အာဆီယံဦးဆောင် စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သည့် SCG က မြန်မာနိုင်ငံတွင် SCG Sharing the Dream အစီအစဉ် သုံးကြိမ်မြောက်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် မွန်ပြည်နယ်မှ ကျောင်းသူ/ကျောင်းသား အယောက်တစ်ရာအား ပညာသင်ထောက်ပံ့ကြေးများကို မော်လမြိုင်၊ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပေးအပ်ခဲ့ပါသည်။ အဆိုပါအစီအစဉ်သည် SCG အနေဖြင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်သည့်နေရာတိုင်းရှိ လူမှုအသိုင်းအဝိုင်းအားလုံး၏ အရည်အသွေးကို ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် လုပ်ဆောင်ရန် သံဓိဋ္ဌာန်ချထားမှု၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပါသည်။ ပညာရေးဆိုင်ရာ မှတ်တမ်းကောင်းများကို ပိုင်ဆိုင်ထားပြီး မိသားစုကို ကျေးဇူးသိတတ်ကာ မိမိတို့၏လူထုအသိုင်းအဝိုင်း ကောင်းကျိုးအတွက် ကိုယ်ပိုင်အသိစိတ်ဖြင့် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားကြသည့် ကျောင်းသူ/ ကျောင်းသားများကို အသိအမှတ်ပြုသည့်အနေဖြင့် အဆိုပါအခမ်းအနားကို Mawlamyaing Strand Hotel ၌ စက်တင်ဘာလ ၁၃ ရက်နေ့နံနက်တွင် ကျင်းပခဲ့ပါသည်။
ကျောင်းသူ/ ကျောင်းသားများအနေဖြင့် တစ်ဦးလျှင် ပညာသင်နှစ် တစ်နှစ်စာအတွက်လိုအပ်သည့် ကျောင်းလခများနှင့် အခြားလိုအပ်မှုများကို ကာမိစေမည့် ငွေကြေးပမာဏ ကျပ်နှစ်သိန်းတစ်သောင်း (အမေရိကန်ဒေါ်လာ ၂၂၀ ခန့်) ကို လက်ခံရရှိခဲ့ပါသည်။ အဆိုပါ ထောက်ပံ့ကြေးပမာဏသည် ယခင်နှစ်က ပညာသင်ဆုရ ကျောင်းသူ/ ကျောင်းသားများအား တစ်ဦးလျှင် ကျပ်နှစ်သိန်းနှုန်းဖြင့် ထောက်ပံ့ခဲ့သည့် ပမာဏကနေ တိုးမြှင့်ထောက်ပံ့ခြင်းဖြစ်ပါသည်။ ပညာသင်ဆုများကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် SCG Myanmar ၏ Country Director Mr. Chana Poomee တို့က ပေးအပ်ချီးမြှင့်ပေးခဲ့ပါသည်။
“SCG Sharing the Dream အစီအစဉ်ကို သုံးနှစ်ဆက်တိုက်စီစဉ်ပြုလုပ်တဲ့ SCG နဲ့ ဒီပညာရေးစီမံကိန်းကို ကူညီထောက်ပံ့ပေးတဲ့ မြန်မာနိုင်ငံဆိုင်ရာ တော်ဝင်ထိုင်းသံရုံးကို ကျွန်တော့်အနေနဲ့ ကျေဇူးတင်ကြောင်း ပြောကြားချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ တိုးတက်မှုကို တွန်းအားပေးမောင်းနှင်ရာမှာ ကျောင်းသူ/ကျောင်းသားတွေရဲ့ကဏ္ဍက အဓိကကျပြီး ပညာရေးက သူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် အရေးကြီးတဲ့အရာဖြစ်ပါတယ်။ မိမိတို့ရဲ့စိတ်ကူးအိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့နဲ့ လူထုအသိုင်းအဝိုင်းကို မိမိတို့တတ်နိုင်သမျှ နည်းလမ်းနဲ့ အကျိုးပြုဖို့ SCG Sharing the Dream ပညာသင်ဆုရကျောင်းသူ/ကျောင်းသားတွေကို ကျွန်တော့်အနေနဲ့ တိုက်တွန်း အားပေးချင်ပါတယ်” ဟု ဝန်ကြီးချုပ်ဦးအုန်းမြင့်က ပြောကြားပါသည်။
“SCG Sharing the Dream အစီအစဉ်ကို မြန်မာနိုင်ငံမှာ သုံးနှစ်မြောက်အဖြစ် ဆက်လက်စီစဉ် ကျင်းပနိုင်ခဲ့တဲ့ အတွက် ကျွန်တော်တို့အနေနဲ့ ဂုဏ်ယူမိပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်တာကာလ တစ်လျှောက်မှာ မြန်မာနိုင်ငံက SCG Sharing the Dream ပညာသင်ဆုရကျောင်းသူ/ ကျောင်းသားတွေအနေနဲ့ ပညာရေးအောင်မြင်မှုရရှိအောင် ဆက်လက်ကြိုးပမ်းနေတာကို တွေ့မြင်ခဲ့ရပြီး သူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် ပါဝင်အကျိုးပြုခွင့်ရခဲ့တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဂုဏ်ယူမိပါတယ်။ ဒီအစီအစဉ်ဟာ ကျောင်းသူ/ကျောင်းသားတွေအနေနဲ့ အဆင့်မြင့်ပညာရေးကို ဆည်းပူးသင်ကြားနိုင်ဖို့အတွက် ဆက်လက်ထောက်ပံ့သွားဖို့နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေကို ကူညီထောက်ပံ့ဖို့ ကျွန်တော်တို့ရဲ့ သံဓိဋ္ဌာန်ချမှတ်ထားမှုကို ထင်ဟပ်ဖော်ပြတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဒီနှစ်ပညာသင်ဆုရတဲ့ မွန်ပြည်နယ်က ကျောင်းသူ/ ကျောင်းသားအသစ်တွေအတွက် ဝမ်းမြောက်ဂုဏ်ယူမိသလို ဒီအစီအစဉ်အားဖြင့် SCG နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ပိုမိုကျယ်ပြန့်တဲ့ လူမှုအသိုင်းအဝိုင်းအကြား ပိုမိုနီးကပ်နက်ရှိုင်းတဲ့ ဆက်ဆံမှုတစ်ရပ်ကို တည်ဆောက်သွားနိုင်မယ်လို့ SCG အနေနဲ့ မျှော်လင့်ထားပါတယ်” ဟု Mr. Chana Poomee က ပြောကြားပါသည်။
“သမီးရဲ့မိသားစုအနေနဲ့ ငွေရေးကြေးရေးပိုင်းမှာ ရုန်းကန်ခဲ့ရတဲ့အတွက် SCG Sharing the Dream ပညာသင်ဆုရရှိခြင်းက သမီးမိသားစုရဲ့ ပူပင်သောကတွေကို သက်သာလျော့နည်းသွားစေမှာဖြစ်သလို သမီးရဲ့ပညာသင်ကြားမှုအပိုင်းနဲ့ လာမယ့်တက္ကသိုလ်ဝင်စာမေးပွဲအတွက် အာရုံစူးစိုက်နိုင်ဖို့ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။ SCG ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားချင်ပါတယ်။ သမီးရဲ့ရည်ရွယ်ချက်ကတော့ ကျောင်းဆရာမ ဖြစ်ဖို့ပါ။ ဒါမှလည်း အနာဂတ်မျိုးဆက်သစ် ကျောင်းသူ/ကျောင်းသားတွေအနေနဲ့ သူတို့ရဲ့စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ကူညီထောက်ပံ့ပြီး တိုက်တွန်းအားပေးနိုင်မှာဖြစ်ပါတယ်” ဟု ယနေ့ ပညာသင်ဆုချီးမြှင့်ခြင်းခံရသည့် မွန်ပြည်နယ်၊ မော်လမြိုင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် ဒသမတန်းကျောင်းသူ မကေခိုင်ထွန်းက ပြောကြားပါသည်။
မွန်ပြည်နယ်ရှိ မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ ပေါင်နှင့် ချောင်းဆုံမြို့နယ်တို့မှ ကျောင်းသူ/ကျောင်းသား အယောက် တစ်ရာအား ပညာသင်ဆုများပေးအပ်ရန် ရွေးချယ်ခဲ့ပါသည်။ ယနေ့ကျင်းပသည့် အခမ်းအနားမတိုင်မီ ယခုအပတ် အစောပိုင်း ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့၊ International Business Center(IBC) ၌ ကျင်းပခဲ့သည့် ပညာသင်ဆုချီးမြှင့်ခြင်း အခမ်းအနားတွင် ရန်ကုန်မြို့ရှိ မြို့နယ်ပေါင်းစုံမှ ကျောင်းသူ/ကျောင်းသား အယောက်တစ်ရာအားရွေးချယ်ပြီး SCG က ပညာသင်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
၂၀၁၃ ခုနှစ်တွင် ပညာသင်ထောက်ပံ့ကြေးများ လက်ခံရရှိခဲ့ကြပြီး ၂၀၁၄ ခုနှစ်ပညာသင်နှစ်တွင် ထူးထူးချွန်ချွန် ဆက်လက်ကြိုစားအားထုတ်ခဲ့ကြသည့် မွန်ပြည်နယ်မှ ကျောင်းသူ/ကျောင်းသား ၅ ဦးကိုလည်း သူတို့၏ ပညာရေး တိုးတက်အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် စုစုပေါင်း ကျပ် ၁၀ သိန်းကို ထပ်တိုးပေးအပ်ချီးမြှင့်ခဲ့ပါ သည်။ ကျင်းပသည့် အခမ်းအနားနှင့် SCG က တည်းခင်းဧည့်ခံသည့် နေလည်စာအစီအစဉ် အပြီးတွင် ကျောင်းသူ/ကျောင်းသားများက သူတို့၏ပညာသင်ကြားမှုများနှင့် အနာဂတ်ဘဝအတွက် အကျိုးဖြစ်ထွန်း စေမည့် လူမှုဆက်ဆံရေးဆိုင်ရာအရည်အသွေးများ ဖွံ့ဖြိုးတိုးတက်ရန်အထောက်အကူဖြစ်စေမည့် အသင်းအဖွဲ့ စိတ်ဓာတ်တည်ဆောက်မှုဆိုင်ရာ လှုပ်ရှားမှုအစီအစဉ်များတွင်လည်း ပါဝင်ခဲ့ကြပါသည်။
SCG Sharing the Dream အစီအစဉ်သည် SCG ၏ အာဆီယံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လှုပ်ရှားမှုတစ်ရပ်ဖြစ်ပြီး မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် လာအိုတို့အပါအဝင် အာဆီယံနိုင်ငံများမှ ကျောင်းသူ/ကျောင်းသား အယောက်ငါးထောင်ကျော်အား ပညာသင်ဆုများ ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သည့် အာဆီယံဦးဆောင် စီးပွားရေးလုပ်ငန်း ဖြစ်လာရန်အပါအဝင် ကောင်းမွန်သော လုပ်ငန်းစီမံခန့်ခွဲမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် စံနမူနာတစ်ရပ်ဖြစ်လာရန် ရည်မှန်းချက်နှင့်အတူ SCG အနေဖြင့် ယခုအစီအစဉ်အား နှစ်စဉ်ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာလူထုအသိုင်းအဝိုင်းအတွက် လူမှုဘဝအဆင့်အတန်း ပိုမိုတိုးတက် ကောင်းမွန်လာစေမည့် အခြားအစီအစဉ်များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။