News

Facebook ၏ အကြီးမားဆုံး Data Center စတင်တည်ဆောက်

facebook-data-center

Facebook အနေဖြင့် ယခုအခါတွင် ဒေါ်လာ (၁.၅) ဘီလျံတန် Data Center တစ်ခုကို တည်ဆောက်ရန် စီစဉ်နေခြင်းကြောင့် အင်တာနက် ကွန်ရက်တစ်ခုလုံးကို လွှမ်းမိုးမည့် ၎င်းတို့၏ မဟာဗျူဟာခြေလှမ်းကို နောက်တစ်ဆင့် စတင်မည့် သဘောမျိုး ဖြစ်လာခဲ့သည်။ ကမ္ဘာပေါ်တွင် လူသုံးအများဆုံး၊ အအောင်မြင်ဆုံး လူမှုကွန်ရက် ဝက်ဘ်ဆိုက်ကြီးသည် အမေရိကန်တွင် ကြီးမားသော Data Center တစ်ခုကို တည်ထောင်သွားမည် ဖြစ်ပြီး လုပ်ငန်းခွင်ကို အိုင်အိုဝါတွင် စတင်နေပြီဟု သိရှိရသည်။

ထို့အပြင် အဆိုပါ Data Centerသည် ကမ္ဘာပေါ်တွင် နည်းပညာပိုင်းအရ ခေတ်ရှေ့အပြေးဆုံး အချက်အလက် စင်တာ ဖြစ်လာမည်ဟုလည်း အမေရိကန် မီဒီယာများက ညွှန်းဆိုလျက် ရှိသည်။ အိုင်အိုဝါရှိ လူပေါင်း (၁၅၀၀၀)မျှသာ နေထိုင်သော အလာတွန်းနားမြို့လေးတွင် လွန်ခဲ့သည့် (၁)နှစ် ကတည်းက စတင်ခဲ့သော လုပ်ငန်းခွင်သည် ပဟေဠိတစ်ခုသဖွယ် ရှိနေခဲ့သည်။ ထိုနေရာသည် စတုရန်းမီတာ (၁၃၀၀၀၀)ကျော် ကျယ်ဝန်းပြီး Project Catapultဟု အမည်ပေးထားကြောင်း သတင်းများက ဆိုသည်။အဓိက အဆောက်အအုံကြီး (၃)ခု ပါဝင်မည့် Data Centerကို အဆင့် (၂)ဆင့်ခွဲကာ အပြီးသတ် တည်ဆောက်ဖွယ် ရှိနေပြီး အဆောက်အအုံ (၁)ခုချင်းစီအတွက် ခန့်မှန်း ကုန်ကျစရိတ်မှာ ဒေါ်လာ သန်း (၅၀၀)မျှစီ ဖြစ်နိုင်ကြောင်း သိရှိရသည်။ Facebookသည် ယခင်ကလည်း Data Center (၃)ခုကို တည်ဆောက်ခဲ့ပြီးဖြစ်သည်။

အော်ရီဂွန်ရှိ ပရင်နီဗီးလ်တွင် ဒေါ်လာသန်း(၂၁၀)တန်၊ မြောက်ကာရိုလိုင်းနားရှိ ဖောရက်စ်စီးတီးတွင် ဒေါ်လာသန်း (၄၅၀)တန်နှင့် ဆွီဒင်နိုင်ငံရှိ လူလီအာတွင် ဒေါ်လာ သန်း (၇၆၀)တန် Data Centerများကို Facebookက တည်ထောင်ထားသည်။သို့သော်လည်း အလာတွန်းနားမြို့တွင် တည်ဆောက်မည့် Data Centerမှာ အကြီးမားဆုံးဖြစ်ပြီး ရှေ့(၃)ခု၏ ပေါင်းစည်းမှု တန်ဖိုးမျှ ရှိနိုင်မည်ဟု သိရသည်။ Facebook၏ Catapult စီမံကိန်းသည် အဆိုပါ ဒေသတွင်းတွင် Google၊ Microsoftတို့၏ ခြေကုပ်ယူထားသော နည်းပညာ ရင်းမြစ်စင်တာများနှင့် အပြိုင်ဖြစ်လာဖွယ် ရှိနေသည်။ အလာတွန်းနား အနီးတွင် မြန်နှုန်း အလွန်မြင့်မားသည့် Fiber Optic Cable စနစ်ကို အဝေးပြေး ကားလမ်းနှင့်အပြိုင် သွယ်တန်းထားသလို ဓာတ်အား ထောက်ပံ့ရေးစနစ် လုံလောက် ကောင်းမွန်ခြင်းက Facebookအတွက် မျက်စိကျစရာ ဖြစ်ခဲ့သည်။ ထို့အပြင် အလာတွန်းနားမြို့သည် ပထဝီ အနေအထားအရ အဓိက အဝေးပြေးလမ်းမကြီး (၃)ခုနှင့် ဆက်နွယ် တည်ရှိခြင်းကလည်း မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှု တစ်ခုအတွက် အဆင်ပြေစေကြောင်း သတင်းများက သုံးသပ် ရေးသားခဲ့ကြသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *