Featured, Mobile, Review

LGက စွမ်းဆောင်ရည်မြင့် G3 စမတ်ဖုန်းကို ကြေညာ

lg g3

‘ရိုးစင်းခြင်းသည် ခေတ်မီခြင်း’ LG၏ စမတ်ဖုန်းသစ် G3က ယင်း၏နောင်တော် G မျိုးဆက်များ၏ အရိုက်အရာကို ဆက်ခံလျက် ခမ်းနားစွာ ပွဲထွက်လာပါပြီ…
အောင်မြင်မှု ကြီးမားစွာရရှိခဲ့သည့် G2 စမတ်ဖုန်းပြီးနောက် မျိုးဆက်သစ် G3ဖုန်းကို တောင်ကိုရီးယား အခြေစိုက် LG အီလက်ထရောနစ်မှ စောလျင်စွာ မိတ်ဆက်ပွဲထုတ် ပြသလိုက်ပြီ ဖြစ်သည်။ လန်ဒန်၊ နယူးယောက်၊ ဆန်ဖရန်စစ်စကို၊ ဆိုးလ်၊ စင်ကာပူနှင့် အစ်စတန်ဘူလ် စသည့်ကမ္ဘာ့မြို့ကြီး ၆ ခုတွင် LG ၏ Launching Eventများ ကျင်းပပြီး ပွဲထုတ်ခြင်း ဖြစ်သည်။ LG G3သည် တစ်ကမ္ဘာလုံးရှိ မိုဘိုင်းဖုန်းသုံးစွဲသူများအတွက် စမတ်ဖုန်းသုံးစွဲခြင်း အဓိပ္ပါယ်ကို စာမျက်နှာသစ် ဖွင့်လှစ်ပေးလိုက်ခြင်းပင် ဖြစ်သည်။

‘ရိုးစင်းခြင်းသည် ခေတ်မီခြင်း’ ဟူသော ဆောင်ပုဒ်နှင့်အညီ LG G3သည် သုံးစွဲသူများထံမှ ရရှိသော သုတေသန အချက်အလက်များအပေါ် အခြေခံကာ ထုတ်လုပ်လိုက်ခြင်း ဖြစ်သည်။ LG ထုတ်ကုန်များ၏ ထုံးစံအတိုင်း ‘Learning from You’ ဟူသော Concept ကို ဗဟိုပြုပြီး စမတ်ဖုန်းသုံးစွဲသူများ၊ LG ချစ်သူများကြား ပိုမိုကောင်းမွန်သော ထုတ်ကုန်အသစ်ကို သပ်ရပ်လှပ လွယ်ကူရိုးရှင်း ခေတ်မီစွာ အသုံးပြုနိုင်ရန် ရည်ရွယ်သည်။

“ခေတ်မီလျင်မြန်စွာ ဖြစ်ပေါ်တိုးတက် ပြောင်းလဲနေတဲ့ မိုဘိုင်းဖုန်း၊ Smartphoneစျေးကွက် ဆိုတာ မြင့်မားတဲ့နည်းပညာ၊ ရိုးရှင်းတဲ့ User Experience စသည်တို့နဲ့ ဟန်ချက်ညီညီ မောင်းနှင်နေတာဖြစ်ပါတယ်” ဟု LG မိုဘိုင်းဆက်သွယ်ရေး အီလက်ထရောနစ်၏ CEO ဖြစ်သူ Dr.Jong-seok Parkမှ ပြောကြားခဲ့ပါသည်။ “LG G3ဟာ ကျွန်တော်တို့ ကြိုးပမ်းအားထုတ်မှုရဲ့ ရလဒ်၊ ထုတ်ကုန်သစ် တစ်ခုပါပဲ။ ကျွန်တော်တို့အနေနဲ့လည်း ဒီရလဒ်နဲ့ ပတ်သက်ပြီး တော်တော်လေး ကျေနပ်အားရမှု ရှိပါတယ်။”

G3 စမတ်ဖုန်းသစ်၏ Highlights များ

• Pixel သိပ်သည်းဆ 538 ppi (Pixel Per Inch) ရှိ ၅.၅လက်မ မျက်နှာပြင် qHD ဖြစ်ပြီး HD (High Definition) ရုပ်ထွက်ထက် ၄ဆ ပိုမိုကောင်းမွန်ကာ Full HD Display ထက်လည်း နှစ်ဆပိုမို ကောင်းမွန်သည်။

• ကင်မရာမှာ 13MP OIS+ (Optical Image Stabilizer Plus) ဖြစ်သည့်အပြင် Laser Auto Focus ပါ၀င်မှုကြောင့် အံ့သြငေးမောရမည့် ကြည်လင်ပြတ်သားသော ဓာတ်ပုံများကို အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ ရိုက်ယူနိုင်မည် ဖြစ်သည်။

• ပေါ့ပါးသပ်ရပ်သော ကျောဘက်ကာဗာတွင် Metallic Skin ထည့်သွင်းပေးထားပြီး လုံခြုံရေးပိုင်းဆိုင်ရာ မြင့်မားနည်းပညာစနစ် Finger Print ပါရှိသည်။
• နူးညံ့စွာ ရိုးရှင်းမှုနဲ့အတူ ပြန်လည်ပြင်ထားသည့် ဒီဇိုင်းအရည်အသွေးက GUIကို အကောင်းဆုံး ဖြစ်စေမည့် ပုံသဏ္ဍာန်ရှိသည်။

LG၏ G3ကို တည်ဆောက်ခဲ့မှု

• LGသည် ၄င်း၏ ဂုဏ်သတင်းကျော်စောမှုကို ဆက်လက် ထိန်းသိမ်းစေနိုင်ရန်အတွက် G3ကို အကောင်းဆုံး တည်ဆောက်ခဲ့သည်။ LGသည် မျက်နှာပြင် တည်ဆောက်မှုပိုင်းတွင် အထူးနာမည်ရ အောင်မြင်ခဲ့သည်ဖြစ်ရာ ယခုG3ကိုလည်း Quad HD displayဖြင့် မြင်တွေ့ရမည် ဖြစ်သည်။ qHD displayသည် ရာစုနှစ်၏ အကောင်းဆုံး တီထွင်မှုများထဲတွင် ပါ၀င်ခဲ့သော နည်းပညာတစ်ခုဖြစ်ပြီး ပုံရိပ်များကို ကြည့်ရှုရာတွင် အလွန်တိကျပြတ်သားသော Pixelအလိုက် မြင်တွေ့စေရမည့်အပြင် ရှင်းလင်းပီသသည့် အကောင်းစား အရည်အသွေးကို ရရှိစေမည် ဖြစ်သည်။ အထူးသဖြင့် ဖုန်း၏ အနားစွန်းကလေးများတွင်ပါ ထိတွေ့အာရုံခံစားမှု သိပ်သည်းနေစေမည် ဖြစ်သည်။ အရွယ်အစားမှာ မကြီးလွန်း၊ မသေးလွန်းပဲ မိုဘိုင်းဖုန်းများ၏ မူလ အစဉ်အလာအတိုင်း ရှိစေသည်။

• LGမျက်နှာပြင်ကို အကောင်းဆုံးပြင်ဆင်ခဲ့သလို ဘက်ထရီပိုင်းကို မွမ်းမံကွပ်ကဲရန် အတွက်လည်း LG အင်ဂျင်နီယာများက အကောင်းဆုံး စဉ်းစား တည်ဆောက်ခဲ့ကြပါသည်။ LG ၏ ဘက်ထရီသက်တမ်း ကောင်းမွန်ရှည်ကြာမှုကြောင့် မိုဘိုင်ဖုန်းများအနက် ဆန်းသစ်တီထွင်မှု အရှိဆုံးဟု ခေါ်ဆိုနိုင်ပါသည်။ G3၏ အစိတ်အပိုင်းများတွင် တာရှည်ခံပြီး အချိန်မရွေး လဲလှယ်နိုင်သော Removable ဘက်ထရီ 3,000mAh သုံးစွဲထားသည့်အပြင် အချိန်တိုတိုအတွင်း စနစ်ပိုင်းကို ပြန်လည်ကုစားပေမည့် နည်းပညာ ပါရှိသည်။ LGသည် မျက်နှာပြင် ဖော်ပြမှုအပိုင်းတွင် အကောင်းဆုံး တည်ဆောက်ထားခဲ့သည်ဖြစ်ရာ အဆိုပါ စွမ်းရည်မြင့် မျက်နှာပြင်နှင့် လိုက်ဖက်ညီစေမည့် ဘက်ထရီ သက်တမ်းကိုလည်း အခိုင်မာဆုံး ပြင်ဆင်ထားခဲ့သည်။

ရိုးရှင်းမှု ဟာ စွဲမက်ဖွယ်ရာ

• G3၏ နောက်မြင်ကွင်း ၁၃လက်မ ကင်မရာသည် လူနေမှုဘ၀မှာ လျှပ်တပြက် ပုံရိပ်ဖော် မှတ်တမ်းတင်လိုသူများအတွက် အကောင်းဆုံးဖန်တီးထားခဲ့သည်။ နေ့စဉ် အဖြစ်အပျက်တွေမှာ စိတ်ခံစားမှုတွေကို တမုဟုတ်ချင်း တိတိကျကျ မှတ်တမ်းတင်ပေးနိုင်မည် ဖြစ်သည်။ ကင်မရာ ကဏ္ဍတွင်လည်း LGသည် အကောင်းဆုံး တီထွင်ထားခဲ့ပြန်သည်။ ထိုအရာသည် Laser Auto Focusဟု ခေါ်ဆိုပြီး မိုဘိုင်းဖုန်း ကင်မရာများထဲတွင် ပထမဦးဆုံး တီထွင်နိုင်ခဲ့သော LG၏ အောင်မြင်မှု ဖြစ်သည်။ အဆိုပါ အောင်မြင်မှုကြောင့် လျှက်ပြက်သလို၊ မျက်စိတမှိတ်အတွင်းမှာ ဖြစ်ပျက်သော ပုံရိပ်တခုကို ချက်ချင်း မှတ်တမ်းတင်စေနိုင်မည် ဖြစ်သည်။ ထို့အပြင် ပြင်ပမှ မလိုလားအပ်သည့် အလင်းရောင် ၀င်မလာစေရန် ပုံရိပ်နှင့် ကင်မရာကြား အကွာအ၀ေးကို တွက်ချက်ပြီး အလိုအလျောက် Focus ဖြတ်ပေးသည်။ ထို့အပြင် ရုပ်ရှင်၊ ဗွီဒီယို သို့မဟုတ် Animationတခု သို့မဟုတ် လှုပ်ရှားမှု ဖြစ်စဉ်တခုကို သာမန်ကင်မရာဖြင့် ရိုက်ယူမည်ဆိုပါက ပုံရိပ်တွင် ပုံရိပ်အဆွယ်အပွားများ၊ လှုပ်ရှားဆဲ ပုံရိပ်ကို ရိုက်ယူရသည် ဖြစ်ခြင်းကြောင့် ပုံရိပ်၏အရိပ်များ ပါရှိမည်မှာ သေချာလှသည်။ သို့သော် G3၏ ကင်မရာကို စမ်းသက်ချက်အရ ဘောလုံးပွဲစဉ်တခုတွင် ဂိုးပေါက်ကန်သွင်းမိသည် ဖြစ်စေ၊ ဂိုးပေါက်လွဲချော်သည် ဖြစ်စေ .. မည်သည့် ပုံရိပ်ယောင်၊ ပုံရိပ်၏ အရိပ်၊ Image Shade များ ပါရှိမည် မဟုတ်ပဲ ရုပ်သေ လှုပ်ရှားမှုတခုကို ရိုက်ယူရသကဲ့သို့ ပီသရှင်းလင်း ပြတ်သားစေမည် ဖြစ်သည်။ အဆိုပါ နည်းပညာ ကို OIS+ဟု ခေါ်ဆိုပြီး ယခင် G Pro 2တွင် OIS+ နည်းပညာကို မိတ်ဆက်ပေးခဲ့ပြီး ဖြစ်သည်။

• LGသည် G3တွင် ကင်မရာပိုင်းကို ကြေးစား ပရိုဖက်ရှင်နယ် အဆင့် ပြုပြင်ထားသကဲ့သို့ပင် အပျော်တမ်းသမားများအတွက်လည်း Selfie ရိုက်ယူရန်အတွက်လည်း ပြင်ဆင်ထားခဲ့သည်။ မိမိနှင့် မိမိသူငယ်ချင်းများအတွက် Selfie ရိုက်ယူရန်ကို Auto Count Down ၃စက္ကန့် ထားပေးသည့် လုပ်ဆောင်ချက်မျိုး ထည့်သွင်းပေးထားသည်။

• တေးဂီတနှင့် ဗွီဒီယို ရုပ်သံပိုင်းဆိုင်ရာတွင်လည်း buit-in Speakerတစ်လုံး ထည့်သွင်းပေးထားပြီး သီချင်းသံကိုဖြစ်စေ၊ Ring Tone သံကို ဖြစ်စေ ပီသကြည်မြနေစေရန် ဖန်တီး ထည့်သွင်းထားသည်။

ဒီဇိုင်း ဘာသာဗေဒ

• သမားရိုးကျ အဆင်အပြင်မှ ခွဲထွက်လာသည့် လက်ကိုင်ဖုန်းဒီဇိုင်းက စီးပွားရေးသမားများ၊ ရုံး၀န်ထမ်းများ၊ ကျောင်းသားလူငယ်များပါမကျန် အရွယ်သုံးပါးမရွေး ကြိုက်နှစ်သက် ကျေနပ်စေမည့် အနက်ရောင်ကို သုံးစွဲထားပြီး သွယ်လျလျဖြင့် လှပလွန်းသည်။

• G3သည် နည်းပညာနှင့် ဖက်ရှင်ကို တွဲဖက်သုံးစွဲထားသဖြင့် ခေတ်မှီပြီး ဖက်ရှင်ကျသော ဒီဇိုင်းအမျိုးအစား ရှိသည်။ အမည်ပေးပုံကိုက အစ Metallic Black, Silk White, Shine Gold, Moon Violet နှင့် Burgundy Red စသဖြင့် မှည့်ခေါ်ထားသည်။ အထူးသဖြင့် ရိုးရှင်းသပ်ရပ်ပြီး စမတ်ကျသော အရောင်အသွေးတို့ဖြင့် တင့်တယ်စေသည်။

• မျက်နှာပြင်နှင့် ကျောဘက်တွင် သုံးစွဲသူကို စိတ်အနှောက်အယှက်ဖြစ်စေသည့် ဒီဇိုင်း ရှုပ်ရှုပ်ထွေးထွေးများ မပါ၀င်စေရန်ကို အထူးသတိထားပြီး အစစ်အမှန်နှင့် ပုံရိပ်တုတို့ကြားမှ တည်ရှိနေသော သိမ်မွေ့လှပသည့် ဒီဇိုင်းသဘောတရားကို သုံးစွဲသူ ရရှိခံစားစေမည် ဖြစ်သည်။

G3၏ လုပ်ဆောင်နိုင်စွမ်း နှင့် လုပ်ဆောင်ချက်များ

LG သည် G3 ကို အကောင်းတကာ့ အကောင်းဆုံး ပုံဟန်၊ သွင်ပြင် လုပ်ဆောင်ချက်များ ပေါင်းစပ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အထူးသဖြင့် သုံးစွဲသူများ၏ စရိုက် လက္ခဏာ၊ အပြုအမူ၊ သဘောထားများပေါ်  မူတည်ကာ တည်ဆောက်ခဲ့သည်။

• Smart Keyboard: လိုက်လျောညီထွေဖြစ်သည့် နည်းပညာဆိုသည်မှာ သုံးစွဲသူများကိုယ်တိုင် ပြုပြင်တည်ဆောက်နိုင်သည့် နည်းပညာကို ဆိုလိုခြင်း ဖြစ်သည်။ သုံးစွဲသူများက ကိုယ်တိုင်ကြိုက်နှစ်သက်သည့် အပိုင်းကို ရယူနိုင်သည်။ Smart Keyboardဟာ မိုဘိုင်းဖုန်း ကီးဘုတ်များတွင် ဖြစ်လေ့ ဖြစ်ထရှိသော အမှားများကို သတိထားကိုင်တွယ်လျက် စမတ်ဖုန်း အများစု၏ Input Errors အမှားများကို ၇၅ ရာခိုင်နှုန်းအထိ လျော့ချပစ်နိုင်ခဲ့သည်။ မိုဘိုင်းဖုန်း သုံးစွဲသူအများအပြား ပြုလုပ်လေ့ရှိသော စာစီ၊ စာရိုက် အမူအကျင့်များတို့ကို မခြွင်းမချန် သုံးသပ်ကာ လူတို့၏ လက်အနေအထားနှင့်တကွ သင်္ကေတများ ထည့်သွင်းရာတွင် သုံးလေ့ရှိသော ပုံသဏ္ဍာန်များပါမကျန် ဆန်းစစ်အကဲဖြတ်ပြီး Smart Keyboardကို တီထွင် ထုတ်လုပ်ခဲ့သည်။

• Smart Notice: အခြား စမတ်ဖုန်းများနှင့် တက်ဘလက်များစွာတို့တွင် ပါ၀င်လေ့ရှိသော Personal Assistantကို LG တွင် Smart Notice အနေဖြင့် တွေ့နိုင်သည်။ သုံးစွဲသူ၏ ကိုယ်ရေးလက်ထောက်အဖြစ် လုပ်ဆောင်ပေးမည် ဖြစ်သည်။ ထို့အပြင် သုံးစွဲသူ၏ အပြုအမူ၊ အပြောအဆိုနှင့် အလုပ်အကိုင်တို့ကို ကြည့်ရှုအကဲခတ်ကာ သတင်းကြိုက်သူ၊ သီချင်းကြိုက်သူ၊ ဖုန်းများများ ပြောလေ့ရှိသူ ..စသဖြင့် ခွဲခြားသွားမည်ဖြစ်ပြီး အဆိုပါခွဲခြားမှု ရလာဒ်ကနေတဆင့် လုပ်ဆောင်ချက်ကို ပြန်လည် တုန့်ပြန်ပေးမည် ဖြစ်သည်။ သုံးစွဲသူက မသုံးစွဲပဲ ထားသည့် ပရိုဂရမ်ဖိုင်များစွာ ရှိလာပါက မှတ်သားထားမည်ဖြစ်ပြီး အဆိုပါ ပရိုဂရမ် သုံးစွဲထားသည့် Storageကို အခြားသင့်တော်သည့် လုပ်ငန်းဆောင်တာများအတွက် ပြန်လည်မျှဝေ သုံးစွဲပေးမည် ဖြစ်သည်။ ထိုသို့ အသုံးမပြုသည်မှာ ကြာမြင့်လှပြီ ဖြစ်ပါက ဖိုင်များကို ဖျက်ဆီးရန် သုံးစွဲသူကို ခွင့်တောင်းမည်ဖြစ်ပြီး နေရာလွတ်များများ ရရှိစေရန်နှင့် ဖုန်း၏မှတ်ဉာဏ် လည်ပတ်မှုစနစ်ကို ပိုမိုကောင်းမွန်စေရန် အားသစ်လောင်းပေးမည် ဖြစ်သည်။
ဥပမာအားဖြင့် …ယနေ့ မိုးရွာနိုင်သည် ဆိုပါက Smart Notice သည် “သင် ယနေ့ အပြင်သွားမည်ဆိုပါက ထီးယူသွားသင့်ကြောင်း၊ ညနေပိုင်းတွင် မိုးရွာရန်ရှိကြောင်း” စသဖြင့် သင့်ကို အချက်ပေး ပြောကြားမည် ဖြစ်သည်။

• Smart Security: လုံခြုံရေးသည် အရေးကြီးသည်။ အထူးသဖြင့် စမတ်ဖုန်းပေါ်တွင် ကိုယ်ရေးအချက်အလက်များ၊ အရေးကြီး ကဒ်နံပါတ်များ၊ လျှို့၀ှက် ပြောစကားများ၊ ဘဏ်ငွေထုတ်ကဒ်၊ စသည့် အခြင်းအရာများကို သွယ်၀ိုက်(သို့မဟုတ်)တိုက်ရိုက် လုပ်ဆောင်နေကြပြီဖြစ်ရာ နေရာထားမှားခြင်း၊ မေ့ကျန်ခြင်း၊ ကျပျောက်ခြင်းနှင့် ခိုးယူခံရခြင်းအပြင် အခြားသော နည်းလမ်းများစွာကြောင့် မိမိ၏ စမတ်ဖုန်းမှသည် မိမိ၏ အသက်အန္တရာယ်အထိ ဖြစ်လာနိုင်သည်။

သို့သော် ထိုအရာများကို LGက ကြိုတင်သိမြင်ပြီး ပြင်ဆင်ခဲ့ပြီး ဖြစ်သည်။ LG G3တွင် အဆင့်အတန်း အလွန်မြင့်မားသော လုံခြုံရေးစနစ် ပါရှိလာမည် ဖြစ်သည်။

Knock Code – သည် ကျွန်တော်တို့ လက်ရှိသုံးနေကြသည့် Pattern လုံခြုံရေးစနစ်ပေါ်တွင် အခြေခံသည်။ စမတ်ဖုန်း မျက်နှာပြင်ပေါ်တွင် လျှို့ဝှက်အပိုင်း ၄ပိုင်း ခွဲခြားပေးလိုက်ပြီး အသုံးပြုသူအနေဖြင့် မိမိသတ်မှတ်ထားသည့် နေရာသို့ ၂ ချက်မှ ၈ ချက်အတွင်း သတ်မှတ်ထားသည့် အချက်အရေအတွက်အတိုင်း Tap (ထိတွေ့မှု) လုပ်ရမည် ဖြစ်သည်။ လက်ဗွေဖတ် လုံခြုံရေးစနစ်နှင့် မသက်ဆိုင်ဘဲ Screen ဖွင့်ဖို့ ခလုတ်တစ်ခုခု နှိပ်စရာလည်း မလိုကာ မသမာသူများရန်မှ အပြည့်အ၀ ကင်းဝေးစေမည် ဖြစ်သည်။ LG ချစ်သူများ အသည်းစွဲဖြစ်ခဲ့သည့် ‘Knock On’ စနစ်နှင့် ဆင်တူပြီး အဆိုပါ စနစ်ထက် လုံခြုံရေး ပိုမိုကောင်းမွန်လာခြင်း ဖြစ်သည်။

Content Lock – သည် G3 သုံးစွဲပြီး သူငယ်ချင်း မိတ်ဆွေများနှင့် ဖိုင်များကို ဝေမျှစဉ်မှာ ကိုယ်မမြင်လိုသည့် ဖိုင်များ၊ ပုံရိပ်များကို အခြားသူများ မမြင်တွေ့စေရန် ကာကွယ် ထိန်းသိမ်ပေးထားမည် ဖြစ်သည်။ G3ကို သုံးစွဲပြီး ကွန်ပျူတာ တစ်လုံးကို ဆက်သွယ်သည့်အခါတွင်လည်း ကွန်ပျူတာ အတွင်းမှ ဗိုင်းရပ်စ်များ ကူးမလာနိုင်စေရန် ကာကွယ်ထိန်းသိမ်းပေးမည် ဖြစ်ပြီး ဖုန်း၏ မူလဖိုင်နေရာမှာသာ Lock ပြန်ဖြည်မှ ရရှိစေမည် ဖြစ်သည်။

Kill Switch – သည် သူခိုးနှင့် မသမာသူများရန်မှ အပြည့်အ၀ ကာကွယ်ပေးသည်။ ဖိုင်တစ်ခုနှင့် ဖိုင်တစ်ခု (သို့မဟုတ်) မိုဘိုင်းဖုန်းတစ်လုံးနှင့် နောက်ထပ် မိုဘိုင်းဖုန်းတစ်လုံး ဖိုင်ဝေမျှသောအခါတွင် G3 သုံးစွဲပြီး သူငယ်ချင်း မိတ်ဆွေများနှင့် ဖိုင်များကို ဝေမျှစဉ်မှာ ကိုယ်မမြင်လိုသည့် ဖိုင်များ၊ ပုံရိပ်များ ကို အခြားသူများ မမြင်တွေ့စေရန် ကာကွယ် ထိန်းသိမ်ပေးထားမည် ဖြစ်သည်။ G3ကို သုံးစွဲပြီး ကွန်ပျူတာ တစ်လုံးကို ဆက်သွယ်သည့်အခါတွင်လည်း ကွန်ပျူတာအတွင်းမှ ဗိုင်းရပ်စ်များ ကူးမလာနိုင်စေရန် ကာကွယ်ထိန်းသိမ်းပေးမည် ဖြစ်ပြီး ဖုန်း၏ မူလဖိုင်နေရာမှာသာ Lock ပြန်ဖြည်မှ ရရှိစေမည် ဖြစ်သည်။
LG G3 တွင် ထူးခြားသည့် လုပ်ဆောင်ချက် အသစ်များစွာ ပေါင်းထည့်ထားသည်။

Quick CircleTM Case – သည် အရောင်ငါးမျိုးဖြင့် မြင်တွေ့ရမည်ဖြစ်ပြီး G3တွင် ပထမဆုံး ပါ၀င်လာသည့် လုပ်ဆောင်ချက် ဖြစ်သည်။ စာတိုပို့ခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ သီချင်းဖွင့်ခြင်းနှင့် အခြားကင်မရာ လုပ်ဆောင်ချက်များစွာကို ဖုန်းအတွင်းပိုင်းသို့ ၀င်ရောက်စရာ မလိုအပ်ပဲ လုပ်ဆောင်နိုင်စွမ်း ရှိသည်။

LG Tone InfinimTM – သည် အသံစနစ်ပိုင်းကို သေချာထိန်းကွပ်ပေးသည့် လုပ်ဆောင်ချက်ဖြစ်ပြီး ဖုန်းခေါ်ဆိုမှု တစ်ခုကို အမှုမဲ့ အမှတ်မဲ့ ပြန်မဖြေခင်တွင် မည်သူ ဖုန်းခေါ်ဆိုသနည်း ဆိုသည်ကို သတိပေးမည် ဖြစ်သည်။

Quick CircleTM Case – သည် ကြိုးမဲ့ အားသွင်းနိုင်သည့် စနစ် နည်းပညာ ဖြစ်သည်။

Key Specifications*:
Chipset: Qualcomm Snapdragon™ 801 (up to 2.5GHz Quad-Core)Ÿ
Display: 5.5-inch Quad HD IPS (2560 x 1440, 538ppi)Ÿ
Memory: 16/32MB e MMC ROM / 2/3GB DDR3 RAM / micro SD slot (128GB max)Ÿ
Camera: Rear 13.0MP with OIS+ and Laser Auto Focus / Front 2.1MPŸ
Battery: 3,000mAh (removable)Ÿ
Operating System: Android 4.4.2 Kit KatŸ
Size: 146.3 x 74.6 x 8.9mmŸ
Weight: 149gŸ
Network: 4G / LTE / HSPA+ 21 Mbps (3G)Ÿ
Connectivity: Wi-Fi 802.11 a/b/g/n/ac, Bluetooth Smart Ready (Apt-X), NFC,Ÿ Slim Port, A-GPS/ Glonass, USB 2.0
Color: Metallic Black, Silk White, Shine Gold, Moon Violet, Burgundy RedŸ
Other: Smart Keyboard, Smart Notice, Knock CodeTM , Guest Mode, etc.Ÿ

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *