြားသားများ လေ့လာစရာ အထင်ကရ မြန်မာပြည်ရဲ့ ကျက်သရေကို ၀င့်၀င်ထည်ထည် ဆောင်ရွက်နေ ပေတော့သည်တကား။ မိတ်ဆွေတို့ကော သွားရောက်ဖူးမြော်ပြီးကြပြီလို့ ကျွန်မ ထင်မိပါတယ်။ သွားရောက်ခဲ့ရင်လည်း စွယ်တော်လေးဆူကို ဖူးမြော်ဖြစ်အောင် ဖူးမြော်စေ ချင်မိပါတော့တယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *