Apps, Featured, Gadgets, Review

ဆေးလိပ်ဖြတ်ပေးမယ့် စမတ်မီးခြစ်

ဆေးလိပ်ဖြတ်ပေးမယ့် စမတ်မီးခြစ်

ဆေးလိပ်ဖြတ်ပေးမယ့် စမတ်မီးခြစ် ဆိုတဲ့ခေါင်းစဉ်ကြောင့် စာဖတ်သူ ကြောင်တောင်တောင် ဖြစ်သွားနိုင်ပါတယ်။ ဟုတ်ပါတယ်။ ဆေးလိပ်ဖြတ်ချင်ရင်တော့ မီးခြစ်ပါဖြတ်မှ ရမှာပါ။ ဒါပေမယ့် လက်တွေ့မှာ ဆေးလိပ်ရော မီးခြစ်ပါ မဖြတ်နိုင်တဲ့လူတွေ များစွာ ရှိနေပါတယ်။ အခုထွက်ပေါ်လာတဲ့ စမတ်မီးခြစ်က ဆေးလိပ်ဖြတ်ချင်ပေမယ့် တုံးတိ ဖြတ်မရသေးတဲ့သူတွေအတွက် ဖြည်းဖြည်းချင်း ဖြတ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ စမတ်မီးခြစ်ကို Quitbitလို့ အမည်ပေးထားပြီး အင်တာနက် ချိတ်ဆက်နိုင်တဲ့ Internet Of Things (IOT) တစ်ခု ဖြစ်ပါတယ်။ ဆေးလိပ်မီးညှိပေးတဲ့ မီးခြစ်ဖြစ်ပေမယ့်လည်း ဆေးလိပ်သောက်သုံးခြင်းကို အားမပေးဘဲ ဖြည်းဖြည်းချင်း ဖြတ်နိုင်အောင် ကူညီနိုင်ပါတယ်။

ဒီနေ့ခေတ်မှာ ပေါ်ထွက်နေတဲ့ Fitness Trackerများလိုပဲ စမတ်မီးခြစ်က ဆေးလိပ်သောက်သုံးမှုကို တိုင်းတာပေးမှာ ဖြစ်ပါတယ်။ Quitbitကို ရောင်းချဖို့ Kickstarter ၀က်ဆိုက်မှာ ဒေါ်လာ ငါးသောင်း ရန်ပုံငွေ ကောက်ခံနေပါတယ်။ စမတ်မီးခြစ်မှာ ကားများမှာ တပ်ဆင်ထားတဲ့ Heating Coilကို တပ်ဆင်ထားပါတယ်။ ဆေးလိပ်မီးညှိလိုက်တိုင်း မှတ်သားပေးမှာ ဖြစ်ပါတယ်။ သိမ်းထားတဲ့ သတင်းအချက်အလက်များကို စမတ်ဖုန်း Appမှာ ကြည့်နိုင်ပါတယ်။

စမတ်မီးခြစ်မှာ အသုံးပြုသူရဲ့ ဆေးလိပ်သောက်သုံးမှု လျှော့ချချင်တဲ့ ရည်မှန်းချက်ကို နှစ်သက်သလို သတ်မှတ်နိုင်ပါတယ်။ စမတ်မီးခြစ်က ဆေးလိပ်လျှော့သောက်တဲ့အတွက် သက်သာသွားတဲ့ ငွေကြေးပမာဏကို ပြသနိုင်ပါတယ်။ နောက်ဆုံးဆေးလိပ်သောက်တဲ့အချိန်မှ လက်ရှိအချိန်အထိ ကြာမြင့်တဲ့ အချိန်အပိုင်းအခြားကိုလည်း ပြသနိုင်ပါတယ်။

Quitbitကို E-Cigarettesများနဲ့ တွဲဖက်သုံးနိုင်ပါတယ်။ ဆေးလိပ်ဖြတ်မှုဖြစ်စဉ်ကို အလွယ်တကူ တိုင်းတာချင်တဲ့ သူငယ်ချင်း နှစ်ယောက်က စမတ်မီးခြစ်ကို တီထွင်ထားတာပါ။

“Brownမှာ ကျောင်းတက်နေတဲ့အချိန်မှာ Kujiနဲ့ ကျွန်တော် နှစ်ယောက်စလုံးဟာ ဆေးလိပ်သောက်သူတွေ ဖြစ်ပါတယ်။ သူက ကျွန်တော့်ကို ဆေးလိပ် ဘယ်လောက်သောက်လဲ မေးတဲ့အချိန်မှာ ကျွန်တော်ဟာ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဆေးလိပ် ဘယ်လောက် သောက်လဲဆိုတာ တိုင်းတာနိုင်တဲ့ နည်းလမ်းကောင်း မရှိသေးတာကို ကျွန်တော် သဘောပေါက်လိုက်ပါတယ်။”လို့ ပူးတွဲတီထွင်သူ Ata Ghofraniက Mashableကို ပြောပါတယ်။

ဈေးကွက်ထဲမှာ ဆေးလိပ်ဖြတ်ဖို့ ကူညီပေးနိုင်တဲ့ Appများစွာ ရှိပေမယ့် Quitbitက Hardwareပါရှိလာတဲ့ ပထမဆုံး ဆေးလိပ်ဖြတ် အကူကိရိယာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ဟာ Appထဲကို ဆေးလိပ်သောက်သုံးမှု သတင်းအချက်အလက်များ ရိုက်ထည့်စရာ မလိုဘဲ အလိုအလျှောက် တိုင်းတာမှတ်သားပေးနိုင်တဲ့ Hardwareကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။”လို့ Ata Ghofraniက ပြောပါတယ်။

စမတ်မီးခြစ်က ဆေးလိပ်ဖြတ်ဖို့ ရာနှုန်းပြည့် ကူညီနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် စမတ်မီးခြစ်ကို ဆောင်ထားရင် ဆေးလိပ်သောက်မှုကို လျှော့ချအောင် အမြဲလှုံ့ဆော်ပေးနေမှာ ဖြစ်ပါတယ်။ စမတ်မီးခြစ်အပြင် ဆေးလိပ်ဖြတ်ချင်သူဟာ ထက်သန်တဲ့ အာသီသ ရှိမှသာ ဆေးလိပ်ပြတ်မှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *