Appleမှ ထုတ်လုပ် လိုက်သည့် iPhoneအသစ် နှစ်မျိုး iPhone 5Sနှင့် iPhone 5Cတို့မှာ သုံးရက်အတွင်း ဖုန်းအလုံးရေ ကိုးသန်းခန့် ရောင်းချခဲ့ရကြောင်း သတင်းရရှိပါတယ်။ အဆိုပါ စံချိန်မှာ ပြီးခဲ့သည့် နှစ်က iPhone 5ကို သုံးရက်အတွင်း ငါးသန်းခန့် ရောင်းခဲ့ရသည့် စံချိန်ထက် ကျော်လွန်ခဲ့ခြင်း ဖြစ်ကာ ယခုလို ရောင်းအားကောင်းရခြင်း အကြောင်းကတော့ iPhone 5Sမှာ အသစ်ပါ၀င်လာတဲ့ Fingerprintစနစ်နဲ့ iPhone 5Cရဲ့ ဆွဲဆောင်မှု ရှိတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။
ဒီလို ရောင်းအားကောင်း နေတော့ Appleရဲ့ ဈေးကွက်ကိုလည်း ပိုမိုကြီးမား ကျယ်ပြန့်စေပြီး အရင်တုန်းက Appleပစ္စည်း (iPhone)မသုံးခဲ့တဲ့ လူတွေကိုတောင် iPhoneသုံးချင် လာအောင် ဖိတ်ခေါ်မှု တစ်ရပ် ဖြစ်နေပါတယ်။ အမေရိက ဈေးကွက်မှာတော့ iPhone 5Sရောင်းချရမှုဟာ ရောင်စုံကာလာနဲ့ iPhone 5Cရောင်းရမှုထက် သုံးဆပိုမို များပြားခဲ့တယ်လို့ သိရပါတယ်။ Appleရဲ့ CEO Tim Cookကလည်း “ဒါဟာ ကျွန်တော်တို့ အတွက် အကောင်းဆုံး iPhoneမိတ်ဆက်ပွဲ ဖြစ်ခဲ့ပါတယ်။ တစ်ပတ်အတွင်း ဖုန်းအလုံးရေ ကိုးသန်း ရောင်းချခဲ့ရပြီး စံချိန်သစ်လည်း တင်နိုင်ခဲ့ပါတယ်။ iPhoneအသစ်တွေ မထွက်လာခင်တည်းက ၀ယ်ယူချင်တဲ့ Demandတွေ မယုံနိုင်လောက်အောင် အများအပြား ရရှိခဲ့ပြီး တကယ်တမ်း ထွက်ရှိလာတဲ့ အခါမှာလည်း စတိုးဆိုင်တွေမှာ အလွန်ရောင်းရခဲ့ကာ မှာယူမှုတွေလည်း အခုထိ လက်ခံနေရဆဲပါ။ ကျွန်တော်တို့အနေနဲ့လည်း လုံလောက်တဲ့ iPhoneတွေ ဖန်တီးထုတ်လုပ် ပေးဖို့ ကြိုးစားလျက်ပါ”လို့ ပြောကြားခဲ့ပါတယ်။