စမတ်ဖုန်းထုတ်လုပ်သူတွေဟာ Hardware စွမ်းဆောင်ချက်တွေကို သူတို့ရဲ့ စမတ်ဖုန်းတွေမှာ ထည့်သွင်းလာကြပြီး ဖုန်းရဲ့ စွမ်းဆောင်ချက်တွေကို ပိုမိုများပြားအောင်ပြုလုပ်နေကြပါတယ်။ Google က NFC ကို Android မှာ မိတ်ဆက်လိုက်တဲ့အချိန်မှာ NFC ကို အသုံးပြုနိုင်မယ့် Apps များပေါ်ထွက်လာခဲ့ပါတယ်။ ငွေပေးချေတာ၊ ဖိုင်တွေ ပေးပို့ရယူတာတွေကို NFC ကို အသုံးပြုနိုင်တဲ့ Device တွေမှာ အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ HTC က HTC One မှာ IR Blaster ကိုထည့်သွင်းခဲ့ပြီး တီဗီ၊ Home Theatres တို့ကို ထိန်းချုပ်နိုင်ပါတယ်။
HTC One မှာ TV App ပါရှိပြီး IR Blaster ကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် TV, Cable Box, Home Theatre တို့ကိုပဲ ထိန်းချုပ်နိုင်ပြီး အခြား အီလက်ထရောနစ်ပစ္စည်းတွေကိုတော့ ထိန်းချုပ်နိုင်ဖို့ မပြုလုပ်ပေးထားပါဘူး။ နည်းပညာရှုထောင့်အရ ဆိုရင် IR Blaster က အီလက်ထရောနစ်ပစ္စည်း တော်တော်များများကို ထိန်းချုပ်နိုင်ပါတယ်။ ဒါပေမယ့် HTC One မှာ အဲဒီလို ပြုလုပ်ခွင့်မပေးထားပါဘူး။ ဒါပေမယ့် အခုဖော်ပြမယ့်နည်းကို အသုံးပြုပြီး HTC One ကနေ အခြားအီလက်ထရောနစ်ပစ္စည်း တွေကို ထိန်းချုပ်နိုင်ပါတယ်။
HTC One ရဲ့ TV App ကိုဖွင့်ပါ။ Settings ထဲက Rooms ကို နှိပ်ပါ။
အပေါင်းလက္ခဏာသင်္ကေတကိုနှိပ်ပြီး Room အသစ် ပြုလုပ်ပါ။ Room အတွက် နာမည်ပေးပါ။ ထိန်းချုပ်မယ့် ပစ္စည်းအမျိုးအစားကိုနာမည် အဖြစ်ပေးသင့်ပါတယ်။ ဒီမှာတော့ Air Conditioner ကို ထိန်းချုပ်မှာဖြစ်တဲ့အတွက် AC လို့ နာမည်ပေးလိုက်ပါတယ်။
နောက်အဆင့်မှာ ပစ္စည်းအမျိုးအစားကို ရွေးပေးရပါမယ်။ တီဗီကို ရွေးချယ်ပေးပါ။
တီဗီထုတ်လုပ်သူကို ရွေးချယ်ရမယ့် အဆင့်ရောက်ရင် အောက်ကိုဆင်းပြီး “Manufacturer not listed.” ကိုရွေးပါ။ Next နှိပ်ပါ။
ပစ္စည်းထုတ်လုပ်သူ ရဲ့ နာမည်ကိုတောင်းပါလိမ့်မယ်။ နှစ်သက်ရာ နာမည်တစ်ခုရေးပေးလိုက်ပါ။
ခလုတ်တွေကို Setup လုပ်ရမယ့် အဆင့်ရောက်ပါပြီ။ အပေါ်မှာ တီဗီကိုရွေးချယ်ထားတဲ့အတွက် TV Remote Control နဲ့ ဆင်တူတဲ့ ခလုတ်ဖွဲ့စည်းပုံကို ဖုန်းမှာ ပြပေးပါလိမ့်မယ်။ ခလုတ်အားလုံးကို Configure လုပ်စရာမလိုဘဲ အသုံးပြုမယ့် ခလုတ်အနည်းငယ်ကိုသာ Configure ပြုလုပ်ပါ။
Configure လုပ်တဲ့နေရာမှာ ဖုန်းရဲ့ IR Blaster နဲ့ Remote Control ရဲ့ IR Blaster တို့ကို ထိပ်တိုက်တေ့ထားရပါမယ်။ HTC One မှာ ပြုလုပ်နည်းကို ပြပေးပါလိမ့်မယ်။
ခလုတ်တွေကို Setup လုပ်ပြီးရင် HTC One ဖုန်းကနေ Air Conditioner ကို ထိန်းချုပ်လို့ရပါပြီ။ အဲဒီနည်းနဲ့ အခြား အီလက်ထရောနစ်ပစ္စည်းတွေကို ထိန်းချုပ်နိုင်ပါတယ်။