Featured, Gadgets, Review

Samsungရဲ့ Gear S စမတ်နာရီအသစ် အကြောင်း

ဒီနှစ်ထဲမှာ Gear 2, Gear Neo, Gear Liveစမတ်နာရီများ ရောင်းချခဲ့တဲ့ Samsungက အခုလည်း Gear S စမတ်နာရီကို ကြေညာလိုက်ပါတယ်။

ကြာသပတေးနေ့က ကြေညာလိုက်တဲ့ Gear Sမှာ နှစ်လက်မအရွယ် ကွေးကောက် AMOLED Displayကို တပ်ဆင်ထားတဲ့အတွက် ကြည့်ရတာ အမြင်ဆန်းစေပါတယ်။ ဘာလို့လဲဆိုတော့ စမတ်နာရီအများစုလို ပြားချပ်တဲ့ ဖန်မျက်နှာပြင်ကို အသုံးပြုထားတာ မဟုတ်လို့ပါ။ သူ့ရဲ့ စတိုင်က လက်ကောက်များလို ဖက်ရှင်ကျပြီး ယောင်္ကျားရော မိန်းမပါ ၀တ်ဆင်နိုင်အောင် ရည်ရွယ်ထားတာပါ။

သီအိုရီအရ Gear Sဟာ လှပတဲ့ သွင်ပြင်သာမက စွမ်းဆောင်ရည်ကိုပါ ထိန်းသိမ်းထားပါတယ်။ အခြား ခေတ်ပေါ် စမတ်နာရီအများစုနဲ့ မတူတာက သူဟာ အင်တာနက်ကို တိုက်ရိုက် ချိတ်ဆက်နိုင်ပါတယ်။ စမတ်ဖုန်းနဲ့ ချိတ်ဆက်စရာမလိုဘဲ ဖုန်းခေါ်နိုင်သလို ဖုန်းလက်ခံပြောနိုင်ပါတယ်။ အခြား စမတ်နာရီများလို Appsများ သုံးနိုင်ဖို့နဲ့ Notificationများ ရရှိဖို့ စမတ်ဖုန်းများနဲ့ ချိတ်ဆက်နိုင်ပါတယ်။

Samsungက အခုတစ်ကြိမ်မှာ ဒီလမ်းကြောင်းကို ဘာလို့ ဖောက်တာလဲဆိုတာ စာဖတ်သူ သိနိုင်ပါတယ်။ Appleက စက်တင်ဘာလ ကိုးရက်မှာ ကာလရှည်ကြာ သတင်းထွက်နေတဲ့ iWatch စမတ်နာရီကို မိတ်ဆက်မယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီအတွက် Samsungရွှေ့လိုက်တဲ့ အကွက်ဟာ ပြိုင်ဖက် Appleကို ယှဉ်ပြိုင်ဖို့ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် စွန့်စားရမှုတွေ ရှိနေပါတယ်။ ဘာလို့လည်းဆိုတော့ Samsungဟာ ဒီစမတ်နာရီမှာ ကိရိယာတန်ဆာပလာများစွာ ထည့်သွင်းထားတဲ့အတွက်ဖြစ်ပါတယ်။ အကျွမ်း၀င်မှု မရှိခြင်းနဲ့ ရှုပ်ထွေးတဲ့ ဆော့ဝဲကြောင့်ဖြစ်ပါတယ်။

Gear Sရဲ့ စွမ်းဆောင်ချက်များ

အချို့အချက်များအရ Gear Sဟာ ချပ်၀တ်တန်ဆာကွန်ပြူတာ လောကမှာ ပြိုင်ဖက်များနဲ့ ကွဲပြားမှုမရှိပါဘူး။

စမတ်နာရီကို Samsung Galaxy Smartphoneများနဲ့ ချိတ်ဆက်နိုင်ပြီး ဖုန်းမှ အီးမေး အချက်ပေးမှုများ၊ Messageများနဲ့ Mobile Appsများကို သုံးနိုင်တဲ့ အခြား စွမ်းဆောင်ချက်များကို သုံးနိုင်ပါတယ်။ စမတ်နာရီမှာ နှလုံးခုန်နှုန်းကို တိုင်းတာတဲ့၊ ခြေလှမ်းများကို တိုင်းတာတဲ့ ကျန်းမာရေး အထောက်အကူပြု စွမ်းဆောင်ချက်တွေ ပါရှိပါသေးတယ်။

Gear Sနဲ့ တွဲဖက် သုံးနိုင်တဲ့ Gear Circleလို့ ခေါ်တဲ့ Bluetooth Headphoneကိုလည်း ထုတ်လုပ်ပေးလိုက်ပါတယ်။ Gear Circleကို အသုံးမပြုချိန်မှာ လည်ပင်းမှာ ဆွဲကြိုးလို ချိတ်ထားနိုင်အောင် သံလိုက် ကိရိယာပါရှိပါတယ်။ Gear Sနဲ့ Gear Circleကို တွဲဖက်သုံးရင် ဖုန်းကို ထုတ်စရာမလိုဘဲ ဖုန်းခေါ်ဆိုနိုင်သလို၊ ဖုန်းလက်ခံပြောနိုင်ပါတယ်။

Gear Sမှာ 3G ဆက်သွယ်မှုနဲ့ GPSတို့အပြင် WiFi, Bluetoothတို့ ပါရှိပါတယ်။ 3Gကိုတော့ အခပေး အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒီလိုသုံးရင် အလွန်သေးငယ်တဲ့ 300mAh Batteryကို အမြန်ကုန်စေမှာပါ။ နှိုင်းယှဉ်ကြည့်ရင် Gear S ဘက်ထရီဟာ Galaxy S5 ဘက်ထရီရဲ့ ရှစ်ပုံတစ်ပုံသာ ရှိပါတယ်။ 400mAh Batteryတပ်ဆင်ထားတဲ့ LG G Watch R, Moto 360တို့ထက်လည်း သေးငယ်ပါတယ်။

Samsungက စွမ်းအင်အသုံးပြုမှုနည်းပါးတဲ့ နည်းပညာကို ထည့်သွင်းထားမယ်လို့ မျှော်လင့်ရပါတယ်။ မဟုတ်ရင်တော့ Gear Sရဲ့ ဘက်ထရီဟာ အသုံးခံမှာ မဟုတ်ပါဘူး။

black gear s

Gear Sဟာ ဘာနဲ့ တူသလဲ

အတွင်းပိုင်း ကိရိယာတွေကို လှပတဲ့ ကွေးကောက်မျက်နှာပြင်နဲ့ အတူ ကြည့်ကောင်းတဲ့ ကိုယ်ထည်အောက်မှာ မြှပ်နှံထားပါတယ်။

Samsungဟာ Gear Fit စမတ်လက်ပတ်မှ ကွေးကောက်မျက်နှာပြင်နှင့် ပတ်သက်ပြီး လူကြိုက်များမှုကို ရရှိထားပုံပေါ်ပါတယ်။ ဒါ့အပြင် အရွယ်ကြီးတဲ့ မျက်နှာပြင်ကိုလည်း Samsungက သဘောကျနေပုံပေါ်ပါတယ်။ လက်ကောက်၀တ်မှာ အရွယ်ကြီးတဲ့ မျက်နှာပြင်ဟာ ပြဿနာဖြစ်စေမယ့် အကြောင်းများစွာ ရှိနေပါတယ်။ အဓိကကတော့ သက်တောင့်သက်သာ မရှိမှု ဖြစ်ပါတယ်။

Gear Sမှာ ၂ လက်မအရွယ် ကွေးကောက် AMOLED Displayကို တပ်ဆင်ထားတာက အလွန်ကြီးမားနေပါတယ်။ အရင် ရောင်းချခဲ့တဲ့ Gear 2မှာတောင် ၁.၈၃ လက်မ မျက်နှာပြင်ကိုသာ အသုံးပြုထားတာပါ။ Gear Liveမှာ ၁.၆၃ လက်မ မျက်နှာပြင်ပါရှိတာကို နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။

အဲဒီ AMOLED Displayက ဘက်ထရီကို ကျိန်းသေ အကုန်မြန်စေမှာ ဖြစ်ပါတယ်။ သာမာန် အသုံးပြုရင် နှစ်ရက် အသုံးခံတယ်လို့ Samsungက ပြောပါတယ်။ စမတ်နာရီရဲ့ စွမ်းဆောင်ချက်အားလုံးကို ပိတ်ထားတာကို သာမာန်သုံးတယ်လို့ ဆိုလိုတာဆိုရင်တော့ စိုးရိမ်စရာပါပဲ။ ဒါပေမယ့်လည်း စမတ်နာရီကို လက်တွေ့စမ်းသပ်ကြည့်တဲ့အခါမှသာ အဖြေပေါ်မှာ ဖြစ်ပါတယ်။

white gear s

Gear Sကို မောင်းနှင်တဲ့ အရာ

ဆော့ဝဲအပိုင်းကို ပြောရရင် Samsungဟာ Androidနဲ့ သူ့ကိုယ်ပိုင် Tizen Softwareနှစ်မျိုးစလုံးကို ပြောင်းလဲ အသုံးပြုနေပါတယ်။ Gear Sမှာ ခွဲခြမ်းစိတ်ဖြာသူများနဲ့ ပြိုင်ဖက်များက အောင်မြင်မှု မရှိနိုင်ဘူးလို့ ဝေဖန်ထားတဲ့ Tizenကို အသုံးပြုထားပါတယ်။

Samsungဟာ Androidကို ကျောခိုင်းချင်ပြီး Googleကို မှီခိုနေရတာကို ဖယ်ရှားချင်ပုံပေါ်ပါတယ်။ ဒါပေမယ့် Tizenကို သုံးတစ်ခါ ပစ်တစ်လှည့်လုပ်နေတာက စားသုံးသူတွေကို စွဲဆောင်မှု မရှိပါဘူး။

gear circle

ပထမ Gear စမတ်နာရီမှာ Androidကို သုံးထားပြီး Gear 2, Gear Neoမှာ Tizenကို သုံးထားပါတယ်။ ဇွန်လမှာတော့ Gear Liveမှာ Android Wearကို ပြောင်းသုံးထားပြန်ပါတယ်။ အခုတော့ Tizenကို ပြန်လည် သုံးလာပြန်ပါတယ်။

Samsungက နောက်တစ်ပတ်မှာ ဘာလင်မှာ ကျင်းပမယ့် IFAပွဲမှာ သူ့ရဲ့ ချပ်၀တ်တန်ဆာကွန်ပြူတာ အသစ်ကို ပြသဖို့ စီစဉ်ထားပါတယ်။ အဲဒီပွဲမှာ ဘယ်နိုင်ငံများမှာ စမတ်နာရီ အသစ်ကို ရောင်းချမလဲဆိုတာ ကြေညာမှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *