ဧပြီလ ခြောက်ရက်နေ့ စစ်တမ်းအရ Sony က PlayStation 4 ဂိမ်းစက်အလုံးရေ (၇)သန်းကျော် ရောင်းချပြီးကြောင်း ကြေညာပါတယ်။ ရောင်းအား ဆက်လက် ကောင်းမွန်နေပြီး ဂိမ်းစက်များ မပြတ်လတ်အောင် ကြိုးစားနေရတယ်လို့ ဆိုတယ်။ Sony က PS4 ကို ၂၀၁၃ ခုနှစ် နို၀င်ဘာလမှာ စတင် ရောင်းချပေးခဲ့တာ ဖြစ်တယ်။ မတ်လမှာကတည်းက PS4 အလုံးရေ ခြောက်သန်းကျော် ရောင်းချခဲ့ပြီးတာ ဖြစ်ကြောင်း Sonyက ကြေညာခဲ့ပါတယ်။
“PS4 ရဲ့ ခရီးက အခုမှ အစပဲ ရှိပါသေးတယ်။ ဒါပေမယ့် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ရောင်းအား ကောင်းနေတဲ့အတွက် ဂိမ်းစက် ပံ့ပိုးပေးနိုင်ဖို့ ရုန်းကန်နေရပါတယ်။ ကျွန်တော်တို့ရဲ့ Customerတွေရဲ့ တောင်းတမှုများကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေပါတယ်”လို့ Sony Computer Entertainmentရဲ့ ဥက္ကဌ နဲ့ CEO ဖြစ်သူ Andrew Houseက ပြောပါတယ်။
PS4 ဂိမ်းအခွေများကိုလည်း ၂၀.၅ သန်း ရောင်းချပြီးကြောင်း၊ ဧပြီလ ၁၃ ရက်နေ့ စာရင်းအရ ဖြစ်ပြီး အရောင်းဆိုင်ရှိ ဂိမ်းခွေများနဲ့ PlayStation Store မှ ဒေါင်းလုဒ် ရောင်းချရမှု နှစ်ခုပေါင်းကို တွက်ချက်ထားတာ ဖြစ်တယ်လို့ ဆိုတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့က စတင် ပွဲထုတ်ခဲ့တဲ့ PS4 ကို အခု လောလောဆယ်မှာ နိုင်ငံပေါင်း ၇၂ နိုင်ငံမှာ ရောင်းချပေးနေပြီး၊ ဂျပန်မှာတော့ ထုံးစံအတိုင်း ရောင်းအား အလွန်ကောင်းပြီး ဖြစ်တယ်။ မတ်လ ၄ ရက်နေ့ စစ်တမ်းအရ ဂျပန်မှာ အလုံးရေ ၄,၃၇၀,၀၀၀ ရောင်းချခဲ့တယ်လို့ သိရတယ်။
Sonyရဲ့ Stockကတော့ ငြိမ်သက်နေပြီး၊ ဧပြီလ ၁၆ ရက်နေ့မှာ Share တစ်ခုကို ၁၈.၇၈ ဒေါ်လာ ဖြစ်ပါတယ်။ 23 Cents တက်လာပြီး ရာခိုင်နှုန်းအရ ၁.၂၃ တက်လာတာ ဖြစ်ပါတယ်။
၎င်းရဲ့ ပြိုင်ဘက် Xbox Oneကတော့ စက်တင်ဘာလမှာ နိုင်ငံပေါင်း ၂၆ နိုင်ငံမှာ တိုးချဲ့ရောင်းချဖို့ မျှော်လင့်ရတယ်။ အစ္စရေး၊ ယူအေအီး၊ ဂျပန်၊ ကိုရီးယား အပါအ၀င် အာရှ၊ အရှေ့အလယ်ပိုင်းရှိ အဓိကနိုင်ငံများနဲ့ ဥရောပနိုင်ငံများမှာ တိုးချဲ့ရောင်းချမှာ ဖြစ်တယ်လို့ သတင်းများက ဆိုတယ်။
Microsoftက Xbox One ရောင်းချရမှုစာရင်းကို ၂၀၁၃ ခုနှစ် အကုန်မှာ ဖော်ပြခဲ့ပြီး ၃.၉ သန်း ရောင်းချပြီးပြီလို့ ကြေညာပါတယ်။ ဒီနှစ်ထဲမှာ ထုတ်ပြန်မယ့် Xbox One ရောင်းချရမှုစာရင်းဟာ စိတ်၀င်စားစရာ ကောင်းပြီး PS4 ကို ယှဉ်နိုင်မလားဆိုတာလည်း စောင့်ကြည့်သူများ ရှိနေကြောင်း တင်ပြလိုက်ရပါတယ်။