News

Facebook သုံးစွဲသူများ၏ အချက်အလက်များ ၇၄နိုင်ငံ အစိုးရများ တောင်းခံ

၂၀၁၃ခုနှစ်၊ ပထမနှစ်ဝက်အတွင်း Facebook အသုံးပြုသူ ၃၈,၀၀၀ခန့်၏ အချက်အလက်များကို နိုင်ငံပေါင်း ၇၄နိုင်ငံ၏ အစိုးရ အရာရှိများက တောင်းဆိုခဲ့ကြောင်း၊ ယင်းတောင်းဆိုမှုများ၏ ထက်ဝက်ခန့်မှာ အမေရိကန်နိုင်ငံ အာဏာပိုင်များထံမှ ဖြစ်ကြောင်း Facebook ကုမ္ပဏီက သြဂုတ်လ ၂၇ရက်နေ့တွင် ပြောကြားသည်ဟု သိရသည်။

Facebookနှင့် Twitter ဝက်ဘ်ဆိုက်များသည် တက်ကြွလှုပ်ရှားသူများ၏ စည်းရုံးလှုံ့ဆော်ရာ နေရာများ ဖြစ်လာပြီး အစိုးရများ၏ ပစ်မှတ်များဖြစ်လာသည်ဟု ဆိုသည်။ ပြီးခဲ့သည့် မေလနှင့် ဇွန်လအတွင်း တူရကီနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အစိုးရ ဆန့်ကျင်ဆန္ဒပြမှုများတွင် တူရကီဝန်ကြီးချုပ် အာဒိုဂန်က လူမှုရေး မီဒီယာများကို လူ့အဖွဲ့အစည်းအတွက် ဆိုးရွားသည် ့အန္တရာယ်ဟု ခေါ်ဝေါ်သုံးစွဲခဲ့သည်။ ထိုအချိန်က ဆန္ဒပြစည်းရုံးသူများ၏ သတင်းအချက်အလက်များအား တူရကီအစိုးရသို့ ပေးအပ်ခဲ့သည်ဆိုခြင်းကို Facebook ကုမ္ပဏီက ငြင်းဆိုခဲ့သည်ဟု သိရသည်။

Facebook ကုမ္ပဏီနှင့် အခြားသော နည်းပညာ ကုမ္ပဏီများသည် သုံးစွဲသူများ၏ အချက်အလက်များကို လျို့ဝှက်စုဆောင်းနေသည့် အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA)ကို ကူညီနေကြောင်း ဝေဖန်ခံထားရသည်။ Facebook ကုမ္ပဏီသို့ သုံးစွဲသူများ၏ အချက်အလက် တောင်းဆိုမှု အများဆုံးနိုင်ငံမှာ အမေရိကန် နိုင်ငံဖြစ်ပြီး Facebook သုံးစွဲသူ ၂၀,၀၀၀နှင့် ၂၁,၀၀၀ကြား၏ အချက်အလက်များကို တောင်းခံခဲ့သည်ဟု သိရသည်။

အိန္ဒိယနိုင်ငံက ဒုတိယ တောင်းဆိုမှု အများဆုံးနိုင်ငံဖြစ်ပြီး Facebook သုံးစွဲသူ ၄၁၄၄ဦး၏ အချက်အလက်များကို တောင်းဆိုခဲ့ကြောင်း ကုမ္ပဏီက ပြောသည်။ တတိယ တောင်းဆိုမှု အများဆုံး နိုင်ငံမှာ ဗြိတိန်နိုင်ငံဖြစ်ပြီး ၎င်းနောက်တွင် ဂျာမနီ၊ အီတလီနှင့် ပြင်သစ်နိုင်ငံတို့က အစဉ်အလိုက် ရှိနေကြကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *