News

လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုများကို အစိုးရနှင့် ဖေ့စ်ဘွတ်ခ် ပူးပေါင်းစိစစ်မည်

လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုများကို အစိုးရနှင့် ဖေ့စ်ဘွတ်ခ် ပူးပေါင်းစိစစ်မည်

ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် လူမျိုးရေး၊ ဘာသာရေးသွေးထိုးလှုံ့ဆော်မှုများကို စိစစ်ကန့်သတ်ရန် မြန်မာအစိုးရ၏ တောင်းဆိုချက်အရ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက စိစစ်ကန့်သတ်မှုများကို ၂၄ နာရီပတ်လုံးပြုလုပ်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဆွေးနွေးမှုများတွင် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှသွေးထိုးလှုံ့ဆော်မှုများလျော့ကျစေရန် ဖေ့စ်ဘွတ်ခ်စည်းကမ်းမူ ဘောင်နှင့်အညီ စိစစ်မှု၊ ပိတ်ပင်မှုများ ပြုလုပ်ပေးရန်အစိုးရက ဖေ့စ်ဘွတ်ခ်မှ တာ၀န်ရှိသူများအား တောင်းဆိုခဲ့ပြီး ဖေ့စ်ဘွတ်ခ်ကလည်းလက်ခံခဲ့သည်။

မန္တလေးမြို့တွင် ပဋိပက္ခဖြစ်ပွားနေချိန်အတွင်း လူမှုကွန်ရက် ပေါ်တွင်ဖြစ်ပေါ်နေသော သွေးထိုးလှုံ့ဆော်မှုများ၊ ကောလာဟ လများ၊ အမုန်းစကားများလျော့ကျစေရေးနှင့်ပတ်သက်၍ အစိုးရ က ဖေ့စ်ဘွတ်ခ်နှင့် Silicon Valley မှ ပညာရှင်များနှင့်တွေ့ဆုံဆွေး နွေးခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးမှုတွင် ဖေ့စ်ဘွတ်ခ် မှ ပညာရှင်သုံးဦး၊ ကမ္ဘာ့နာမည် ကြီးနည်းပညာကုမ္ပဏီကြီးများအခြေစိုက်ရာ Silicon Valley မှ ပညာရှင်နှစ်ဦးပါ၀င်ခဲ့သည်။ ဖေ့စ်ဘွတ်ခ် ၀ါရှင်တန်ဒီစီအခြေစိုက်ရုံးချုပ်၊ အိုင်ယာလန်အခြေစိုက်၊ အာရှ-ပစိဖိတ်တာ၀န်ခံစင်ကာပူမှတာ၀န်ရှိသုံးဦးဖြစ်ပြီး ၎င်းတို့သည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ စိစစ် အကဲဖြတ်ရန် ဖေ့စ်ဘွတ်ခ်မှ တာ၀န်ပေးထားသူများဖြစ်သည်။

အစိုးရနှင့် အဆိုပါပညာရှင် များတွေ့ဆုံရာတွင် နည်းပညာဆိုင်ရာ စိစစ်တည်းဖြတ်ခြင်းကွန်ဖရင့်တစ်ခုကို ဇူလိုင်တတိယပတ် တွင် ကျင်းပပြုလုပ်ရန် သဘော တူညီခဲ့ပြီး ယင်းဆွေးနွေးပွဲသို့ ဖေ့စ်ဘွတ်ခ်နှင့် ဂူးဂဲလ် အပါအ၀င်နည်းပညာ ကုမ္ပဏီကြီးများ လာရောက်မည်ဖြစ်သည်။

အစိုးရဖိတ်ကြားထားသည့် ဖေ့စ်ဘွတ်ခ်၊ ဂူးဂဲလ်မှ နည်းပညာရှင်များ၊ နည်းပညာကုမ္ပဏီများက မြန်မာနိုင်ငံမှ အစိုးရတာ၀န်ရှိ သူများ၊ နည်းပညာရှင်များ၊ ဖေ့စ်ဘွတ်ခ်အသုံးပြုသူများ၊ လူငယ်များနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသောစိန်ခေါ်မှု များကိုဖြေရှင်းဆောင်ရွက်ရန် ဇူလိုင်လ တတိယပတ်တွင် ရန်ကုန် မြို့၊ MICT Park ၌ တွေ့ဆုံကြ မည်ဖြစ်သည်။

‘‘လူငယ်တွေကို အဓိကထား ဖိတ်ကြားသွားဖို့ အကြမ်းဖျင်းစီစဉ်နေပါတယ်။ လူအများလာ ရောက်နိုင်ဖို့ MICT Park မှာ လုပ်ဖို့ လျာထားပါတယ်’’ဟု သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးကပြောသည်။ အဆိုပါကွန်ဖရင့်မကျင်းပမီ သဘောတူညီချက်အတိုင်းဖေ့စ်ဘွတ်ခ်က ၎င်း၏စည်းကမ်း၊ မူ ဘောင်နှင့်အညီစိစစ်ကန့်သတ် သွားမည်ဖြစ်သည်။

ယင်းကဲ့သို့ ဘာသာရေး၊လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားစေနိုင်သည့် အကြောင်းအရာရေးသားသူများအား စိစစ်ကန့်သတ်မည့်အစီ အစဉ်ကို ဥပဒေပညာရှင်များနှင့် အိုင်တီနည်းပညာရှင်များက သတိဖြင့်ကြိုဆိုကြသည်။

‘‘ဒီလိုကန့်သတ်မှုတွေကို စင်ကာပူ၊ တရုတ်နိုင်ငံတွေမှာလည်း လုပ်ကြတယ်။ အဲဒီလိုလုပ်တာ ကောင်းပါတယ်။ တရားဥပဒေစိုးမိုးမှုရှိလာတဲ့သဘောပေါ့။ ဒါပေမဲ့ အဲဒီလို စိစစ်ပေးမယ့်သူတွေက ရိုးသားဖို့တော့လိုတယ်။ အမုန်းစ ကားတွေကို တကယ်ပဲ တားချင်တဲ့သူလား။ အလွဲသုံးစားလုပ်မယ့် သူလား။ အဲဒီလို စိစစ်ပေးမယ့်သူ တွေရဲ့အထက်မှာ ဘယ်သူတွေ က လွှမ်းမိုးထားသလဲ။ ရိုးသားတယ်။ ထက်မြက်မယ်ဆိုရင်တော့ တန်ဖိုးရှိတယ်’’ဟု မန္တလေးကွန်ပျု တာပညာရှင်များအသင်းဥက္ကဌ ဦးရဲမြတ်သူကပြောသည်။

မန္တလေးမြို့တွင် ဖြစ်ပွားသော ပဋိပက္ခများသည် ဖေ့စ်ဘွတ်ခ် မှတစ်ဆင့် ပျံ့နှံ့လာခြင်းမဟုတ်ဘဲ အကြမ်းဖက်လူတစ်စုက ဒိုင်နာကားများဖြင့် အုပ်စုလိုက် လာရောက်ပြီးအကြမ်းဖက်ရာမှ စတင်ဖြစ်ပွားလာခြင်းဖြစ်သည် ဟု ၎င်းကပြောကြားသည်။ အမုန်း စကားများ ပျံ့နှံ့လာမည်ကို တားဆီးလို၍မဟုတ်ဘဲ နိုင်ငံရေးအသုံးချအလွဲသုံးစားလုပ်ပြီး ရိုးရိုးသာ မန်သုံးစွဲသူများ၏ အခွင့်အရေးကို ပိတ်ပင်မည်ဆိုပါက မြန်မာနိုင်ငံ အတွက် မကောင်းနိုင်ဟု ၎င်းက ဆိုသည်။

မန္တလေးပဋိပက္ခ ကာလအတွင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာများကို အစိုးရက ခေတ္တဖြတ်တောက် ခဲ့သည်။ ထိုသို့ဖြတ်တောက်ထား ခဲ့သည့်အတွက် အကောင့်အမှန်ဖြင့်သုံးစွဲသူများ၊ ဖေ့စ်ဘွတ်ခ်အသုံးပြု၍ လူမှုရေးပဋိပက္ခများဖြစ်ပွားမှုကို အသိပညာပေးသူအချို့ က လူမှုကွန်ရက်များတွင် အစိုးရ အားဝေဖန်ပြောဆိုခဲ့သည်။

‘‘ဆိုက်ဘာဥပဒေလုပ်ဖို့က ခြောက်လတစ်နှစ်လောက်လိုဦးမှာ။ ဒီတော့ အဲဒီဥပဒေမပြဋ္ဌာန်းခင်မှာ အစိုးရအနေနဲ့ အွန်လိုင်း ပေါ်မှာ အမုန်းစကားပြောနေတဲ့ သူကို အရေးယူဖို့ ညွှန်ကြားချက် တစ်ခု အမြန်ဆုံး ထုတ်ပြန်သင့် တယ်။ ဆက်သွယ်ရေးအပြင် ပြန် ကြားရေး၀န်ကြီးဌာနနဲ့ ပူပေါင်း ဆောင်ရွက်ရင် ပိုကောင်းတယ်’’ ဟု ဥပဒေပညာရှင် ဦးမင်းတေဇ ကပြောသည်။

သို့သော် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများသည့် ဖေ့စ်ဘွတ်ခ်တစ်ခုတည်းကသာစတင်ခြင်းမဟုတ်ဘဲ လူထုအကြား ကောလာဟလများ ယုံကြည်ပျံ့နှံ့သည့်အလေ့အထသည် ပြဿနာ ဖြစ်ကြောင်း ၎င်းကဆိုသည်။ ထို့ ကြောင့်အစိုးရအနေဖြင့် ပြဿနာ တစ်ခုခုဖြစ်ပွားသည့်အခါတိုင်းအ ချိန်နှင့်တစ်ပြေးညီထုတ်ပြန်ပေး ရန်အရေးကြီးသည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *