နှစ်သစ်ကတော့ သစ်ပြီ သို့ပေမယ့် သင်္ကြန်နှစ်သစ်ကူးလောက် စိတ်နှလုံးမှာ မပျော်ရွှင်မိပေ… သင်္ကြန်လောက်လည်း စိတ်ထဲမကြည်နူးမိပေ။ ဘာကိုပျော်ရွှင်ရမှန်းလဲ သေချာမသိပါ။ အများလို ဆုမတောင်းတတ်ပေမယ့် ပြောစရာရှိတာတော့ ပြောရအုန်းမည်။ ယနေ့အချိန်ခါဆိုလျှင် မြန်မာပြည်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ များစွာဝင်ရောက်လာတာကို တဖြည်းဖြည်းတွေ့လာရသည်။ သို့ပေမယ့် စဥ်းစားစရာက မြန်မာပြည်အတွက်လား၊ သူတို့အတွက်လား ဆိုတာတော့ တွေးတောစရာပင်။ အများအမြင်မှာတော့ ပြည်ပက ကုမ္ပဏီတွေ ဝင်ရောက်လာတာဟာ ပြည်တွင်းကလူတွေ အလုပ်တွေများလာမယ်၊ လုပ်ခလစာတွေ မြင့်တက်လာမယ့်ပေါ့။ အလုပ်တွေ များလာတယ်ဆိုတာလည်း မှန်ပါတယ်၊ လုပ်ခလစာတွေ မြင့်တက်လာတာလည်း မှန်ပါတယ်။ သို့ပေမယ့် သေချာကြည့်ပြီး၊ တွေးတောကြည့်မှ မြင်နိုင်မယ့်အရာတွေလည်း ပါလာသည်။ ကိုယ်နဲ့လက်လှမ်းမှီတဲ့ အိုင်တီကဏ္ဍကိုပဲ ပြောပါမည်။
အိုင်တီကဏ္ဍမှာဆိုရင် ကုမ္ပဏီတွေ အများကြီး ဝင်ရောက်လာတဲ့ အထဲမှာမှ အများစုက ဂျပန်ကုမ္ပဏီတွေ ဖြစ်သည်။ တစ်ချို့ကုမ္ပဏီတွေက လစာနှုန်းထားတွေ အရမ်းကောင်းကြသည်၊ မြင့်ကြသည်။ တစ်ချို့ကုမ္ပဏီတွေကတော့ လစာနှုန်းထားတွေဟာ မြန်မာကုမ္ပဏီတွေနဲ့ မတိမ်းမယိမ်းပင် ဖြစ်သည်။ နှုန်းထားမြင့်တဲ့ ကုမ္ပဏီပမာဏဟာ လက်ချိုးရည်လို့ရပေမယ့် တစ်ခြားမှိုလိုပေါက်နေတဲ့ လစာနှုန်းထားနှိမ့် ကုမ္ပဏီတွေကတော့ အများကြီးရှိသည်။ သို့ပေမယ့် သူတို့ကုမ္ပဏီတွေမှာ တူတဲ့ရည်ရွယ်ချက်တွေတော့ ရှိသည်။ အဲဒါကတော့ ဂျပန်စာ သင်ပေးမည်၊ ကြိုးစားလျှင် ဂျပန်သို့သွားရောက် အလုပ်လုပ်နိုင်မည်၊ ဂျပန်သွားလျှင် လစာနှုန်းထား မြင့်မြင့်နဲ့ရမည်။ မြန်မာပြည်လို လစာနှုန်းထားအရမ်းနှိမ့်တဲ့ အလုပ်သမားတွေ အတွက်တော့ ဘာသာစကားလေး တစ်ခုသင်လိုက်တာနဲ့ အဲ့လိုအခွင့်အရေးတွေ ရနိုင်ပါလားဆိုပြီး အတွေးတွေ ဝင်သွားနိုင်သည်။ တမင်တကာလည်း ဝင်အောင် လုပ်ထားခြင်းဖြစ်သည်။ ဒါဆိုဟုတ်ပြီ အဲဒိကုမ္ပဏီတွေက ဂျပန်စာသင်တဲ့သူတိုင်းကော ဂျပန်ရောက်သလား၊ ဒါမှမဟုတ် ရောက်တယ်ဆိုရင်ကော ဂျပန်တွေနဲ့တန်းတူရသလား။ မြန်မာပြည်မှာ သူတို့စီးပွားရေးအတွက် ရင်းနှီးမြှုပ်နှံတယ်ဆိုပြီး ဘာလို့စီးပွားရေး သက်သက်မလုပ်ပဲ ဘာသာစကားကို အဓိကအခန်းကဏ္ဍတစ်ခုအနေနဲ့ မဖြစ်မနေ သင်နေကြတာလဲ။ တခြားနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံတဲ့ ဂျပန်ကုမ္ပဏီတွေကကော အဲဒိနိုင်ငံက အလုပ်သမားတွေကို ဂျပန်စာတွေ သင်ခိုင်းလို့လား… ကျွန်တော်တို့ တွေးတောရမှာတွေ အများကြီး ဖြစ်ပါတယ်။
နောက်တစ်ချက်က မြန်မာကို ကြွေးတွေအများဆုံး လျော်ပေးနေတာဟာ ဂျပန်နိုင်ငံ ဖြစ်ပါတယ်။ အများသိရင်တော့ ဂျပန်က မြန်မာကို သမိုင်းတုန်းက သူ့အပြစ်တွေကိုပဲ ဆေးကြောသလိုလို ဘာလိုလိုနဲ့ ထင်ကောင်းထင်နိုင်သည်။ တကယ်တော့ အဲဒိပိုက်ဆံတွေဟာ ဘယ်ကပြန်ဝင်နိုင်တယ်ဆိုတာတွေကို ဘယ်လိုမျိုး ပလန်တွေနဲ့ နောက်ကွဲက ဆွဲထားသလဲဆိုတာတော့ ဘယ်သူမှမသိနိုင်။ ဂျပန်ဆိုတာမျိုးက ကျွန်းတောင်မှ တရုတ်နဲ့အငြင်းပွားတဲ့ နိုင်ငံမျိုး ဖြစ်သည်။ ဂျပန်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေး အသိုင်းအဝိုင်းမှာဆိုရင် စီးပွားရေးပျက်စီးနေတာ ၁၀စုနှစ်တစ်ခုကျော် ကြာသွားပြီ ဖြစ်တယ်။ ဘေဂျင်း ၂၀၀၈ လို့အမည်ရတဲ့ ခေါင်းစဉ်နဲ့ ပန်းချီကားကို ကြည့်ရရင် ဂျပန်စီးပွားရေးဟာ ဒီတစ်ပွဲမှာမှ မနိုင်ဘူးဆိုရင် ကမ္ဘာ့စီးပွားရေးကစားပွဲရင် အပြင်ဘက်ကို ရောက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်ဟာ သူ့စီးပွားရေး အင်ဂျင်ကြီးကို ပြန်လည်အားဖြည့်ဖို့အတွက် ဒေသအတွင်းမှာ အကြံတွေထုတ်နေပုံရပါတယ်။ အဲဒိအထဲ မြန်မာပြည်ဟာ သူ့အင်ဂျင်ကြီးအားကောင်းဖို့အတွက် ကဏ္ဍတစ်ခုမှာအသုံးချဖို့ အတွက်သာ ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံဟာ ဘယ်လိုမှကို အဖတ်ဆယ်စရာ ရှိတော့မည်မဟုတ်ပေ။ ဘာလို့လည်းဆိုတော့ ဂျပန်တွေ ဝင်လာသည်၊ ဂျပန်စာတွေ သင်သည်၊ အရမ်းကျွမ်းကျင်တဲ့ ပညာရှင်တွေကို ဂျပန်ကိုခေါ်သွားသည်။ သို့ပေမယ့် ဂျပန်တွေနဲ့ တန်းတူရတာမဟုတ်ပါ။ အနှစ်တောင်မရှိတော့တဲ့ မြန်မာကို မုန့်ညှစ်သလို အဖြူထည်စနဲ့ စစ်ယူနေသလို ဖြစ်သည်။ ဒီပုံစံတွေက ကုမ္ပဏီအသေးတွေ လုပ်နည်းလုပ်ဟန်..။
ကုမ္ပဏီအကြီးတွေကျတော့ မြန်မာပြည်က အစိုးရပရောဂျက် ကြီးကြီးမားမားတွေ အတွက် JICA လို့အဖွဲ့တွေနဲ့ ဆာဗေးအရင်လုပ်သည်။ သူတို့အနေနဲ့ မြန်မာပြည်အတွက်မြန်း လုပ်နေတယ်ထင်သလား၊ မဟုတ်ပါဘူး။ သူတို့အတွက် ဘယ်လောက်အကျိုးရှိမလဲ ဆိုတာကို သေချာဝေဖန်ဆန်းစစ်နေခြင်း ဖြစ်ပါတယ်။ ကြားကောင်းအောင်တော့ ပရောဂျက်လုပ်လို့ ရမရဆန်းစစ်တယ်ဆိုပြီး ပြောသည်။ ဆန်းစစ်မှုတွေပြီးမှ ဟိုကဆုံးဖြတ်ချက်ချတာ။ နောက်တစ်ခုက ဂျပန်ကုမ္ပဏီကြီးတွေဆို ကျွန်တော်တို့နဲ့လည်း ပူးပေါင်းလုပ်သေးတယ်၊ ကိုယ်လုပ်ချင်တဲ့ bundle ကိုလည်းရွေးလို့မရဘူး၊ သူတို့နဲ့လုပ်ရင် သူတို့လက် သူတို့ခြေ ဖြစ်သည်။ အဲဒါကလည်း စဉ်းစားစရာဖြစ်သည်။ တကယ်ဆို ပြည်တွင်းက အစိုးရပရောဂျက်တွေအတွက် ဂျပန်ချည်းအားမကိုးပဲ ယှဉ်ပြိုင်စနစ်နဲ့ ရွေးသင့်သည်။ အဲ့လိုမျိုး ရွေးမယ်ဆို ဒီစျေးနဲ့ပဲ ဒီထက်ကောင်းအောင် လုပ်နိုင်တဲ့ တခြားနိုင်ငံတွေက ကုမ္ပဏီတွေပေါ်လာနိုင်သည်။ အဲဒိကုမ္ပဏီတွေက သူတို့ဘာသာစကားကိုလည်း အတင်းသင်ခိုင်းမှာ မဟုတ်ပါဘူး….။ ဒါဆို ကျွန်တော်တို့ နိုင်ငံအတွက် အမြတ်ဖြစ်သည်။ သူတို့က အကြွေးတွေ လျော်ပေးနေတာ ဒီလိုမျိုးအကွက်တွေအတွက် ဖြစ်သည်။ ကျွန်တော်တို့မမြင်နိုင်တဲ့ တစ်ခြားလမ်းကြောင်းတွေလည်း ရှိနေနိုင်သေးသည်။ နောက်ဆုံးပြောရရင် မြန်မာပြည်ဟာ ယခုချိန်ခါမှာ ဖွံ့ဖြိုးဆဲနိုင်ငံဆိုပေမယ့် နောက်တချိန်ဖွံ့ဖြိုးတဲ့ နိုင်ငံဖြစ်လာတဲ့အချိန်မှာ ဂျပန်လူမျိုးတွေ ပါးစပ်ထဲ မြန်မာပြည်ဆိုတာ ငါတို့နိုင်ငံက ကြွေးတွေလျော်ပေးခဲ့တဲ့ နိုင်ငံလေဆိုတာတောင် အောက်သက်သက်နဲ့ ခေါ်ခံရပေအုန်းမည်။ တကယ်ဆို သူတို့လုပ်နေတဲ့ပုံစံက သမိုင်းတုန်းကလိုမျိုး နောက်တခေါက် ပြန်လုပ်နေသလိုပင်။ စဉ်းစားကြည့်ရင် သူတို့က ဒီယုံမြင်လို့ဒီခြုံထွင်ခြင်း ဖြစ်သည်။ သူတို့နဲ့လုပ်တာလည်း လုပ်ပေါ့ ဒီစိတ်ကလေးလည်း ထည့်ထားပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း မကင်းနိုင်ပါဘူး..။ အခုဆို ဂျပန်တွေနဲ့ တွဲလုပ်နေတာပဲ သို့ပေမယ့် ဂျပန်စကားတော့ တစ်လုံးမှ မသိဘူး။ ဘယ်တော့မှလည်း မသင်ဘူး…။ ရှိတာလေး လုပ်နေရတာဆိုတော့လည်း ဘယ်ကင်းတော့ ကင်းနိုင်မလဲ။ သို့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပဲ ပေးတာများရင် ယူထားလိုက် မဲပေးရင်တော့ NLD ပဲမဲပေးဆိုတဲ့တောင်ပုဒ်လေးအတိုင်းပဲ ကျွန်တော်တို့နိုင်ငံအတွက် ကာကွယ်ကြပါဆိုလို့ တိုက်တွန်းရင်းနဲ့ နှစ်သစ်မှာ remind လုပ်ရင်းနဲ့ နှုတ်ဆက်ပါအုန်းမယ်…။