Health, Opinion

Facebookပေါ်မှ အုံ့ပုန်းစိတ် ဝေဒနာသည်များ

facebook photo

ယနေ့ခေတ် လူမှုဆက်သွယ်ရေး ကွန်ယက်ကြီးမှာ စာရေးသူတို့ ငယ်စဉ်ကနှင့် ယှဉ်လျှင် “ဆီနှင့် ရေပမာ”ကွာခြားလှသည်။ ပုဇွန်တောင်နှင့် ကျောက်တံတားရပ်ကွက်ပင်လျှင် လိုင်းကားစီးမသွားလျှင် တစ်နေရာ၌ ဘာဖြစ်နေသည်ကို တစ်နေရာမှ သိခွင့်မရခဲ့။ တယ်လီဖုန်း ရှိသည်ဆိုဦးတော့။ သတင်းစကားသာ ကြားရမည်။ ယခုခေတ်တွင်ကား နိုင်ငံတော်၏ မွန်မြတ်သော စေတနာများကြောင့် “အင်တာနက်”ဟူသော မျက်စိပွင့် နားစွင့်ဆေးကြီးကို လက်ဝယ်ရရှိသောအခါအတွင်ကား မြစ်ကြီးနား၌ “အပ်ကျသည်”ကို ကော့သောင်းမှပင် စက္ကန့်မခြား သိရှိကြည့်ရှုနိုင်ပေပြီ။ စာရေးသူတို့၏ မိဘများကိုကား ထိုကဲ့သို့ စွမ်းဆောင်နိုင်ချေပြီဟု ပြောပြသောအခါတွင်ကား “ငါတို့တုန်းက ကြေးနန်းရိုက်ဖို့တောင် နှစ်မိုင်လောက် လမ်းလျှောက်ခဲ့ရတာ”ဟူ၍ ၎င်းတို့ခေတ်နှင့် ယှဉ်၍ ပြောပြဖူးသည်။

နေရာတိုင်း၌ အဆိုးအကောင်း ဒွန်တွဲနေသည်ကို လူတိုင်းလက်ခံနိုင်ကြသလို တိုးတက်မှုတိုင်း၏ နောက်ကွယ်၌ ဆုတ်ယုတ်မှု ရှိသည်ကို လူတကာ သတိပြုကြလိမ့်မည်။ လက်ချောင်းလေးများပင်လျှင် အရှည်အတို မညီသကဲ့သို့ပင် လူတို့၏ စိတ်သည်လည်း တစ်ဦးနှင့် တစ်ဦး မတူနိုင်ပါ။ ထို့အတူပင် အများအကျိုးကို ပဓာနထား၍ အပြုသဘောဆောင်တတ်သည့် သူများရှိသကဲ့သို့ အများသူငါ ပျက်လိုပျက်စီး အဖျက်သဘောသာ တာဆူသူများလည်း ရှိလာသောအခါ တန်ဖိုးရှိလှသော လူမှုဆက်သွယ်ရေး ကွန်ယက်ကြီးကား လူမိုက်အားပေး လက်နက်ကြီးတစ်ခု၊ လူရမ်းကားတို့၏ ဝါးရင်းတုတ်သဖွယ် ဖြစ်လာသည်ကို ဝမ်းနည်းစွာ တွေ့လာရသည်။ ဖြူစင် သန့်ရှင်းလှသော ပိတ်ဖြူတစ်စပေါ်တွင် အမည်းစက်တစ်စက်စွန်းသည်ထက်ပင် ဆိုးသေးသည်။ ထိုအမည်းစက်ကို ပိတ်ဖြူတစ်စလုံး တစ်ရိပ်ရိပ်နှင့် ပျံ့သွားအောင် ရေလောင်းချသည့်နှယ်။ နောက်ဆုံးတွင် ပိတ်ဖြူဟူ၍ မည်သူမျှ မသိတော့။ ဆေးနှင့် ရေမထိသော ပကတိအဖြူနေရာကိုပင်လျှင် ဆေးအဖြူ ချထားသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်လာတတ်ကြသည် မဟုတ်လော။

စိတ်ပညာရှင်တို့၏ အဆိုအရ လူတိုင်းလိုလိုပင်လျှင် စိတ်ရောဂါရှိတတ်ကြသည်။ ပမာဏအနည်းအများပေါ် မူတည်ပြီး လက်မခံနိုင်လောက်သော အတိုင်းအတာအထိ လက္ခဏာပြလာပါမှ “စိတ်ရောဂါဝေဒနာသည်”ဟု သတ်မှတ်ကြခြင်း ဖြစ်သည်။ “ယဉ်ယဉ်လေး ရူး”ဆိုသူများလောက်ပင် လက္ခဏာ ကြီးကြီးကျယ်ကျယ် မပြသော “စိတ်ရောဂါသည်”များကို Facebookပေါ်မှ ရောဂါ သတ်မှတ်ချက် Diagnosis ပေးနိုင်ပါသည်ဟု Amcrican Acaedamic of Psychiatry မှ Facebook’s users and psychiatry သုတေသန စာတမ်းတွင် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ နိုင်ငံတကာတွင်ပါ Facebook၏ ဂယက်ကြောင့် ပုဂ္ဂိုလ်ရေး ပဋိပက္ခများ၊ လူမျိုးစုတိုက်ပွဲများ၊ ဘာသာရေး တိုက်ပွဲများကြီးသည်ထက် ကြီးလာအောင် ဖန်တီးနေသည်ကို တွေ့ရပါသည်။ လူတို့၏ Psychology အတွင်းစိတ် သဏ္႑ာန်ကို ပိုင်နိုင်စွာ ချုပ်ကိုင်ခြယ်လှယ်နိုင်သူများကား ကွန်ပျူတာ လက်ကွက်များပေါ်တွင် မည်သို့သော စာလုံးမျိုး ရိုက်ချလိုက်လျှင် လူဦးရေ မည်မျှ ထကြွလာမည်ဆိုသည်ကို ကောင်းစွာ နားလည်နေကြသဖြင့် “လမ်းမ”ထွက်၍ လူစုစရာ မလိုတော့။ “Enter”တစ်ချက်နှိပ်ရုံဖြင့် လူ (၁၀၀) (၂၀၀) အလိုလို စုပြီးဖြစ်မည်။ ဤသည်ကား နိုင်ငံရေး မျက်လှည့်တစ်ကွက်လည်း ဖြစ်လာနိုင်သည်။

ပုဂ္ဂိုလ်ရေးနှင့် ပတ်သက်လျှင်လည်း လူတို့၏ စိတ်၌ အတွင်းစိတ် Interiorနှင့် အပြင်စိတ် Exterior ဟူ၍ နှစ်မျိုးရှိသည်။ အချို့သောသူများ ဒေါသထွက်လျှင် “ပေါက်ကွဲ”တတ်ကြသည်။ အချို့သူများကား “မပေါက်ကွဲရဲ”၊ အတွင်း၌သာ ကြိတ်၍ ကြံသည်။ အထူးသဖြင့် ထိုကဲ့သို့ ဒုတိယလူတန်းစားမျိုးသည် “Facebook”ပေါ်၌ ပေါက်ကွဲတတ်ကြသည်။ အပြင်၌ မပြောရဲသည်ကို “Facebook”ပေါ်တင်၍ လူသိအောင် လုပ်သည်။ ရိုးရိုးသားသား ပေါ်ပေါ်ထင်ထင် မတောင်းဆိုရဲသမျှကို Facebookပေါ်၌ လူသိအောင် ကွယ်ဝိုက်၍ တောင်းဆိုတတ်ကြသည်။ ဆရာဝန်လောကမှ ဥပမာ ပေးရလျှင် စာရေးသူတို့ အစိုးရဆေးရုံတိုင်းမှ ဆရာဝန်တိုင်းလိုလို Night Duty ဆင်းရသည်။ ရာထူးကြီးလာကာမှ Night Duty မဆင်းရ။ သို့သော် ခေါ်တိုင်းလာရမည်ဖြစ်သော Oncall Duty ကိုနေ့စဉ်ယူရသည်။ ထိုအခါ တစ်လကုန်၍ Night Duty Roster ဆွဲလျှင် အချိုးချ ဝေမျှ၍ Night ယူရသောအခါ မိမိအသာမရ၍ မကျေနပ်မှုများဖြစ်လာတိုင်း မိမိ၏လောဘနှင့် အတ္တကို ပွင့်ပွင့်လင်းလင်းမတောင်းဆိုရဲသောကြောင့် Facebook ပေါ်၌ “ဒီနေ့ ငါးရက်မြောက် Night Dutyပါ” “ဒီ Dutyပါ” “ဒီDutyက နေတော့ မသေဘဲ ပြန်လာနိုင်ခဲ့ပါပြီ” “ဒီလရယ် မြန်မြန်ကုန်ပါတော့” “သြော်ငါ့ဘဝ ငါ့ဘဝ သူများတွေ ငါးရက် ငါ့ကျ ခြောက်ရက်တဲ့”စသဖြင့် ရေးတင်တာ သက်ဆိုင်ရာ ဌာနအကြီးအကဲများ သိရှိအောင် Post လုပ်တတ်ကြပါသည်။ ထိုသူများသည် Psychiatvic Problem ရှိသည်ဟု ဆိုလျှင် ၎င်းတို့လက်ခံနိုင်မည် မဟုတ်။

ထို့အတူ လူ့အခွင့်အရေး ချိုးဖောက်မှုများ အနေဖြင့် Facebook Userများအတွက် တစ်စတစ်စနှင့် ကြီးမားလာသော ရာဇဝတ်မှုများကို ဖြစ်ပေါ်စေသည်။ ခွေးနှစ်ကောင်တိုက်နေသည်ကိုပင် Facebookပေါ် တင်ကြသည်။ ခွေးကတော့ ထားဦးတော့။ ခွေးတောင် Facebook သုံးတတ်လျှင် ခွေးအခွင့်အရေး ချိုးဖောက်သော အမှုဖြင့် တရားစွဲနိုင်သည်။ လမ်းမပေါ်၌ ထူးဆန်းသမျှကို ဓာတ်ပုံရိုက်၍ Facebookပေါ် တင်ကြသည်။ စာရေးသူတို့ ငယ်စဉ်က Cameraဆိုသည်မှာ လူတိုင်းကိုင်နိုင်သော ပစ္စည်း မဟုတ်သလို ဓာတ်ပုံပညာ အသင့်အတင်း တတ်ပါမှ ရိုက်နိုင်သော်လည်း ယခုခေတ်အခါတွင် လေးငါးသောင်းတန် ဟန်းဆက်မှစ၍ ကြောင်တက်နင်းလျှင်ပင် အရုပ်ထင်သော ခေတ်ဖြစ်လာပြီ။

ထိုအခါ မြင်မြင်သမျှ ရိုက်၍ တင်တော့သည်။ ထိုအထဲ၌ လူတကာ ပျော်ရွှင်စေရန်၊ အပန်းဖြေစေရန် ရည်ရွယ်ချက်ကောင်းဖြင့် ဓာတ်ပုံရိုက်တင်သူများ ရှိသကဲ့သို့ သူတစ်ပါးကို ပျက်စီးစေလိုသော စေတနာဆိုးဖြင့် ရိုက်တင်သူများလည်း ရှိလာသည်။ ယောက်ျားမိန်းမ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၏ ဓာတ်ပုံရိုက်ယူလျှင် လူ့ယဉ်ကျေးမှုအရရော၊ ဥပဒေအရပါ ခွင့်ပြုချက်တောင်းရမည်ကို ယဉ်ကျေးသော မျိုးရိုးစဉ်ဆက်မှပေါက်ဖွားလာသူတိုင်း သိကြပါသည်။ မိမိ၏ အခိုင်းအစေ လက်အောက်ငယ်သားပင် ဖြစ်လင့်ကစား ထိုသူသဘောမတူက ဓာတ်ပုံ ရိုက်ခွင့်မရှိ။ ထို့အပြင် လူအများကို ပြဖို့ဆိုသည်ကား ပို၍ပင်မဖြစ်သင့်ပေ။ အာဏာရှင် သက်ဦးစံပိုင်စနစ် မရှိတော့သော မြန်မာပြည်တွင် ထိုစနစ်ဟောင်းနှင့် ကျင်လည် ကြီးပြင်းခဲ့သော လူ့အညစ်အထေး အုပ်စုတစ်ခု ရှိနေသေးသည်ကို ဝမ်းနည်းဖွယ်ရာတွေ့နေရသည်။ “ဟိုမှာဆို ဘယ်လို” “ I တို့က နိုင်ငံခြားမှာ နေလာခဲ့တော့….” စသဖြင့် လေလုံးထွားထွားဖြင့် ပြောတတ်သော နိုင်ငံခြားပြန် မမကြီးများသည်ကား လူ့အခွင့်အရေး ချိုးဖောက်မှုတွင် ထိပ်ဆုံး။ နိုင်ငံကြီးသားမပီသမှုတွင် ထိပ်ဆုံးဖြစ်သည်။ လူတိုင်းတော့လည်း ထိုသို့မဟုတ်ကြပါ။

ဒီမိုကရေစီနှင့်လွတ်လပ်ရေးတို့၏ အနှစ်သာရသည်ကား ထိုလူ့အခွင့်အရေးပင်တည်း။ အမှိုက်ကောက်သမားသည်လည်း ၎င်း၌ကျွမ်းကျင်မှု ရှိသကဲ့သို့ ၎င်း၏အလုပ်နှင့် ၎င်း၏ဂုဏ်သိက္ခာကို မီလျံနာသူဌေးကြီးက စော်ကားနှောက်ယှက်၍မရ။ ထို့အတူ ပါမောက္ခကြီးမှလည်း ၎င်းတက္ကသိုလ်ရှိ သာမန်သင်တန်းသားတစ်ဦးကို ၎င်း၏တပည့်ပင်ဖြစ်လင့်ကစား ခွင့်ပြုချက်မတောင်းဘဲ ဓာတ်ပုံရိုက်ခြင်း ၊ ၎င်း၏လွတ်လပ်ခွင့်ကို ပိတ်ပင်ခြင်းမပြုနိုင်။ ပြုမိပါက ပါမောက္ခချုပ်ကြီးပင် ဖြစ်လင့်ကစား တရားစွဲဆိုခံရပြီး ရာထူးမှ နှုတ်ပယ်ခံရသော သာဓကများ ရှိပါသည်။
“လူတစ်ယောက်ကို ခွင့်ပြုချက်မယူဘဲ ဓာတ်ပုံရိုက်တာကအပြစ်တစ်ခု Facebookလို လူမှုဆက်သွယ်ရေး ကွန်ယက်ပေါ်မှာ တင်တာက နောက်အပြစ်တစ်ခု ၊ ဒီထက်ဆိုးတာက ပုဂိ္ဂုလ်ရေး (သို့) အဖွဲ့အစည်းတစ်ခုခုကို ရည်ရွယ်ပြီး တိုက်ခိုက်ရေးသားတဲ့ Comments တွေကြောင့် နောက်ထပ်တစ်ပြစ်၊ပေါင်းပြီးတရားစွဲရင် အနည်းဆုံး ထောင်ဒဏ် ၆ လ လောက်ကျနိုင်တယ်” ဟူ၍ အငြိမ်းစား တိုင်းတရားသူကြီးတစ်ဦးက မိန့်ဆိုဖူးပါတယ်။

သာဓကတစ်ခုကိုပြရမယ်ဆိုလျှင် Facebook ပေါ်မှစာရေးသူ၏ ငယ်သူငယ်ချင်းတစ်ဦး၏အဖြစ်ကို သာဓကပြချင်ပါသည်။ ထိုသူငယ်ချင်းတစ်စုသည်ကားမဟာသိပ္ပံ သင်တန်းတက်ရောက်နေသူများတည်း။ ၎င်းတို့၏ကျေးဇူးရှင် ပါမောက္ခ ဆရာမကြီးသည်ကား ပညာပြည့်ဝပြီး ဖြောင့်မတ်မှန်ကန်လွန်း၍ အခြားသူများက အမြင်မကြည်လင်ကြ။ ထို့ထက်ဆိုးသည်က ဌာနစွဲ ၊ဘာသာရပ်စွဲဖြင့် မိမိဘာသာရပ်သည်သာ အကောင်းဆုံးဟူ၍ ငါစွဲကြီးမားလှသူများသည်ကား ထိုပါမောက္ခကြီးရှေ့တွင်တော့ ပေါ်တင်မပြောရဲကြ။ ဆရာမကြီးကွယ်ရာရောက်မှ ဆရာမကြီးတပည့်များကို ပညာခန်းပြပြီး ဆရာမကြီးတို့၏ ဘာသာရပ်မှာ အရေးမပါလှကြောင်း မကြားဝံ့မနာသာ ပြောနေရုံသာမက ၎င်းတို့ကို တက္ကသိုလ်စာသင်ခန်း၌ မသင်ဘဲ အချိန်ဆွဲကာ ညနေမှ ၎င်း၏ကုမ္ပဏီရုံးခန်းသို့တစ်ကူးတက လာခိုင်းခဲ့သည်။ ပြီးလျှင် ၎င်းတို့တစ်စု ထိုင်နေစဉ် အသိမပေး ခွင့်မတောင်းဘဲ ဓာတ်ပုံရိုက်ယူပြီး Facebook ပေါ်တင်၍ ဘာသာရပ်မှ ကျောင်းသားငပျင်းများ ဘာသာရပ်အပေါ် စောင်းမြောင်း ပြောဆိုသော စကားများ တင်ခဲ့၍ ဖြစ်သည်။ အသက်ရာထူး ကြီးသူဖြစ်နေ၍ စာရေးသူ၏ သူငယ်ချင်းတစ်စုကား စက်ဆုပ်ရွံရှာရုံမှအပ အခြားမလုပ်နိုင်ခဲ့။ သို့ဆိုလျှင် ထိုဆရာမကြီးမှာလည်း Psychopet ယဉ်ယဉ်လေးရူးနေသူပင် ဖြစ်မည်။ သူငယ်ချင်းတို့၏ Professor ဆရာမကြီးကို နိုင်အောင် မယှဉ်နိုင်သော်လည်းကောင်း ၊ရှေ့တွင် ကိုယ်တိုင်မပြော၍သော်လည်းကောင်း ချုံခိုတိုက်ခိုက်နည်းအဖြစ် Facebook ကိုအသုံးချခဲ့ခြင်းဖြစ်မည်။ သို့သော်သူငယ်ချင်းမတစ်စုကား မြေစာပင် ဖြစ်ခဲ့ကြသည်။

ထိုမျှမက ရာဇဝတ်သားများပမာ လူမှုကွန်ယက်ကြီးပေါ်တွင် အရှက်ခွဲခံကြရသည်။ ထိုဆရာမကြီး၏ အထက်အရာရှိ Professer ဆရာကြီးကား သဘောကောင်းသည့်အပြင် ပုဂိ္ဂုလ်စွဲ၊ ဘာသာရပ် အစွဲ မရှိ။ ပကတိဖြူစင်သူဖြစ်၍ ကျောင်းသားတိုင်းကလေးစားကြသည်။ ထို့အပြင် Facebook User များထဲ၌ မိမိ၏ Account ကို နံမည်အတု၊ ဓာတ်ပုံအတုနှင့် Information အတုဖြင့် သုံးစွဲသူများလည်း ရှိသည်။ ဤအချက်ကို ကြည့်ခြင်းဖြင့် ထိုပုဂိ္ဂုလ်သည် နံမည်မဖော်ဝင့်သော/ မိမိပုံကို မသိစေချင်သောသူဖြစ်မည်။ ၎င်းတို့တွင် Temptative Criminal Psychology ရှိသည်ဟု ဖော်ပြထားသည်။ Facebook ပေါ်ရှိ Wall Photo ကို မင်းသမီးချော၊ မင်းသားချော များ၏ဓာတ်ပုံသာ တင်ထားသူများသည်လည်း မိမိကိုယ်မိမိ ယုံကြည်မှု မရှိကြောင်း၊ Self Confiderနည်းကြောင်း သိမြင်နိုင်ပါသည်။ နိဂုံးချုပ်ရလျှင် တိုးတက်တိုင်းကောင်းသော ရလဒ်အမြဲမရှိ၊ Facebook ဟူသည် လူအများစု အကျိုးရှိ အပန်းပြေစေမည့်လူမှုကွန်ယက်တစ်ခုသာ ဖြစ်သင့်သည်။ အဖြူအမဲ မစဉ်းစားဘဲ “ဆွ” ပေးတိုင်း “ကြွ” သူများ မဖြစ်သင့်ပါ။ တစ်ဦးနှင့်တစ်ဦး မုန်းတီးမှုကို အခြေခံပြီးပျက်စီးစေသော ရည်ရွက်ချက်မျိုးဖြင့် Facebook ကိုလက်နက်တစ်ခုအဖြစ် မသုံးသင့်ပါ။ သိ၍ဖြစ်စေ၊ မသိဘဲဖြစ်စေ၊ ရည်ရွက်ချက်ဖြင့် ဖြစ်စေ မရည်ရွယ်ဘဲဖြစ်စေ ရိုက်၍လွယ်တိုင်း ဓာတ်ပုံရိုက်၍ တင်မည်ဆိုလျှင် Human Right လူ့အခွင့်အရေး၊ Personal Privacy & Security စသည်တို့ကို သတိမမေ့သင့်ပါကြောင်း၊ အခန့်မသင့်လျှင် မိမိဒေါသ တစ်ရက်ကြောင့် ထောင်နန်းစံသွားရနိုင်ပါကြောင်း တင်ပြအပ်ပါသည်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *