Review

Google I/O ပွဲမှ အဓိကကြေညာချက် ခုနစ်ခု

Google I/O ပွဲမှ အဓိကကြေညာချက် ခုနစ်ခု

Google I/O ပွဲကို ဇွန်လ ၂၅ ရက်မှာ ကျင်းပခဲ့ပြီး Androidကနေ Chrome OSအထိ ကြေညာချက်များထုတ်ပြန်ခဲ့ပါတယ်။ ထုန်ကုန်အသစ်ဖြစ်တဲ့ Android TVကိုတောင် ကြေညာခဲ့တာပါ။ ပွဲမှာ ကြေညာချက်များစွာ ပြုလုပ်ခဲ့ပေမယ့် အဓိကကျတဲ့ ကြေညာချက် ခုနစ်ခုကို ရွေးနှုတ်တင်ပြလိုက်ပါတယ်။

1. Android L
Google I/Oမှာ ကြေညာခဲ့တဲ့အထဲမှာ အဓိက ကျတဲ့ အရာက Android Lဖြစ်ပါတယ်။ Android Lဟာ နမူနာနာမည်ဖြစ်ပြီး နောက်ဆုံးသတ်မှတ်ထားတဲ့ နာမည်မဟုတ်ပါဘူး။ အစားအသောက်နာမည်များကို Googleက အသုံးပြုတတ်တဲ့အတွက် Android Lဟာ ပွဲထွက်ချိန်မှာ Lollipopနာမည်နဲ့ ပွဲထွက်လာမလား မသိပါဘူး။ Android Lကို Nexus 5နဲ့ Nexus 7တို့မှာ Developerများအတွက် စမ်းသပ်အသုံးပြုနိုင်အောင် ပြုလုပ်ပေးမှာ ဖြစ်ပြီး နောက်ဆုံးအဆင့် ထုတ်ကုန်ကို ဆောင်းဦးရာသီမှာ ဖြန့်ချီပေးမယ်လို့ ပြောပါတယ်။ HTC One M8, One M7ပိုင်ရှင်များက Updateအနေနဲ့ ရရှိမှာပါ။ Android Lဆိုတာကို အောက်မှာ ဆက်လက်လေ့လာပါ။

Googleက Android Lနဲ့ ပတ်သက်ပြီး အနည်းငယ်သာ ပြောပေမယ့် ဒီဇိုင်းပိုင်းကို ဆန်းသစ်အောင်ပြုလုပ်ထားတယ်လို့ ပြောပါတယ်။ နောက်ပြီး Android Lမှ Gmail, Dialer စတဲ့ Appအသစ်များကို ပြသခဲ့ပါတယ်။ Googleက Android Appတစ်ခုနဲ့ တစ်ခု လိုက်လျောညီထွေဖြစ်အောင် လမ်းညွှန်ချက်များအပြင် Developerများအတွက် API Toolsတွေကိုလည်း ပြုလုပ်ပေးမှာပါ။

လူတွေအာရုံစိုက်ကြတာက Material Designပါ။ အဲဒါကတော့ Appတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုဟာ Floating Appလိုမျိုး အခြား Appတစ်ခုအပေါ်မှာ အသုံးပြုနိုင်တာဖြစ်ပါတယ်။ နောက်တစ်ခုက အခြား Appတစ်ခုကို သုံးနေရင်းပေါ်လာတဲ့ Notificationတွေကို အလွယ်တကူ ပွတ်ဆွဲပြီး အသုံးချနိုင်တဲ့ Heads Up Notificationဖြစ်ပါတယ်။ Android Lဟာ အလုပ် Appနဲ့ ကိုယ်ရေးကိုယ်တာ Appနှစ်ခုကို တစ်ပြိုင်တည်းအသုံးပြုဖို့လည်း ဒီဇိုင်းထုတ်ထားတယ်လို့ ဆိုပါတယ်။

Android L အကြောင်းကို ဆောင်းဦးရာသီဖြန့်ချီတဲ့အချိန်မှာမှ ပိုမိုပြည့်စုံစွာ သိရမှာပါ။

1

2. Android TV
Googleက Set-Top Box ဖြစ်တဲ့ Android TVကိုလည်း ကြေညာလိုက်ပါတယ်။ ဒါပေမယ့် Android TVကိုတော့ ပြသခြင်းမရှိခဲ့ပါဘူး။ Android TVဟာ Amazon Fire TV, Roku, Apple TVတို့လို အင်တာနက်မှ မီဒီယာများကို တီဗီမှာ ကြည့်နိုင်မှာဖြစ်ပါတယ်။

Android TVမှာ စိတ်၀င်စားဖွယ်စွမ်းဆောင်ချက်တွေပါရှိပါတယ်။ Android Deviceတစ်ခုကို Game Controllerလို အသုံးပြုပြီး တီဗီမှာ ဂိမ်းတွေကစားနိုင်မှာပါ။ Google Play Movie, Google Musicတို့နဲ့ အခြား အင်တာနက်မီဒီယာတွေကို တီဗီမှာ ကြည့်နိုင်ပါတယ်။ Chromecastမလိုဘဲ စမတ်ဖုန်း၊ တက်ဘလက်မှ မီဒီယာများကို တီဗီမှာ ကြည့်နိုင်ပါတယ်။ Chromecastမလိုဘဲ Android TVရှိရင် အဆင်ပြေအောင်ပြုလုပ်ပေးထားတာပါ။

Sonyရဲ့ ၂၀၁၄ ထုတ် 4K Smart TVတွေကို Android TVနဲ့ တွဲဖက်ရောင်းချမှာဖြစ်ပါတယ်။ ဒါ့အပြင် Philips, TPVision, Sharpတို့ရဲ့ နောက်နှစ်မှာ ထုတ်မယ့် တီဗီတွေမှာလည်း Android TVကို တွဲဖက်ရောင်းမှာပါ။ Asusနဲ့ Razrတို့ကလည်း Android TVထည့်သွင်းထားတဲ့ Set-Top Boxများကို ဆောင်းဦးမှာ ရောင်းချမှာဖြစ်ပါတယ်။

2

3. Android Auto
Googleက Appleရဲ့ Car Playကို ယှဉ်ပြိုင်ဖို့ Android Autoကို တီထွင်ထားတာပါ။ ပါတနာငါးဆယ်နဲ့ ကားထုတ်လုပ်သူ ၂၅ ခုနဲ့ ပူးပေါင်းလုပ်ကိုင်နေပြီး Android Autoထည့်သွင်းထားတဲ့ ကားအချို့ကို ဒီနှစ်ကုန်မှာ ရောင်းချမှာဖြစ်ပါတယ်။

Android Autoက သင့်ရဲ့ Android Lစမတ်ဖုန်းနဲ့ တွဲဖက်အလုပ်လုပ်မှာဖြစ်ပြီး လမ်းညွှန်မြေပုံရှာဖွေတာ၊ သီချင်းဖွင့်တာ၊ Appများ အသုံးပြုတာတို့ကို အသံနဲ့ ခိုင်းစေနိုင်မှာဖြစ်ပါတယ်။ ကားမောင်းနေရင်းက ဖုန်းကို ထုတ်ပြီး အသုံးပြုစရာမလိုတော့ပါဘူး။

3

4. Android Apps for Chromebooks
Chromebooksတွေဟာ လက်တော့တွေဖြစ်ပြီး Chrome OSမောင်းနှင်လည်ပတ်တာဖြစ်ပါတယ်။ Chrome OSမှာ Google Chrome Browserသာပါရှိပြီး Web Appsတွေကို အသုံးပြုဖို့ ဒီဇိုင်းလုပ်ထားတာပါ။ Chromebooksတွေဟာ Google I/Oမှာ ကြေညာခဲ့တဲ့ စွမ်းဆောင်ချက်အသစ်တွေကြောင့် မကြာမီမှာ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာတော့မှာပါ။

စွမ်းဆောင်ချက်အသစ်တစ်ခုက Android စမတ်ဖုန်းအနားမှာ ရှိတာနဲ့ Chromebookကို Unlockလုပ်နိုင်တာဖြစ်ပါတယ်။ အဲဒီအတွက် Passwords or Lock Codeတွေရိုက်ထည့်စရာ မလိုတော့ဘူးပေါ့။ နောက်ပြီး Chromebooksတွေဟာ Android စမတ်ဖုန်းတွေနဲ့ ပိုမိုတွဲဖက်အသုံးပြုနိုင်တော့မှာပါ။ ဘာတွေလဲဆိုတော့ ဖုန်းရဲ့ ဘက်ထရီ သက်တမ်း၊ Notificationsနဲ့ Messageတွေကို Chromebookမှာ ကြည့်နိုင်တော့မှာဖြစ်ပါတယ်။

ဒါတွေတင်မကသေးပါဘူး။ Googleက Android Appများကို Chromebookမှာ သုံးနိုင်မယ့် နည်းလမ်းကိုတီထွင်နေပြီလို့ ပြောပါတယ်။

4

5. Chromecast Updates
Googleက Chromecastနဲ့ ပတ်သက်ပြီး အကျဉ်းချုပ်ပြောသွားပါသေးတယ်။ Chromecastမှာ Backdropစွမ်းဆောင်ချက်ထည့်ပေးမှာဖြစ်ပြီး ရာသီဥတုအခြေအနေ၊ သတင်းများကို တီဗီမှာ ကြည့်နိုင်မှာပါ။ နှစ်သက်ရာ ဓါတ်ပုံတွေကိုလည်း နောက်ခံမှာ ထည့်သွင်းနိုင်ပြီး ကမ္ဘာအ၀န်းမှ ပန်းချီနဲ့ အနုပညာလက်ရာများကိုတောင် ကြည့်နိုင်မှာပါ။ အဲဒီစွမ်းဆောင်ချက်ကို ဆောင်းဦးရာသီမှာ ထည့်သွင်းပေးမှာဖြစ်ပါတယ်။

Googleက Android Deviceမှ အရာများကို Chromecastကို အထောက်အပံ့ပေးတဲ့ Appများသုံးစရာမလိုဘဲ တီဗီမှာ ကြည့်နိုင်မယ့် စွမ်းဆောင်ချက်ကို တီထွင်နေတယ်လို့ ပြောပါတယ်။

နောက်ထပ် ကောင်းမွန်တဲ့ စွမ်းဆောင်ချက်တစ်ခုက Android Deviceများဟာ တူညီတဲ့ ဝိုင်ဖိုင်နက်၀ပ်ထဲမှာ ရှိစရာမလိုဘဲ Chromecastမှတဆင့် မီဒီယာများကို တီဗီမှာ ထုတ်လွှင့်ပေးနိုင်တာပါ။

5

6. Google Fit
Googleက ကျန်းမာရေးကို စောင့်ကြည့်တိုင်းတာနိုင်တဲ့ နယ်ပယ်ထဲကို ၀င်ရောက်လာပါပြီ။ Googleက Appleရဲ့ HealthKitကို ယှဉ်ပြိုင်နိုင်တဲ့ ၀န်ဆောင်မှုကို ကြေညာလိုက်ပါတယ်။ ဒါကတော့ Google Fitဖြစ်ပြီး Developerများဟာ ကိုယ်လက်လှုပ်ရှားမှု Apps, Sensors, Wearable Deviceများကို စီမံခန့်ခွဲနိုင်မယ့် Appsများကို တီထွင်နိုင်မှာဖြစ်ပါတယ်။

Nikeနဲ့ Adidasတို့က Google Fitနဲ့ အလုပ်တွဲလုပ်ဖို့ လက်မှတ်ရေးထိုးပြီးပါပြီ။

6

7. Android Wear Devices
Googleက စမတ်နာရီများအတွက် ဒီဇိုင်းလုပ်ထားတဲ့ Android Wear OSကို မေလမှာ ကြေညာခဲ့ပါတယ်။ အခုပွဲမှာတော့ Android Wearကို မောင်းနှင်လည်ပတ်တဲ့ Samsung Gear Liveနဲ့ LG G Watchတို့ကို ပြသခဲ့ပါတယ်။ စမတ်နာရီနှစ်လုံးကို ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး Gear Liveကို ဇူလိုင်ခုနစ်ရက်မှာ ဒေါ်လာ ၁၉၉.၉၉ နဲ့ စတင်ရောင်းချပေးမှာပါ။ G Watchကို ရောင်းချမယ့်ရက်နဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။

Googleရဲ့ အရာရှိတစ်ယောက်က Moto 360 စမတ်နာရီ ၀တ်ဆင်ပြီး စင်ပေါ်တက်လာပေမယ့် ရောင်းချမယ့်ရက်နဲ့ ဈေးနှုန်းကို ပြောကြားခြင်းမရှိပါဘူး။ Moto 360ကို နွေရာသီနောက်ပိုင်းမှာ ရောင်းချမယ်ပဲပြောပါတယ်။ Android Wear စမတ်နာရီအားလုံးကို Googleကနေ ရောင်းချမှာဖြစ်ပြီး ရေစိုခံနိုင်ပါတယ်။

7

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *