Featured, News, Review

လေယာဉ်ကို စိတ်ဖြင့်ထိန်းချုပ်မောင်းနှင်

လေယာဉ်ကို စိတ်ဖြင့်ထိန်းချုပ်မောင်းနှင်

ဂျာမနီနိုင်ငံရှိ Technishce University Munchen တက္ကသိုလ်မှ သုတေသနပညာရှင်များက လူရဲ့ စိတ်ဖြင့် လေယာဉ်ပျံများကို ထိန်းချုပ်မောင်းနှင်တဲ့ သရုပ်ပြမှုကို ပြုလုပ်ခဲ့ပါတယ်။ သရုပ်ပြမှုမှာ ပါ၀င်တဲ့ လူများကို electroencephalography (EEG) electrodesများ တပ်ဆင်ထားတဲ့ ဦးထုပ်ကို ဆောင်းစေခဲ့ပြီး လေယာဉ်ပျံသန်းမှုကို လေ့ကျင့်နိုင်တဲ့ Flight Simulatorထဲမှာ ၀င်ရောက်စေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ စမ်းသပ်မှုမှာ ပါ၀င်သူများကို စိတ်ဖြင့် လေယာဉ်ကို ထိန်းချုပ်မောင်းနှင်ဖို့ ခိုင်းစေခဲ့ပါတယ်။ ဦးထုပ်က ဦးနှောက်မှ လျှပ်စစ် Signalများကို ဖမ်းယူပြီး ကွန်ပြူတာနားလည်တဲ့ အမိန့်များအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

စမ်းသပ်မှုမှာ လူခုနစ်ယောက်ပါ၀င်ခဲ့ပြီး လေယာဉ်မှူးလိုင်စင် ရရှိနိုင်လောက်တဲ့ စွမ်းဆောင်ရည်မျိုးနဲ့ လေယာဉ်ကို စိတ်ဖြင့် ထိန်းချုပ်မောင်းနှင်နိုင်ခဲ့တယ်လို့ သုတေသနပညာရှင်များက ပြောပါတယ်။ ပါ၀င်သူများဟာ လေယာဉ်မှူးများ မဟုတ်ကြဘဲ လေယာဉ်အတွေ့အကြုံ အနည်းငယ်သာရှိကြတာက အံ့သြစရာ ဖြစ်ပါတယ်။ တစ်ယောက်ကဆိုရင် လေယာဉ်မောင်းနှင်ခန်းထဲတောင် မရောက်ဖူးပါဘူး။

စိတ်ဖြင့် ထိန်းချုပ်တဲ့ နည်းပညာတွေကို အရင်က တွေ့ရှိခဲ့ဖူးပါတယ်။ စိတ်ဖြင့်ထိန်းချုပ် ပန်းချီဆွဲတဲ့ အမျိုးသမီး ၊ Quadcopter Droneကို စိတ်ဖြင့် ထိန်းချုပ်မောင်းနှင်တာ၊ စိတ်ဖြင့် စာရိုက်တာ စတာတွေကို အရင်က တွေ့မြင်ခဲ့ကြပြီးပါပြီ။ ဒါပေမယ့် အခုနည်းပညာကတော့ ကြီးမားတဲ့လေယာဉ်ကို စိတ်ဖြင့် ထိန်းချုပ်တာဖြစ်တဲ့အတွက် အလွန်အံ့မခန်းဖြစ်စရာပါ။

အဆိုပါ သုတေသန အစီအစဉ်ဟာ EUက ထောက်ပံ့နေတဲ့ Brainflightလို့ခေါ်တဲ့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ စီမံကိန်းရဲ့ ရည်ရွယ်ချက်က လေယာဉ်မမောင်းတတ်တဲ့လူတွေတောင် အလွယ်တကူ မောင်းနှင်နိုင်ဖို့ ဖြစ်ပါတယ်လို့ Technishce University Munchenမှာ စီမံကိန်းကို ဦးဆောင်နေတဲ့ လေကြောင်းနဲ့ အာကာသအင်ဂျင်နီယာ Tim Frickက ရှင်းပြပါတယ်။ “ ဦးနှောက်နဲ့ လေယာဉ်ကို မောင်းနှင်ရတာ ပိုမိုလွယ်ကူပါတယ်။ လေယာဉ်မှူးများရဲ့ အလုပ်တွေကို ဒီနည်းပညာက လျှော့ချပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ပိုပြီး လုံခြုံဘေးကင်းစေမှာပါ။” လို့ Tim Frickက ပြောပါတယ်။

ဒီစီမံကိန်းရဲ့ အဓိက အခက်အခဲကတော့ လေယာဉ်ရဲ့ သတင်းအချက်အလက်များကို မောင်းနှင်သူဆီသို့ ပေးပို့နိုင်မှုဖြစ်ပါတယ် သာမာန်အတိုင်း မောင်းနှင်သူများကတော့ လေယာဉ်ရဲ့ သတင်းအချက်အလက်များကို လေယာဉ်ရှိ ဒိုင်ခွက်များမှ သိရှိကြပါတယ်။ ဥပမာအားဖြင့် လေယာဉ်က မောင်းနှင်နိုင်တဲ့ ကန့်သတ်ချက်ကို ရောက်ရှိရင် မောင်းသူမှ သိရှိနိုင်ဖို့ ဖြစ်ပါတယ်။ ပညာရှင်များက လေယာဉ်ရဲ့ သတင်းအချက်အလက်များကို စိတ်ဖြင့် မောင်းနှင်သူက သိနိုင်မယ့် နည်းလမ်းများကို တီထွင်ကြံဆနေကြပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *