Automobile, Featured, News, Review

GMက Boltအီလက်ထရစ်ကားကို ပြသ

GMက Boltအီလက်ထရစ်ကားကို ပြသ

General Motorsက အီလက်ထရစ်မော်တာနဲ့ သမားရိုးကျ ဂတ်စ်အင်ဂျင်နှစ်မျိုးစလုံးပါတဲ့ Chevrolet Voltရဲ့ အဆင့်မြင့် အမျိုးအစားကားကို ပြသလိုက်ပါတယ်။ ဒါ့အပြင် အီလက်ထရစ်ကားလေးဖြစ်တဲ့ Chevrolet Bolt ကိုလည်း ပြသလိုက်ပါတယ်။

Boltဟာ အခုအချိန်မှာတော့ နမူနာကားအဆင့်သာရှိသေးပြီး GMက ၂၀၁၇မှာ အမေရိကန် ပြည်နယ် ငါးဆယ်မှာ ရောင်းချဖို့ ရည်ရွယ်ထားတဲ့ ကားကို အကြိုပြသလိုက်တာလည်း ဖြစ်ပါတယ်။ ကားဟာ တစ်ခါအားသွင်းထားရင် မိုင်နှစ်ရာ အကွာအဝေးကို မောင်းနှင်နိုင်ပြီး ဒေါ်လာ သုံးသောင်း၀န်းကျင်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

ဒါဟာ တကယ့်ကို အီလက်ထရစ်ကားနယ်ပယ်မှာ တစ်ခေတ်ဆန်းစေမှာပါလို့ GMရဲ့ စီအီးအို Mary Barraက ကားကို ကြေညာစဉ်မှာ ပြောကြားခဲ့ပါတယ်။

Boltဟာ Teslaရဲ့ Model 3 အီလက်ထရစ်ကားနဲ့ ယှဉ်ပြိုင်မှာ ဖြစ်နိုင်ပါတယ်။ Model 3ကို အခုအချိန်အထိ မပြသသေးပေမယ့် လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ဒေါ်လာ ၃၅၀၀၀ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

Teslaက ဒေါ်လာခုနစ်သောင်းတန်ကြေးရှိပြီး ၂၀၈ မိုင်မောင်းနှင်နိုင်တဲ့ တန်ဖိုးကြီး Model Sအီလက်ထရစ်ကားနဲ့ အောင်မြင်မှုရရှိနေပါတယ်။

GMရဲ့ ကြေညာနေချိန်မှာ Teslaရဲ့ ရှယ်ယာတွေဟာ သုံးရာခိုင်နှုန်း ကျဆင်းနေပြီး GMရဲ့ ရှယ်ယာတွေကတော့ အနည်းငယ် မြင့်တက်နေပါတယ်။

Boltရဲ့ ခရီးအကွာအဝေးကို မြင့်မားစေဖို့ Aluminum, Magnesium, Carbon Fiberတို့ အပါအ၀င် ပေါ့ပါးတဲ့ ဒြပ်ထုတွေနဲ့ ကိုယ်ထည်ကို ပြုလုပ်ထားတာလို့ GMက ပြောပါတယ်။

သူ့ရဲ့ ဈေးနှုန်းက ဒီနေ့ခေတ် စားသုံးသူတွေ ကားအတွက် အသုံးပြုကြတဲ့ ငွေကြေးပမာဏအတွင်းမှာ ရှိနေတယ်လို့ ကား၀က်ဆိုက် KBB.comမှ ခွဲခြမ်းစိတ်ဖြာသူ Akshay Anandက ပြောပါတယ်။

ဒီကားကို အောင်မြင်စွာ ထုတ်လုပ်နိုင်မယ်ဆိုရင် GMဟာ အကျိုးအမြတ်များမယ်လို့ သူက ပြောပါတယ်။

GMက နှစ်မျိုးသုံး ဒုတိယမျိုးဆက် Chevrolet Voltကိုလည်း ပြသလိုက်ပါတယ်။ အဲဒီကားကို Las Vegasမှာ ပြုလုပ်တဲ့ Consumer Electronics Showမှာလည်း အကျဉ်းချုပ်ပြသခဲ့တာ ဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို မကြေညာခဲ့ပါဘူး။

သာမာန်ကားပုံစံရှိပေမယ့် Voltအသစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘက်ထရီနဲ့ ပိုမို စွမ်းရည်ပြည့်တဲ့ လောင်စာဆီ အင်ဂျင်ပါရှိပါတယ်။

ကားအသစ်ဟာ တစ်ခါအားသွင်းထားရင် ၃၅ မိုင်မောင်းနှင်နိုင်တယ်လို့ EPAက ပြောပေမယ့် GMက မိုင်ငါးဆယ်သွားနိုင် တယ်လို့ ဆိုပါတယ်။ အီလက်ထရစ်စွမ်းအင် ကုန်သွားရင် မြို့ထဲနဲ့ အဝေးပြေးလမ်းမပေါ်မှာ တစ်ဂါလန်လျှင် ၄၁ မိုင် မောင်းနှင် နိုင်တယ်လို့ GMက ပြောပါတယ်။

အရင် Voltကတော့ တစ်ဂါလန်လျှင် ၃၇ မိုင်သာ မောင်းနှင်နိုင်ပါတယ်။ ယာဉ်မောင်းသူတွေအတွက် ဆီဖြည့်ဆိုင်တွေကြားမှာ မိုင်တစ်ထောင် မောင်းနှင်နိုင်ပါတယ်။

မြင်းကောင်ရေ စုစုပေါင်း ၁၄၉ ပါတဲ့အတွက် Voltအသစ်ဟာ တစ်နာရီကို မိုင်ခြောက်ဆယ်အထိ ပိုမြန်လာပြီး အဝေးပြေးလမ်း တွေမှာ ၈.၄ စက္ကန့်အတွင်း အရှိန်မြှင့်နိုင်ပါတယ်။

Voltအသစ်ရဲ့ ကျစ်လစ်တဲ့ ဘက်ထရီကြောင့် အနောက်ထိုင်ခုံမှာ လူသုံးယောက်ထိုင်နိုင်ပါတယ်။ အရင်ကားမှာတော့ အနောက်မှာ နှစ်ယောက်သာ ထိုင်နိုင်ပါတယ်။

Voltအသစ်ကို ဒီနှစ် ဒုတိယနှစ်၀က်မှာ ရောင်းချမယ်လို့ မျှော်လင့်ရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *