အလုပ်ကနေ အိမ်ပြန်ရောက်ပြီ ဆိုတာနဲ့ Facebookကို စွဲစွဲလမ်းလမ်း အသုံးပြုနေကြတာကိုတွေ့ရပါတယ်။ အခုတော့ Facebookက သင့်အလုပ်မှ အချိန်တွေကိုလည်း ဖဲ့ယူတော့မှာ ဖြစ်ပါတယ်။
Facebookက အလုပ်အတွက် အကျိုးရှိစေမယ့် Facebook ဗားရှင်းတစ်မျိုးကို တီထွင်နေတယ်လို့ TechCrunchက Facebookအတွင်းလူများမှ သိရတယ်လို့ ဖော်ပြထားပါတယ်။ ဘယ်လို အလုပ်အတွက် အကျိုးရှိစေမလဲဆိုတော့ LinkedInလိုမျိုးဖြစ်နိုင်ပါတယ်။ အလုပ်ရှာဖွေတာတွေ၊ အလုပ်ကိစ္စဆက်သွယ်တာတွေမှာ အကျိုးရှိလာနိုင်ပါတယ်။
Chat Systemကိုပဲ အလုပ်အတွက် အကျိုးရှိအောင်လုပ်ပေးမှာလား ဒါမှမဟုတ် Facebookတစ်ခုလုံးကို အလုပ်အတွက် အသုံး၀င်အောင်လုပ်ပေးမှာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
အဲဒီစီမံကိန်းကို အခုလောလောဆယ်မှာ Facebook At Workလို့ အမည်ပေးထားပြီး လန်ဒန်ရုံးချုပ်မှာ တီထွင်နေတယ်လို့ TechCrunchက ပြောပါတယ်။
အတွင်းလူများရဲ့ ဖော်ပြချက်အရ Facebook At Workဟာ မူလဗားရှင်းထက် ရိုးရှင်းပြီး အလုပ်အတွက် အသုံးမ၀င်တာတွေကို လျှော့ချထားမှာဖြစ်ပါတယ်။
ဒါကတော့ ထွက်ပေါ်နေတဲ့ သတင်းများဖြစ်ပြီး Facebookက တရား၀င်ကြေညာထားခြင်းမရှိသေးပါဘူး။
အတွင်းလူများရဲ့ ဖော်ပြချက်မှာ Facebook At Workကို Web, iOS, Androidတို့အတွက် ပြုလုပ်ပေးမယ်လို့ ဆိုပါတယ်။
Facebookက လွန်ခဲ့တဲ့ သုံးနှစ်၊ လေးနှစ်ကတည်းက အဖွဲ့အစည်းများအတွက် ဒီဇိုင်းလုပ်ထားတဲ့ Facebook Versionကို တီထွင်နေတယ်လို့ သိရပါတယ်။ အဲဒီအတွက် မကြာမီအချိန်မှာပဲ အဲဒီဗားရှင်း ထွက်ပေါ်လာမလားဆိုတာ စိတ်၀င်စားစရာပါ။
Facebookဟာ တစ်ကမ္ဘာလုံးမှာ လူမှုဆက်သွယ်မှု အများဆုံးပြုလုပ်တဲ့ Toolတစ်ခုဖြစ်ပါတယ်။ အသုံးပြုသူ သန်းတစ်ထောင်ကျော်ကို အလုပ်ကိစ္စများအတွက် အဆင်ပြေအောင် ပြုလုပ်ပေးမယ်ဆိုတာ အံ့သြစရာတော့ မဟုတ်ပါဘူး။