Archive, Education, News

ဗြိတိသျှကောင်စီမှ ပြတိုက်ပညာရှင်များအတွက် “စုဆောင်းပစ္စည်းစီမံခန့်ခွဲခြင်းပညာရပ်” သင်တန်းပေးမည်။

ICT New

ဗြိတိသျှကောင်စီသည် မြန်မာနိုင်ငံအစိုးရ၏ ပြတိုက်နှင့်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် လိုအပ်ချက်ကို တစ်ထောင့်တစ်ကဏ္ဍမှ ပါဝင်အားဖြည့်ကူညီပံ့ပိုးဆောင်ရွက်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံအမျိုးသားပြတိုက်များနှင့်ပူးပေါင်း၍ နှစ်ရှည်စီမံကိန်းတစ်ရပ်အဖြစ် ဖေါ်ဆောင်လျှက်ရှိပါသည်။ အဆိုပါအစီအစဉ်အရ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ဗြိတိသျှကောင်စီ၏ ဦးဆောင်မှဖြင့် UK နိုင်ငံ Collections Trust အဖွဲ့အစည်းမှပညာရှင်များမှ အမျိုးသားပြတိုက် (နေပြည်တော်)၊ အမျိုးသားပြတိုက်(ရန်ကုန်)၊ ပုဂံရှေးဟောင်းသုတေသနပြတိုက် နှင့်မန္တလေးယဉ်ကျေးမှုပြတိုက်တို့မှ ပြတိုက်ဝန်ထမ်းများအား “စုဆောင်းပစ္စည်းစီမံခန့်ခွဲခြင်းပညာရပ်” ကို အမျိုးသားပြတိုက်(ရန်ကုန်)နှင့် မန္တလေးယဉ်ကျေးမှုပြတိုက်တွင် ဇန်နဝါရီ ၁၆ ရက်နေ့မှ ၁၈ရက်နေ့အထိလည်းကောင်း၊ အမျိုးသားပြတိုက်(နေပြည်တော်)နှင့်ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် ဇန်နဝါရီ ၂၀ ရက်နေ့မှ ၂၂ရက်နေ့အထိလည်းကောင်း အဖွဲ့နှစ်ဖွဲ့ခွဲ၍ လက်တွေ့၊ စာတွေ့သွားရောက်ပို့ချပေးမည်ဖြစ်ပါသည်။

ဗြိတိသျှကောင်စီ (မြန်မာ) မှ ညွှန်ကြားရေးမှူး Richard Sunderland က မြန်မာ့နိုင်ငံရှိပြတိုက်များ တိုးတက်ရေးကိုရည်ရွယ်လျှက် ပြတိုက်တွင်တာဝန်ထမ်းဆောင်နေသူ ပညာရှင်များနှင့် ဝန်ထမ်းများ၏အရည်အသွေးမြှင့်တင်ရေးကို မြန်မာတစ်နိုင်ငံလုံးရှိပြတိုက်များ အားလုံးအတိုင်းအတာဖြင့်ကျယ့််ပြန့်ထိရောက်သော သင်တန်းများကို ဗြိတိသျှကောင်စီမှစီစဉ်ဆောင်ရွက်ပေးနေပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အမျိုးသားပြတိုက်(နေပြည်တော်) တွင် တစ်နိုင်ငံလုံးရှိပြတိုက်များမှ သင်တန်းသား ၂၂ယောက်ကိုလည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် အမျိုးသားပြတိုက်(ရန်ကုန်) တွင်တစ်နိုင်ငံလုံးရှိပြတိုက်များမှ သင်တန်းသား ၇၀ ဦးကို လည်းကောင်း BritishMuseum နှင့် Collections Trust တို့မှ ပြတိုက်ကျွမ်းကျင်ပညာရှင်များ၏ အကူအညီဖြင့်ပို့ချပေးခဲ့ပါကြောင်း ပြောကြားပါသည်။ မြန်မာနိုင်ငံတွင် အင်္ဂလိပ်စာသင်ကြားရေးဖြင့် ပိုမိုလူသိများသည့် ဗြိတိသျှကောင်စီသည် အနုပညာနှင့်ပါတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ ပြပွဲများနှင့် ယူကေနှင့်မြန်မာနိုင်ငံမှ လေ့လာရေးခရီးစဉ်များမှတဆင့် ဒေသဆိုင်ရာယဉ်ကျေးမှုအဖွဲ့အစည်းများကို အားဖြည့်ပေးသည့်လုပ်ငန်းများကိုလည်း ပုံမှန်ပြုလုပ်ပေးနေကြောင်းသိရပါသည်။ ဤသင်တန်းနှင့်ပတ်သက်ပြီး ပိုမိုသိရှိလိုပါက ဒေါ်ကြည်ကြည်ပြုံး (09 – 441 856 246) နှင့် ဒေါ်သင်းအောင်ထူး (09 – 441 856 247) သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *