မူပိုင်ခွင့် မှတ်ပုံတင်နှင့် ကုန်ပစ္စည်း အမှတ်တံဆိပ် မှတ်ပုံတင်မည့် လျှောက်ထားချက် ထွက်ပေါ်လာပြီးနောက် Samsung၏ စမတ်နာရီ ထုတ်လုပ်မည့် အသေးစိတ် အစီအစဉ်များ လူသိရှင်ကြား ထွက်ပေါ်လာခဲ့သည်ဟု သိရသည်။ ဒီဇိုင်းပုံများအရ လက်ကောက်တွင် ပတ်ရန် ကွေးဆန့်နိုင်သော မျက်နှာပြင် ပါရှိပြီး ကျန်အစိတ်အပိုင်းများကိုမူ သတ္တုနှင့် အခြား ပစ္စည်းများဖြင့် ပြုလုပ်ထားသည်ဟု သိရသည်။
အခြားသော စာရွက်စာတမ်း အထောက်အထားများတွင် ကုန်ပစ္စည်း နာမည်အား တောင်ကိုရီးယားတွင် Samsung ဂီယာ၊ အမေရိကန်တွင် ဆမ်ဆောင်းဂလက်ဆီဂီယာဟု မှတ်ပုံတင်ထားကြောင်း၊ ဖော်ပြထားသည်။ ဝယ်လိုအား မည်မျှရှိနိုင်သည်ကို သုတေသနပြု တွက်ချက်နေကြပြီး ယခုနှစ်ကုန်ပိုင်းတွင် စမတ်နာရီ အရေအတွက် ၃၃၀,၀၀၀ခန့် ရောင်းချရနိုင်ကြောင်းနှင့် ၂၀၁၄ခုနှစ်တွင် အလုံးရေ ၅သန်းခန့် တိုး၍ ရောင်းရနိုင်ကြောင်း၊ နည်းပညာ အတိုင်ပင်ခံ ကုမ္ပဏီကန်နယ်လိုက်စ်က ကြိုတင်ဟောကိန်းထုတ်ခဲ့သည်ဟု ဆိုသည်။
အိုင်ပက်မှ အီလက်ထရောနစ် သင်ပုန်းဈေးကွက်ကို ချဲ့ထွင်လိုက်ပြီးနောက်ပိုင်း စမတ်နာရီများသည် လူ့အသုံးအဆောင် အီလက်ထရောနစ် ပစ္စည်းများထဲတွင် အရေးကြီးဆုံးသော ထုတ်ကုန်သစ် တစ်မျိုးဖြစ်လာလိမ့်မည်ဟု လေ့လာ သုံးသပ်သူ ခရစ်ဂျုံးစ်က ပြောကြားခဲ့သည်ဟု သိရသည်။ ယခုနှစ်စပိုင်းကတည်းက တောင်ကိုရီးယားနိုင်ငံ မူပိုင်ခွင့်ရုံးတွင် ပုံစံ ခပ်ဆင်ဆင် နာရီဒီဇိုင်း ၃မျိုးကို မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း တောင်ကိုရီးယား သတင်းဝက်ဘ်ဆိုက် Moveplayerက ဖော်ပြခဲ့သည်။