Health, Opinion

ဖြစ်ခြင်းပျက်ခြင်း၏ လက်တွေ့သဘော

ufandshands.org

ဖြစ်ခြင်းပျက်ခြင်းသဘောများနှင့် “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” တရားများကို မလွတ်တမ်း လက်ကိုင်ဆွဲနေသူများကား ကျွန်တော်တို့ လောကီလူသား ပုထုစဉ်များပင် ဖြစ်သည်။ သိပ္ပံပညာဟူ၍ မထွန်းကား မပေါ်ပေါက်ခင်ကတည်းက သဗ္ဗညုတ ဗုဒ္ဓဘုရားရှင်တော်မြတ်က “အဖြစ်အပျက် သဘောတရားများဖြင့် ခန္ဓာကိုယ်ကို ဖွဲ့စည်းထားသည်။ မည်သည့်အရာမျှ မမြဲ၊ ဖြစ်ပြီးလျှင် ပျက်ရပေမည်။”ဟု ဆုံးမသွန်သင် လမ်းညွှန် ဟောကြားထားပေသည်။ သက္ကရာဇ်များ ကြာမှ ပေါ်ပေါက်ထွန်းကားလာသော သိပ္ပံပညာ၏ စူးစမ်းရှာဖွေ တွေ့ရှိချက်များကား ဗုဒ္ဓ၏ တရားကို ရာနှုန်းပြည့် အတည်ပြု ထောက်ခံနေပေသည်။

ခန္ဓာကိုယ်ကို ဖွဲ့စည်း တည်ဆောက်ထားသော ပင်မ အရင်းခံ ဆဲလ်(Cells) များသည် ဖြစ်ပြီး ပျက်နေကြသည် မဟုတ်ပါလော။ ဖြစ်ပျက် ဖြစ်စဉ်များကား လူတို့၏ အတွေးအမြင် အသိတို့နှင့် အချိန်မီ မသိရှိနိုင်အောင် မြန်ဆန်လွန်းသည့်အတွက် ဖြစ်ခြင်းပျက်ခြင်းများကို ဉာဏ်အသိဖြင့်သာ ရှုမှတ် ဆင်ခြင်ကြရပါသည်။ ထိုဖြစ်ပျက်သဘော၊ ရုပ်ခန္ဓာ၏ မတည်မြဲမှု အနတ္တသဘောကို မျက်ဝါးထင်ထင် မြင်အောင် ပြသသည်။ ရုပ်လက္ခဏာတစ်ခု ဖြစ်သည့်၊ ကျန်းမာရေးပြဿနာကြီး တစ်ခုလည်းဖြစ်သော “အရိုးပွခြင်း” အကြောင်းအရာကို ယနေ့တင် ပြသွားမည် ဖြစ်ပါသည်။

အရိုးတစ်ခုအဖြစ် တည်ရှိရန် ပင်မအုတ်မြစ်အခြေခံ Bone Cellsနှင့် ကြားခံ Matrix (ဒြပ်ပေါင်းများ ပါ၀င်သည့် ကြားခံ) လိုအပ်ပေသည်။ ကျန်းမာရေး ဗဟုသုတကို လူအများ နားလည်သည့် နည်းလမ်းဖြင့် ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ရှင်းလင်းပြသသင့်သည်မှာ ဆရာ၀န်တိုင်း၏ တာ၀န် ဖြစ်ပါသည်။ ဆရာ၀န်စာရေးဆရာတစ်ဦး ဖြစ်လျှင်ကား ပို၍ တာ၀န်ကြီးပါသည်။ ထို့ကြောင့်လည်း “နှုတ်တစ်ရာ စာတစ်လုံး”ဟု ဆိုခဲ့ကြသည် မဟုတ်လော။ ထို့ကြောင့် လူအများ နားလည်အောင် အရိုး၏ ဖွဲ့စည်းပုံကို တင်ပြရမည်ဆိုလျှင် ၄င်းကို တည်ဆောက်ထားပုံသည် အုတ်နံရံ တစ်ခု တည်ဆောက်ထားပုံနှင့် ဆင်တူသည်ဟု ပုံပမာ ပြရမည်။

အုတ်နံရံ တစ်ခု တည်ဆောက်လျှင် အုတ်များနှင့် ကြားခံ ဘိလပ်မြေတို့ လိုအပ်သကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့် ထိုအုတ်နံရံ ခိုင်ခံ့ဖို့ အုတ်၏ အရည်အသွေးသည် အရေးကြီးသကဲ့သို့ ကြားခံ ဘိလပ်မြေ ကောင်းဖို့လည်း လိုပါသည်။ ဖြစ်ပျက်သဘောကို ပြန်လည် တင်ပြရမည်ဆိုလျှင် Bone Production (အရိုး၏ ဖြစ်ခြင်း) နှင့် Bone Resorption (ပျက်ခြင်း)တို့သည် အရိုးဆဲလ် Osteoblastနှင့် Osteoclastတို့၏ တာ၀န်များ ဖြစ်သည်။

၄င်းအခြေအနေသည် မျှခြေ တစ်ခု၌ နေနေလျှင် ပုံမှန် ဖွဲ့စည်းမှု ဖြစ်ပြီး ပိုမို ဖြစ်ခြင်း (သို့) ပိုမို ပျက်ခြင်းတို့ကြောင့် အရိုး၏ သိပ်သည်းဆကို ပြောင်းလဲစေနိုင်ပြီး ကျန်းမာရေး ပြဿနာများ ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ သာမာန် ကျန်းမာသော အသက်(၃၀) အရွယ်များသည်ကား အရိုးဖွဲ့စည်း သိပ်သည်းမှုအား အကောင်းဆုံးအချိန် ဖြစ်သည်ဟု စာပေမှတ်တမ်းများတွင် ဖတ်ရှူရပါသည်။ အသက်(၃၀) မှ (၄၀)တိုင်အောင် ဖြစ်ခြင်းနှင့် ပျက်ခြင်းတို့သည် မျှခြေအနေဖြင့် ထိန်းသိမ်း ရပ်တည်နိုင်သည်။ အသက်(၄၀)ကျော် လာလျှင်ကား အရိုးပျက်ခြင်းသည် အားသာလာပြီး နောက်ဆက်တွဲ အရိုးပါးပြဿနာများ ကြုံတွေ့လာဖွယ်ရာ ရှိပါသည်။

တစ်ကမ္ဘာလုံးအနေဖြင့် အမျိုးသမီးထု သန်း ၂၀၀ ခန့် အရိုးပွရောဂါ ဖြစ်ပွားနေသည်ဟု လေ့လာ ဖတ်ရှုဖူးပါသည်။ ထိုမျှသာမက အသက်အရွယ် ကြီးရင့်လာသော အမျိုးသားများ၌လည်း အရိုးပွရောဂါသည် ပြေးမလွတ်အောင် ရင်ဆိုင် ခံစားကြရတတ်သည်။ အသက် ၆၀ မှ ၇၀ အတွင်းရှိ အမျိုးသမီးများ၏ သုံးပုံတစ်ပုံခန့်၊ အသက် ၈၀ ကျော်၏ သုံးပုံ နှစ်ပုံခန့်သည် မလွဲမသေ ခံစားကြရသည်ဟု ဖော်ပြတတ်ကြပါသည်။

အရိုးပွခြင်း၊ အရိုးပါးခြင်း (Osteoporosis)ကို WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက အဓိပ္ပာယ် ဖွင့်ဆိုရာ၌ လူတစ်ယောက်၏ အသက်၂၀-၂၅ နှစ်အတွင်း အရိုးဖွံ့ဖြိုးမှု အကောင်းဆုံး အခြေအနေတွင် ရှိသင့်သည့် အရိုးထုထည်ပမာဏ(တနည်း) အရိုး၏ ကျစ်လစ် သိပ်သည်းမှု BMD=Bone Mineral Density (တနည်း) TScoreထက်
စံနှုန်း 2.5 3D (အဆင့်နှစ်ဆင့်ခွဲမျှ) ကျဆင်းသွားလျှင် အရိုးပါးရောဂါ ရှိပြီဟု ဖွင့်ဆိုထားပါသည်။ နောက်ဆက်တွဲအနေဖြင့် အရိုးအဖွဲ့အစည်း တစ်ခုလုံး၏ ဇီ၀ဖြစ်စဉ် အရိုးထုထည် သိပ်သည်းဆနှင့် အရိုး၏ ပုံမှန် ၀န်ခံနိုင်ရည် စွမ်းအား (Qiality Of Strength) လျော့ကျလာပြီး အရိုးပုံသဏ္႑ာန် ပျက်ခြင်း (Deformation) နှင့် အရိုး ကျိုးလွယ်လာခြင်း (Fragility Fracture)ကို ဆိုလိုပါသည်။

သွေးဆုံးပြီးသော အမျိုးသမီးများ၏ ၃၀%သည် ကျောရိုး ကျိုးခြင်း၊ တင်ပါးဆုံ ကျိုးခြင်း၊ လက်ဖျံ ကျိုးခြင်းနှင့် လက်မောင်းရိုး ကျိုးခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ မည်သို့သော အမျိုးသမီးများသည် အရိုးပါးခြင်းနှင့် ကျိုးလွယ်ခြင်းတို့ကို ခံစားရသနည်းဟု မေးလျှင် မိသားစုအတွင်း အရွယ်ရလာ၍ အရိုးကျိုးဖူးသူ ရှိခြင်း၊ ကိုယ်အလေးချိန် နည်းလွန်းသူများ၊ ဆေးလိပ်သောက်သုံးသူများ၊ အကြောင်းအမျိုးမျိုး၊ ရောဂါတစ်ခုခုကြောင့် Prednisolone/Dexaစသော Steroids ဆေးသောက်သုံးနေသူများ၊ အခြား ဟော်မုန်းဆေးများ ရေရှည်သောက်နေသူများ၊ ကိုယ်လက်လှုပ်ရှားမှု နည်းသူများ၊ စောစီးစွာ သွေးဆုံးခဲ့သူများ၊ သားဥအိမ် (Ovary) နှင့် သားအိမ် (Literus) ထုတ်ထားရသူများ အစရှိသဖြင့် ပါ၀င်သည့် အမျိုးသားများတွင်ကား အထက်ပါ အကြောင်းအရာများ ပါ၀င်သကဲ့သို့ အရက် အလွန်အကျွံသောက်သူများတွင် ပိုမို ဖြစ်သည်ဟု ဖတ်ရှုရပါသည်။

ရှေးဦးပမာဏ လက္ခဏာများအနေဖြင့် အရိုးပါးလာမည်ဆိုလျှင် နေ့စဉ် ကိုယ်လက်လှုပ်ရှားမှ အားနည်းလာခြင်း၊ နှေးကွေး လေးလံလာခြင်း၊ အရိုးနာခြင်း၊ ကိုက်ရခြင်း ဖြစ်ပါသည်။ သိသိသာသာ ကြီးကြီးမားမား မကျိုးသော်လည်း အနုစား အရိုးကျိုးခြင်း (Microfracture) ကြောင့် အရိုးနိမ့်ပြီး ခါးကုန်းလာခြင်း၊ ကျောရိုးခါးရိုးများ ပြားလာခြင်းတို့သာမက သာမန် ထိခိုက်ရုံဖြင့် အလွယ်တကူ ကျိုးခြင်းများ ဖြစ်တတ်သည်။

ကျောရိုးပြားခြင်း၊ ကျိုးခြင်းတို့သည်ကား ကျောရိုးအတွင်းရှိ ပင်မအာရုံကြောမကြီးနှင့် အာရုံကြော အခက်အပြာများ (Spinal Cord & Spinal Nerves)များကို ထိခိုက်စေခြင်းကြောင့် ထုံခြင်း၊ ကျင်ခြင်း အစရှိသည်မှ ကိုယ်တစ်ပိုင်း သေခြင်းအထိ ဖြစ်နိုင်သဖြင့် အရေးကြီးလှသည်။ အမျိုးသမီးများ (အထူးသဖြင့် သွေးဆုံးပြီးသူများ)တွင် အဖြစ်များသော လက်ဖျံရိုး ကျိုးခြင်းသည်လည်း လက်၏ အနေအထား ပုံပျက်သွားခြင်းကို ဖြစ်စေနိုင်ပါသည်။ ပေါင်ရိုး ကျိုးခြင်း၊ ခါးရိုး ကျိုးခြင်းတို့မှ ကြာရှည်စွာ အိပ်ယာထဲ လဲခြင်း (Prolonged Immobilization)သည်ကား အခြားသော ရောဂါပေါင်းစုံကို လက်ယက် ခေါ်နေကြောင်း အသက်အန္တရာယ်အထိ ရောက်ရှိနိုင်ကြောင်း လေ့လာ သိရှိရပါသည်။

ထိုမျှ အန္တရာယ်ပေးနိုင်သော ရောဂါကို ကာကွယ်နိုင်၏လော။ ကာကွယ်နိုင်သည့် အကြောင်းအရာများ ရှိသကဲ့သို့ ပြုပြင် ပြောင်းလဲ၍ မရနိုင်သော အကြောင်းအရာ (Unmodifiable Risks) များလည်း ရှိပါသည်။ ထို့ကြောင့်လည်း “အနိစ္စ၊ ဒုက္ခ၊ အနတ္တ”ဟု ဘုရားဟောခဲ့သည် မဟုတ်လော။ ဇရာကို ရှောင်၍ မရနိုင်သကဲ့သို့ အမျိုးသမီးဖြစ်ခြင်း သွေးမဆုံးနိုင်အောင် စီမံခြင်းများကား မပြုလုပ်နိုင်ပေ။ သို့သော် ဆေးလိပ်၊ အရက် မသောက်ခြင်း၊ အာဟာရ မချို့တဲ့အောင် မျှတအောင် စားသုံးခြင်း၊ ကိုယ်အလေးခိျန်ကို မ၀လွန်း မပိန်လွန်းအောင် ကြတ်မတ်ခြင်း၊ မိမိ၏ ကိုယ်အနေအထားနှင့် အန္တရာယ်ရှိသော အပြုအမူ အနေအထိုင်တို့ကို ဆင်ခြင်ခြင်းများသည်ကား တန်ဖိုးရှိလှသော ကာကွယ်နည်းများ ဖြစ်သည်။ ထို့ကြောင့် “Prevention is Better than Cure”ဟု ဆိုးရိုး ရှိခဲ့သည် မဟုတ်လော။

ယနေ့ခေတ် သားပျို၊ သမီးပျိုများသည်ကား ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှု (Healthy Lifestyle) နှင့် အလှမ်း ကွာနေကြသည်။ အလှအပ မက်မောသူများက “၀” လာမှာ စိုး၍ ကိုယ်ခန္ဓာ ပိန်လှီသေးသိမ်အောင် နေထိုင်တတ်ကြသလို စာပေပညာဘက် ဦးစားပေးသူများကား သင့်တင့်သော လှုပ်ရှားမှုပင် မပြုကြတော့ပဲ “၀” လာသည်အထိ တကုပ်ကုပ်ဖြင့် စာကြိုးစားတတ်ကြသည်။

ITကို စိတ်၀င်စားသူများ၊ Game သမားများကား Computer Screen ရှေ့မှ မကွာဘဲ အချိန်ကြာကြာ နေထိုင်တတ်ကြသည်။ ထိုအခါ အာဟာရ မျှတအောင် စားသောက်မှုများနှင့် ေ၀းလာသကဲ့သို့ ကို်ယ်လက်လေ့ကျင့်ခန်းများကား မရှိသလောက် ဖြစ်လာကြသည်။ တိုးတက်မှု၏ သော့ချက်ကား ပြိုင်ဆိုင်မှု ဖြစ်သည်နှင့်အညီ ယနေ့ခေတ်လူငယ်များတွင် ရှေးခေတ်ထက် စိတ်ဖိစီးမှု များပြားလာခြင်းကို တွေ့ရှိရသဖြင့် အနာဂတ်ကာလတွင် ရောဂါဆိုးများ၏ ခြိမ်းခြောက်မှုကို ခံရဖွယ်ရှိသည်။

ကျန်းမာသော ကလေးငယ်တစ်ဦးအတွက် အသင့်တင့်ဆုံး TV, Computer, Screen Time သည် ၂နာရီ အများဆုံး ဖြစ်သည်ဟု လေ့လာ ဖတ်ရှုဖူးသဖြင့် မိဘများ ကြတ်မတ်သင့်ပါသည်။ထို့ကြောင့် ဆိုးရွားလှသော အရိုးပါးရောဂါ မဖြစ်ပွားအောင် အောက်ပါနည်းနာ(၄) ရပ်ကို လက်ကိုင်ထားသင့်ပါသည်။

(၁) ဖြည့်စွက် ကယ်လစီယမ်(Calcium) နှင့် ဗိုက်တာမင်ဒီ (Vitamin D)ကို လိုအပ်သည့် အတိုင်းအတာ (မပိုလွန်း မလိုလွန်း) အတိုင်း သောက်သုံးခြင်း။
(၂) ပြည့်စုံ လုံလောက်သော ကို်ယ်လက် လှုပ်ရှား လေ့ကျင့်ခန်းများ ပြုမူခြင်း။
(၃) ကျန်းမာသော လူနေမှုဘ၀ကို ပိုင်ဆိုင်နိုင်အောင် ဖန်တီးခြင်းနှင့်
(၄) ချော်မလဲအောင် ကာကွယ်ခြင်းတို့ ဖြစ်ပါသည်။

အရွယ်ရောက်ပြီး အမျိုးသား၊ အမျိုးသမီးတစ်ဦးတွင် တစ်နေ့တာ ကယ်လစီယမ် ပမာဏ 1000mg မျှ လိုအပ်ပါ၍ ကယ်လစီယမ် ဆေးတောင့် တစ်လုံး တစ်ခါသောက် တစ်လုံး၊ တစ်နေ့ (၃)ကြိမ် အစာနှင့်အတူ တွဲသောက်သင့်သည်။ နွားနို့ ၂၅၀စီစီ (တဖန်ခွက်စာ)တွင် 500mg ပါ၍ နှစ်ခွက်မျှ သောက်သင့်သော်လည်း “တန်ဆေးလွန်ဘေး”ဆိုသည့်အတိုင်း ပို အားရှိအောင် ပို သောက်မိလျှင်ကား အရိုးပွခြင်း (ပျက်ခြင်း)ကို အားပေးသော ဟော်မုန်းတစ်မျိုး ပို ထွက်လာရာမှ အရိုးပွခြင်းကို ပို၍ ဆိုးစေနိုင်ကြောင်း သတိပြုသင့်သလို ကယ်လစီယမ်များ လိုအပ်သည်ထက် ပိုမိုပါက “ဆီးကျောက်” များ ဖြစ်လာနိုင်သည်ကိုလည်း သတိထားရမည်ဖြစ်သဖြင့် ကျွမ်းကျင်သူ ဆရာ၀န်များ၏ ညွန်ကြားချက်အတိုင်းသာ သောက်သင့်သည်။ Alendronate ကဲ့သို့ ဆေးများသည် အရိုးပါးခြင်း (ပျက်ဆီးခြင်း)မှ ကာကွယ်ပေးနိုင်သဖြင့်လည်း သောက်သုံးနိုင်ပါသည်။ Vitamin Dကို တစ်နေ့ ပျမ်းမျှ 400IU ရရှိအောင် သောက်သုံးနိုင်သလို နေရောက်ခြည်ဖြင့် ထိတွေ့ခြင်းမှလည်း ခန္ဓာကိုယ်တွင်း သဘာ၀ Vit.Dကို ပိုမိို တိုးပွားစေနိုင်ပါသည်။

Healthy Life Style ရရှိရန်ကား စိတ်လက် ပေါ့ပါး ပျော်ရွှင်နေခြင်း၊ ကိုယ်ဟန်အနေအထား မှန်ကန်မှုနှင့် အားကစား လိုက်စားရန် ဆေးလိပ်၊ အရက် ရှောင်ရှားပြီး မျှတသော အာဟာရ မှီ၀ဲရန်၊ လူမှုပတ်၀န်းကျင်တွင် ၀င်ဆန့်စွာ နေထိုင်ရန် အများအကျိုး ပါ၀င် ဆောင်ရွက်ရန်၊ နုပျို လန်းဆန်းအောင် နေထိုင် ကျင့်ကြံရန်တို့ ဖြစ်ပါသည်။ ထို့ကြောင့် လောဘ၊ ဒေါသ၊ မောဟနှင့် ပဋိဒေ၀သောကဗျာပါဒတို့ နည်းနိုင်သလောက် နည်းပါးအောင် ကျင့်ကြံရန်နှင့် အများဆုံး ပတ်သတ်နေသည်ဟု ဆိုနိုင်ပါသည်။
ချော်မလဲအောင် မည်သို့ပြုမူရမည်နည်းဟု မေးလျှင် မိမိကိုယ်ကို မိမိ “သတိ” နှင့် စောင့်ကြပ်ရန်ပင် ဖြစ်သည်။

ကိုယ်နေဟန်ချက် တည်ငြိမ်အောင် ပြုပြင်နေထိုင်ခြင်း အကူအညီ အကိုင်အတွယ် အထောက်အကူပြုပစ္စည်း (ဥပမာ-တုတ်ကောက်) အသုံးပြုခြင်း၊ ကြမ်းတမ်း၊ မနိုင်နင်းသော ၀န်တာနှင့် လှုပ်ရှားမှုများကို ဆင်ခြင်ခြင်း၊ အဖော်မပါဘဲ ကြမ်းတမ်းသော မညီညာသော မရှင်းလင်းသော ပတ်၀န်းကျင်များသို့ သွားခြင်း၊ ချော်တတ်သော နေရာများတွင် သတိထားခြင်းတို့ပင် ဖြစ်ပါသည်။

အကယ်၍ အကြောင်းကြောင်းကြောင့် အရိုး ကျိုးပါက အကောင်းဆုံးနှင့် အထိရောက်ဆုံး ရောဂါကုသမှုကို ခံယူပါ။
ကျွမ်းကျင်သော သမားတော်များနှင့် ပြသ တိုင်ပင်ပါ။ ခွဲစိတ်ရန် လိုအပ်ပါက အချိန်မီ ခွဲစိတ်မှု ခံယူပါ။
နောက်တစ်ကြိမ် အရိုးမကျိုးအောင် ကာကွယ်ပါ။

၁၉၉၆ ခုနှစ် အောက်တိုဘာလ(၂၀)ရက်နေ့မှစ၍ ယူကေနိုင်ငံရှိ အမျိုးသားအရိုးပါး ရောဂါ တိုက်ဖျက်ရေးအဖွဲ့ (United Kingdom’s National Osteoporosis Society)မှ ကမ္ဘာ့ အရိုးပါးရောဂါ တိုက်ဖျက်ရေးနေ့ကို စတင် ကျင်းပခဲ့ရာ ယခုအခါ (၁၆) ကြိမ်တိုင်တိုင် ရှိပြီးဖြစ်ကြောင်းနှင့် “Stop at One:Make Your First Break Your Las” ဟူသော ဆောင်ပုဒ်အတိုင်း အရိုးကျိုးခြင်းကို နောက်ဆုံးဖြစ်ပါစေ၊ ရှောင်ရှားနိုင်ကြပါစေဟု ဂုဏ်ပြုရေးသားလိုက်ရပါသည်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *