Opinion

နည်းပညာ တိုးတက်မှုက ရေရှည် တည်မြဲလာနိုင်ပါ့မလား

ယနေ့ ကမ္ဘာကြီးက လျင်မြန် သွက်လက်သော နှုန်းနဲ့ ပြောင်းလဲနေပါတယ်။ ဒီအထဲမှာ နည်းပညာ နယ်ပယ်က ပိုပြီး လွန်စွာမှပင် အပြောင်းအလဲ မြန်ဆန် လွန်းလှပါတယ်။ တိုးတက်မှုကလည်း မြင့်မားလှနေပါတယ်။ ကွန်ပျူတာဆိုတာကလည်း နည်းပညာ တိုးတက် မြင့်မားလာမှုကြောင့် ဖြစ်ပေါ်လာတာပါ။ ယနေ့ လူတိုင်းနီးပါးက ကွန်ပျူတာကို အသုံးပြုနေပါပြီ။ ဒီတော့ ကျွန်မတို့ရဲ့ နေ့စဉ် နေထိုင်မှု စနစ်တွေကလည်း ပြောင်းလဲ လာခဲ့ပါတယ်။ ကွန်ပျူတာ ယဉ်ကျေးမှုလို့ ခေါ်နိုင်တဲ့ စနစ် တစ်ခုအဖြစ် ခိုင်ခိုင် မာမာ ရပ်တည် နေခဲ့ပါပြီ။ ယခု ဆိုရင်လည်း ကွန်ပျူတာ အရောင်းပွဲတွေကို ကြိုကြား ကြိုကြား ဈေးနှုန်း ချိုသာစွာနဲ့ လူတိုင်း အသုံးပြုနိုင်သော ခေတ်ကို ရောက်ရှိ လာခဲ့ပါပြီ။ လူငယ်တိုင်းကလည်း ကွန်ပျူတာ မရှိရင် ခေတ်မမီတော့ဘူး ဆိုတဲ့ အတွေးအခေါ်တွေနဲ့ မိဘများကို ပူဆာလာကြတာလည်း တွေ့ရှိနေရပါတယ်။

ဘာအတွက် သုံးမလဲဆိုတာကတော့ တော်တော်များများ မဖြေနိုင်ကြသေးပါဘူး။ နယ်တွင် မပြောနဲ့ မြို့ပေါ်မှာတောင် ကွန်ပျူတာ ဆိုတာ ဘာလဲ မေးရင် Chatလို့ ရတယ်ပဲ သိတဲ့သူတွေ ဒုနဲ့ဒေးပါပဲ။ နည်းပညာ တိုးတက် လာသလောက် လူငယ်တွေ အနေနဲ့ အမြင်များလည်း ပြောင်းလဲဖို့ အရမ်း လိုအပ်လာနေပါပြီ။ ကွန်ပျူတာဆိုတာ ဘာမှန်းသာ မသိကြတာ ကွန်ပျူတာ သင်ပြီဆိုတာနဲ့ Gtalk ပြောဖို့နဲ့ Facebook အကောင့် မရှိသေးဘူးလို့ ပြောတဲ့ သူချည်းပါပဲ။ ယခု တစ်လော ရေပန်းစားနေတဲ့ ဒီ Social Networkလို့ လူတိုင်း လိုလို အရူးအမူး ဖြစ်နေတဲ့ Facebook ကြီးက ပိတ်တော့မယ်ဆိုပြီး သတင်းထွက်နေခဲ့ပါရောလား။ တကယ်လို့သာ Facebookပဲ သုံးနေကြတဲ့ လူတွေ ဒီဆိုက်သာ ပိတ်သွားခဲ့မယ်ဆိုရင် ဘာတွေကို သုံးကြမလဲဆိုတဲ့ အတွေးတွေ တွေးနေမိပါတော့တယ်။ တစ်ချို့က Facebook သုံးမှ ခေတ်မီတယ် ဆိုတဲ့ အမြင်တွေကတော့ လူတိုင်း လိုလို ဖြစ်နေပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တွေ့တာနဲ့ Facebookမှာ မင်း ဘော်ဒါ ဘယ်နှယောက် ရှိပြီလဲ။ မင်းမိတ်ဆွေက ငါ့ထက် နည်းသေးတယ်ဆိုပြီး အပြိုင်အဆိုင်တွေတောင် ဖြစ်နေပါသေးတယ်။ အတော်များများ လူတွေရဲ့ အမြင်က အင်တာနက် သုံးတာ Facebookကိုပဲ သုံးရမယ်ဆိုတဲ့အတွေးတွေက အတော်ကို လွှမ်းမိုးထားတာ တွေ့ရတယ်။ Facebook မသုံးတဲ့ သူက ခေတ် နောက် ကျန်နေသလိုပဲ ဖြစ်နေပါတယ်။ ဂျီတော့ပဲ ဖွင့် သုံးတတ်ပြီး ဂျီမေးလ်နဲ့ ဘာကွာလဲ မေးတဲ့သူက ရှိသေးတယ်။ လူငယ်တွေရဲ့ အမြင်တွေက ဒီထက် ပိုပြီး ပွင့်လင်း လာစေချင်တယ်။ ကျောင်း ပညာရေး လျှောက်ရင် ဘယ် ၀က်ဘ်ဆိုက်ကို ၀င်ရမလဲ။ အင်္ဂလိပ်စာ လေ့လာချင်ရင် ဘယ်ဟာကို ၀င်ရမလဲ ဆိုတဲ့ မေးခွန်းလေးတွေ မေး လာစေချင်တယ်။ ခုဆိုရင် မြန်မာပြည်တွင်းတွင် အွန်လိုင်းကနေ ဥပဒေပညာရပ်ကို လေ့လာ သင်ယူ လိုသူတွေ အတွက် ရန်ကုန် အေ၀းသင် တက္ကသိုလ် လူ့ စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှုဌာန အစီအစဉ်ဖြင့် ရန်ကုန် အေ၀းသင်တက္ကသိုလ်ရဲ့ ဥပဒေပညာ ဌာနက ဦးစီး၍ ဥပဒေပညာဒီပလိုမာ (Diploma in Law–DL) သင်တန်းကို ခေတ်မီ နည်းပညာ တစ်ခု ဖြစ်သော Web-Based Teaching System (WBTS)ကို အသုံးပြုပြီး Onlineဖြင့် သင်ကြား ပို့ချ ပေးမယ်လို့ ကြားရပါတယ်။ အွန်လိုင်းကနေ သင်ကြား ပို့ချပေးမယ် ဆိုတော့ အချိန်ကုန်လည်း သက်သာ၊ သွားရလာရလည်း ဒုက္ခ မရောက်တဲ့အပြင် ဘွဲ့တစ်ခု ကိုလည်း ၁၀လနဲ့ ရရှိမှာ ဖြစ်ပါတယ်။ ဘယ်လောက် ကောင်းလိုက်သလဲ။ ဒီလို ပညာရေးတွေ ဒီထက် ပိုမို တိုးတက်လာစေချင်နေတာ အတော် ကြာခဲ့ပါပြီ။

ယခုတော့ လူငယ်တွေ အတော်များများက Facebookမှာဘဲ အချိန်တွေ အတော် အကုန်ခံနေတာကို တွေ့ရှိနေရပါတယ်။ ခေတ်မီသူတိုင်း Facebook သုံးသည် ဆိုသလိုပေါ့။ လူတိုင်း စိတ်၀င်စားတဲ့ သတင်းဦး၊ သတင်းထူးတွေကို အချိန်နဲ့ တစ်ပြေးညီ ရရှိ နေတာကတော့ Facebookဆိုတဲ့ လူမှု၀က်ဆိုက် တစ်ခုပါပဲ။ ဒီ၀က်ဘ်ဆိုက်သာ အမှန်တကယ် ပိတ်သွား ခဲ့မယ်ဆိုရင် လူအတော်များများ Facebook စွဲ ရောဂါများ ရသွားကြမလားဆိုတာ မခန့်မှန်းနိုင်သလောက်ပါပဲ။ လူမှု၀က်ဘ်ဆိုက်ကလည်း ဒီတစ်ခုထဲပဲ ရှိတာ မဟုတ်ပါဘူး။ ကျွန်မ အမြဲ အသုံးမပြုပေမယ့် သုံးဖြစ်တဲ့ ဆိုက်တွေ အတော်များများတော့ ရှိပါတယ်။ အနည်းအကျဉ်း ဖော်ပြရရင်တော့ myspace, twitter, digg, flickr, bebo, hi5, tagged အပြင် http://www.e-learningcenter.com/free_html_course.htm ဒီလို လေ့လာစရာ တချို့ဆိုက်လေးတွေကလည်း အတော် သဘောကျဖို့ ကောင်းလှပါတယ်။ ဒီဆိုက်လေးကတော့ ကိုယ်တိုင် စိတ်ကူးစိတ်သန်း ရှိသလောက် ကိုယ်ပိုင် Websiteလေးကို ပုံကြမ်းကနေ အချောသပ် အကောင်အထည်ပေါ်တဲ့အထိ လုပ်ကိုင်ကြည့်ချင်တယ်ဆိုရင် e learning Centerက ဖွင့်လှစ်ထားတဲ့ အွန်လိုင်းသင်တန်းကို တက်ယူနိုင်ပါတယ်။ အခြေခံ HTML နဲ့ XHTMLကို Webpages အခြေခံတွေ တည်ဆောက်တဲ့အထိ Standard ထားပြီး လုပ်ကိုင် ပုံတွေ သိရှိ နိုင်ပါတယ်။ HTML Training Cense အတွက် ကိုတော့ ငါးနာရီကြာနဲ့ အပြီးအစီး တက်ဖို့ အခမဲ့ သင်ကြားပေးပါတယ်။ အွန်လိုင်းတွင် အင်္ဂလိပ်ဘာသာဖြင့် အခမဲ့ ပို့ချနေသော www.alison.com , www.masterclass.com, www.about.com, http://www.webmastercourse.com/ စသည့် ဆိုဒ်များတွင်လည်း လေ့လာနိုင်ပါသေးတယ်။ Alison ဆိုဒ်တွင် သူ ပြဌာန်းထားသော မော်ဂျူး ပြီးဆုံးပါက စာမေးပွဲ ဖြေဆိုရမည်ဖြစ်ပြီး သင်တန်း အောင်လက်မှတ် Diplomaကို ရယူနိုင်ပါတယ်။ Masterclassတွင်မူ စီမံခန့်ခွဲမှု သင်ခန်းစာ ၁၀ခန်း ပါပြီး အသေးစိတ်ကိုလည်း အချိန် ၃လမျှ သင်ယူရပြီး စာမေးပွဲနှင့် Case Studyတွေပါ ဖြေဆိုရပါမယ်။ အောင်မြင်ပါက အွန်လိုင်းတွင် ဒေါ်လာ ၂၀ မျှသာ သွင်းပြီး အောင်လက်မှတ် ရယူနိုင်ပါတယ်။ ထို့အပြင် ဟားဗက်နှင့် အမ်အိုင်တီတို့က လွှင့်တင်ထားသော ၀က်ဆိုဒ်များတွင် ၄င်းတက္ကသိုလ်ထုတ် နာမည်ကြီး Harvard Business Review နှင့် MIT Sloan Management Reviewတို့ကို အခမဲ့ ဖတ်နိုင်တာကို တွေ့ရှိရပြီ။ ဆက်လက်၍ ကျွမ်းကျင်အဆင့်တွေကို သင်ချင်ရင်တော့ သင်တန်းကြေး ပေးသွင်း သင်ကြားရမှာ ဖြစ်ပါတယ်။ about ကတော့ နယ်ပယ်ဒေသ အသီးသီးကနေ ကျွမ်းကျင်တဲ့ ပညာရှင်တွေ စုပေါင်းပြီး သင်ခန်းစာတွေကို အလှည့်ကျ ဖြေဆို လေ့ကျင့်ပေးနေတဲ့ အင်တာနက် စာသင်ကျောင်း တစ်ခုလို့တောင် ပြောဆိုနိုင်ပါတယ်။ Webရဲ့ တခြားနေရာတွေမှာ အချိန် ကုန်ခံနေမယ့် အစား aboutလို နေရာမျိုးသာ အချိန်ယူပြီး လေ့လာမယ်ဆိုရင် လက်တွေ့ကျတဲ့ သဘောတရား မဆန်တဲ့ နည်းပညာရပ်ပေါင်းတွေကို တစ်နေရာထဲနဲ့ အကုန် သိရှိသွားနိုင်မှာ ဖြစ်ပါတယ်။ ဗဟုသုတ လိုက်စားသူတွေအတွက် wikipedia ထက်တောင် ဖွဲ့စည်းမှု ပိုမို စုံလင်တဲ့ သင်ခန်းစာ စွယ်စုံကျမ်းကြီး တစ်ခုပဲ ဖြစ်ပါတယ်။ တချို့ Network Siteတွေက တစ်နှစ်လောက် သုံးပြီး အလိုလို ပိတ်သွားတာတွေလည်း ကြုံဆုံရပါသေးတယ်။

လူငယ်တွေအတွက် မြန်မာဖိုရမ်ဆိုက်တွေကလည်း လေ့လာစရာ ကောင်းလှပါသေးတယ်။ ကျွန်မ ပြောချင်တာကတော့ Facebookလို နေရာမှာပဲ အချိန်ကုန်မခံဘဲ နည်းပညာများ လေ့လာစရာ၊ ပညာရေး၊ နိုင်ငံတကာ လူမှုကွန်ယက်တွေရှိတဲ့ နေရာတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ၀င်ရောက် လေ့လာစေချင်ပါတယ်။ ခုတစ်လော နာမည်ကြီးနေတဲ့ နန်းခင်ဇေယျာကို like ပေးတိုင်းသာ ဆုရမယ်ဆိုရင် ကမ်ဘာမှာ မြန်မာက ထိပ်ဆိုသလို ရောက်ရှိနေမှာ မြင်ယောင်နေပါသေးတယ်။ အဲ myspace ဆိုတဲ့ website တစ်ခုရဲ့ မူကတော့ မိတ်ဆွေ သူငယ်ချင်းဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ် သတ်မှတ်ချက်ကိုပဲ ကျယ်ပြန့်စွာ ပေးထားခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်မသိတဲ့သူ တစ်ဦးကို လက်ခံထားမိပြီဆိုရင်ဖြင့် သူဟာ အွန်လိုင်းမိတ်ဆွေပဲ ဖြစ်မှာပေါ့။ ကိုယ်နဲ့ ဆိုးတိုင်ပင် ကောင်းတိုင်ပင် သူငယ်ချင်းအစစ်ဖြစ်ဖို့ဆိုတာ ဖြစ်လာနိုင်ပါ့မလား။ အသိတစ်ယောက်လိုပဲ ချိတ်ဆက်ထားတာပါလားလို့ တွေးစရာ ရှိလာနိုင်ပါတယ်။ ဒီလို Online linking တွေကြောင့် လူမှုရေး ပြဿနာတွေလည်း နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်လာကြပါတယ်။ သူငယ်ချင်းစာရင်းဟာ ရှည်လျား လာသလို ပြဿနာရပ်တွေကလည်း ပေါ်လာပါတော့တယ်။ ဒီလိုကိစ္စတွေနဲ့ပဲ လူငယ်တွေ လုံးလည်ချာလည်လိုက်ပြီး လည်ပတ်နေကြတော့မယ်ဆိုရင်ဖြင့် နည်းပညာ တိုးတက်မှုဆိုတာ ရေရှည် တည်မြဲလာနိုင်ပါ့မလား။

တစ်နေ့ တစ်နေ့ ဒီလို Facebook မှာပဲ ဘယ်သူက ဘာပုံတင်နေသလဲ။ ဘယ်သူကတော့ ဘယ်သတင်းတွေ ပို့ထားသလဲဆိုတဲ့ အတွေးတွေနဲ့ ဒီ၀န်းကျင်မှာ မနေကြတော့ပဲ ၀န်းကျင်အပြင်မှာ ရှိတဲ့ နေရာများကို ကျယ်ကျယ်ပြန့်ပြန့် ထွက်ကြည့်ကြဖို့ အချိန်တန်ပြီလို့ ပြောလိုက်ပါရစေတော့ရှင်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *