Featured, Mobile, Review

မိုဘိုင်းဖုန်းနဲ့ ပတ်သက်တဲ့ အယူအဆ အလွဲများ

မိုဘိုင်းဖုန်းနဲ့ ပတ်သက်တဲ့ အယူအဆ အလွဲများ

လူတွေဟာ အခြားလူတွေကို မိုဘိုင်းဖုန်းနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ရမယ် ၊ ဘာတွေ မလုပ်ရဘူးစတဲ့ အယူအဆ အလွဲများကို ပြောဆိုနေကြတာကို များစွာ ကြားနေရပါတယ်။ မိုဘိုင်းဖုန်းနဲ့ ပတ်သက်ပြီး မှန်တယ်လို့ ထင်နေကြတဲ့ အယူအဆ အလွဲများကို ဖော်ပြလိုက်ပါတယ်။

မိုဘိုင်းဖုန်းဟာ ဓါတ်ဆီဆိုင်ကို မီးလောင်စေနိုင်ပါတယ်။ မှားပါတယ်။

ဓါတ်ဆီဆိုင်တွေမှာ ဖုန်းမသုံးရဆိုတဲ့ သတိပေးဆိုင်းဘုတ်၊ စာတမ်းစတာတွေကို သင်တွေ့မြင်ရမှာပါ။ သင် အသုံးပြုနေတဲ့ အချိန်မှာ အခြားသူက မသုံးဖို့ အော်ဟစ် သတိပေးတာကို ကြုံဖူးကောင်းကြုံဖူးရမှာပါ။ ဒီလို ကြောက်ရွံ့မှုတွေ ရှိနေပေမယ့်လည်း မိုဘိုင်းဖုန်းကြောင့် ဓါတ်ဆီဆိုင် ပေါက်ကွဲသွားတဲ့ ဖြစ်ရပ် တစ်ကြိမ်မှ မရှိခဲ့ဘူးပါဘူး။

အဲဒီ အယူအဆ အလွဲဖြစ်လာရတာက နောက်ပြောင်ပြောဆိုကြလို့ ဖြစ်ပါလိမ့်မယ်။ မိုဘိုင်းဖုန်းကနေ ဆီဆိုင် မီးလောင်မှု ဖြစ်ပွားတဲ့ ဖြစ်ရပ်သုံးခုကို Shellရေနံ ကုမ္ပဏီကို ပေးပို့တဲ့ အခါမှာ မှားယွင်းနေတာကို တွေ့ရပါတယ်။ တကယ်တမ်းမှာတော့ မိုဘိုင်းဖုန်းတွေက မီးလောင်စေတာ မဟုတ်ပါဘူး။ လေ့လာ စမ်းသပ်မှုတွေများစွာ ပြုလုပ်ခဲ့တဲ့အခါမှာလည်း အဲဒီ အဖြေပဲထွက်ပါတယ်။

လောင်စာဆီတွေအနားမှာ အန္တရာယ်ရှိနိုင်တဲ့ မီးတောက်တွေကို မိုဘိုင်းဖုန်းတွေရဲ့ ဘက်ထရီက ဖြစ်စေနိုင်တာမို့ စိုးရိမ်မှုတွေရှိနေတာပါ။ မိုဘိုင်းဖုန်း ဘက်ထရီတွေဟာ အနာအဆာပါတာမဟုတ်ရင် မီးထတောက်စရာ အကြောင်းမရှိပါဘူး။ လုံခြုံရေးဆိုင်ရာ အာဏာပိုင်တွေက လောင်စာဆီတွေ အနားမှာ ဘက်ထရီတွေထားရှိတာကို စိုးရိမ်နေကြတာဆိုရင် ကားဘောနက်ထဲမှာ ကြီးမားတဲ့ ဘက်ထရီတွေထားရှိတာက မေးစရာ ဖြစ်ပါတယ်။ ဓါတ်ဆီဆိုင်တွေ မီးလောင်ရတဲ့ အကြောင်းတစ်ခုက ကားထိုင်ခုံမှ ဒြပ်ထုက ထွက်လေ့ရှိတဲ့ တည်ငြိမ်လျှပ်စစ်ကြောင့်ဖြစ်နိုင်ပါတယ်။

1

မိုဘိုင်းဖုန်းဟာ ကြက်ဥကို ပြုတ်ပေးနိုင်ပါတယ်။ မှားပါတယ်။

မိုဘိုင်းဖုန်းတွေဟာ လူတွေ စတင်ပြီး အသုံးပြုစဉ်ကတည်းက ဖုန်းတွေမှာ လူကို လောင်ကျွမ်းစေတဲ့ မမြင်ရတဲ့ ရောင်ခြည်တွေ ထုတ်လွှတ်တယ်ဆိုပြီး ကြောက်ရွံ့နေတဲ့ လူတွေရှိပါတယ်။ မိုဘိုင်းဖုန်းသုံးလုံးက ကြက်ဥတစ်လုံးကို ပြုတ်ပြတဲ့ အင်တာနက်မှ နောက်ပြောင်ထားတဲ့ ဗီဒီယိုတစ်ခုထွက်ပေါ်လာပါတယ်။ ဗီဒီယိုမှာကြက်ဥကို မိုဘိုင်းဖုန်းနှစ်လုံးကြားမှာ ထားထားပါတယ်။ ဖုန်းတစ်လုံးကနေ အခြားဖုန်းတစ်လုံးကို ၆၅ မိနစ်လောက်ဖုန်းခေါ်လိုက်တဲ့ အခါမှာ ကြက်ဥက ကျက်သွားပါတယ်။ ဒါကိုလူတွေက မစဉ်းစား မဆင်ခြင်ဘဲ ယုံကြည်သွားကြတာပါ။

မှန်ပါတယ်။ မိုဘိုင်းဖုန်းတွေက ရောင်ခြည်တွေကို ထုတ်လွှတ်ပါတယ်။ အဲဒီပမာဏဟာ ကြက်ဥကို ပြုတ်ပေးနိုင်တဲ့ စွမ်းအင် ပမာဏ မဟုတ်ပါဘူး။ ဖုန်းတွေက ထုတ်လွှတ်ပေးနိုင်တဲ့ ပမာဏဟာ အလွန်သေးငယ်ပြီး ၀.၂၅ ၀ပ်လောက်ပါပဲ။ ကြက်ဥပြုတ်ပေးနိုင်လောက်တဲ့ ၇၀ ဒီဂရီနဲ့ သူ့အထက်ကို ဖုန်းက မထုတ်လုပ်ပေးနိုင်ပါဘူး။ မိုဘိုင်းဖုန်း တစ်ရာလောက်ကို ကြက်ဥပေါ်မှာ တင်ထားပြီး ဖုန်းတစ်လုံးနဲ့ တစ်လုံး ခေါ်ဆိုကြည့်တဲ့အခါမှာ ကြက်ဥဟာ တစ်ဒီဂရီထက်ပိုတဲ့ အနွေးဓါတ်လောက်သာ ရရှိတာကို စမ်းသပ် သက်သေပြခဲ့ပြီးပါပြီ။
ဒီအယူအဆ အလွဲနဲ့ ပတ်သက်ပြီး ယုံစရာ မကောင်းဆုံး အချက်က မိုဘိုင်းဖုန်းတွေဟာ တစ်လုံးနဲ့ တစ်လုံး ရောင်ခြည်များ တိုက်ရိုက်ထုတ်လွှင့်တာမဟုတ်ပါဘူး။ ဆက်သွယ်ရေး တာဝါတိုင်တွေကို ကြားခံပြီး ဆက်သွယ်တာပါ။ အဲဒီတော့ ဖုန်းတွေကြားမှာ ကြက်ဥတွေထားရှိတာဟာ ဘာမှ မထူးခြားပါဘူး။


မိုဘိုင်းဖုန်းတွေဟာ ဦးနှောက်ကင်ဆာ ဖြစ်နိုင်ပါတယ်။ မှားပါတယ်။

ကြက်ဥ အယူအဆ အလွဲလိုပါပဲ။ မိုဘိုင်းဖုန်းတွေကို အိပ်ယာနားမှာ ထားအိပ်တဲ့ အခါမှာ ၊ ခေါင်းနားကပ်ပြီး ဖုန်းပြောတဲ့အခါမှာ ဖုန်းတွေက ထုတ်လွှင့်တဲ့ ရောင်ခြည်တွေဟာ ကြောက်စရာကောင်းတယ်လို့ ထင်နေကြပါတယ်။ သိပ္ပံပညာရှင်တွေက မိုဘိုင်းအသုံးပြုမှုရဲ့ အကျိုးဆက်တွေနဲ့ ကင်ဆာဖြစ်ပွားမှုကို လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကတည်းက လေ့လာနေခဲ့ကြတာဖြစ်ပြီး မိုဘိုင်းဖုန်းတွေဟာ ကင်ဆာဖြစ်ပွားနိုင်တယ်ဆိုတဲ့ အထောက်အထား မတွေ့ခဲ့ပါဘူး။ ကင်ဆာ ကောင်စီက မိုဘိုင်းဖုန်းတွေဟာ အလွန်နိမ့်ကျတဲ့ ကြိမ်နှုန်းများသာ ထုတ်လွှင့်တဲ့ ELF (Extremely Low Frequency) Deviceတွေလို့ ရှင်းပြထားပြီး အဲဒီ ရေဒီယိုလှိုင်းတွေနဲ့ မိုက်ကရိုဝေ့ရောင်ခြည်တွေဟာ DNAကို ပြောင်းလဲစေနိုင်တဲ့ စွမ်းအင် သို့မဟုတ် ကြိမ်နှုန်းမရှိပါဘူး။ အတိုချုပ်အားဖြင့် ကာလရှည်ကြာ လေ့လာမှုမရှိတာကြောင့် အချို့အချက်များဟာ သေချာမှုမရှိပေမယ့် ပြုလုပ်ခဲ့တဲ့ သုတေသနတွေမှ အထောက်အထားတွေအရတော့ ကင်ဆာနဲ့ မိုဘိုင်းဟာ ဆက်စပ်မှုမရှိပါဘူး။

2

အလွန်အမင်း အားသွင်းခြင်းဟာ ဘက်ထရီကို ပျက်ဆီးစေပါတယ်။ မှားပါတယ်။

အစောဆုံး ဟန်းဆက်တွေမှာ အသုံးပြုတဲ့ NiCad Batteryများမှာ အားတစ်၀က်ရောက်တာနဲ့ အားသွင်းပေးဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင် အသုံးမပြုတဲ့ ဆဲလ်တွေက သေဆုံးသွားကြပါတယ်။ ဒီနေ့ခေတ် Li-ion Batteryတွေကတော့ စွမ်းအင် ရာခိုင်နှုန်း ဘယ်လောက်ကျန်တယ်ဆိုတာ စိတ်ပူစရာမလိုပါဘူး။

မိုဘိုင်းဖုန်းကို ရာနှိုင်းပြည့် အားသွင်းပြီးလို့ ဆက်သွင်းထားရင်လည်း စိတ်မပူပါနဲ့။ စမတ်ဖုန်းတွေဟာ အားပြည့်တာနဲ့ အားသွင်းတဲ့ အလုပ်ကို အလိုလို ရပ်တန့်ပေးနိုင်အောင် စမတ်ကျလှပါတယ်။

3

Apps အားလုံးကို ပိတ်လိုက်ရင် ဘက်ထရီ သက်သာစေပြီး ဖုန်းဟာ မြန်ဆန်ပါတယ်။ မှားပါတယ်။

ကြားရတာတော့ ယုံချင်စရာကြီးပါ။ အမှန်တကယ်က Appsအားလုံးကို ပိတ်လိုက်ရင် ဖုန်းရဲ့ RAM Memoryကနေ ဖျက်ပစ်လိုက်တာပါ။ ( Appကို ပိတ်တယ်ဆိုတဲ့ နေရာမှာ Androidမှာ Home Buttonကို ဖိထားပြီး နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ Appအားလုံးကို ပိတ်လိုက်တာကို ဆိုလိုပါတယ်။ ) ဒါဆိုရင် RAM Memoryမှာ နေရာလွတ်တွေများလာပြီးဖုန်းဟာ မြန်ဆန်စွာ အလုပ်လုပ်မယ်လို့ ထင်ချင်စရာပါ။ မဟုတ်ပါဘူး။ Appတွေကို Memoryကနေ ဖယ်ရှားပြီးတဲ့အခါမှာ အဲဒီ Appကို ပြန်ဖွင့်ရင် Internal Memoryကနေ RAM Memoryသို့ ပြန်ပို့ဆောင်ပေးရတဲ့အတွက် အချိန်ပိုကြာပါတယ်။ Appတွေကို မပိတ်ဘဲ ဒီအတိုင်းထားရှိခြင်းက ဖုန်းကို လျှင်မြန်စွာ အလုပ်လုပ်စေနိုင်ပါတယ်။

နောက်ကွယ်မှ Appတွေကို Refreshမလုပ်ဘူးဆိုရင် Appတွေက သင်ထားရှိခဲ့တဲ့ အတိုင်းရှိနေမှာဖြစ်ပြီး အလုပ်တွေ လုပ်နေမှာ မဟုတ်တဲ့အတွက် ဘက်ထရီ မကုန်ပါဘူး။ (နောက်ကွယ်မှာ Refreshလုပ်တဲ့ Facebookဟာ ဘက်ထရီ အကုန်မြန်စေပါတယ်။ ) သူတို့ဟာ Memory ဒါမှမဟုတ် ဒေတာတွေကို ကုန်ဆုံးစေမှာ မဟုတ်ပါဘူး။ Appleရဲ့ iOSမှာတော့ Memoryလိုအပ်လာရင် အလိုအလျှောက် Appတွေကို ပိတ်ပေးမှာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *