Opinion, Policy & Law

ထိမ်းမြားမှုနှင့် လှည့်ဖြား ပေါင်းသင်းမှု

ကျွနု်ပ်တို့ မြန်မာနိုင်ငံတွင် မြန်မာ ဓလေ့ထုံးတမ်း ဥပဒေသည် ခိုင်ခိုင်ခန့်ခန့် ပေါ်ထွန်းနေပြီ ဖြစ်သည်။ မြန်မ ာဓလေ့ထုံးတမ်း ဥပဒေသည် လွှတ်တော် တစ်ရပ်ရပ်က ရေးဆွဲအတည်ပြု ပြဌာန်းသော ဥပဒေ မဟုတ်။ အစိုးရ တစ်ရပ်ရပ်က ပြဌာန်းသော ဥပဒေ မဟုတ်။ သမိုင်းအစဉ်အလာ ကြီးမားသော မြန်မာတို့၏ မြန်မာ ဓလေ့ထုံးတမ်းတို့အပေါ် မူတည်၍ အစဉ်အဆက် လေးစား လိုက်နာကြရာမှ ပေါ်ပေါက်လာသော အများပြည်သူ လေးစား လိုက်နာကြသည့် ဓလေ့ ထုံးတမ်းများပင် ဖြစ်သည်။

မြန်မာလူမျိုးတို့၏ ဓမ္မသတ်များ၊ အမျိုးသား ယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းများ၊ လူနေမှုစနစ်များနှင့် မိသားစု စနစ်များ ပေါင်းစည်းရာမှ ပေါ်ထွန်းလာသည့် မြန်မာ ဓလေ့ထုံးတမ်းဥပဒေသည် ယခုအခါ ဥပဒေနယ်ပယ်တွင် အခိုင်အမာ ရပ်တည်လျက် ရှိနေပါပြီ။

မြန်မာ ဓလေ့ထုံးတမ်းဥပဒေသည် ခေတ်အဆက်ဆက်က မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် စီရင်ထုံးများကို အမြတ်တနိုး တန်ဘိုးထား၍ ပြုစု စောင့်ရှောက် ထိန်းသိမ်းထားသည့် သမိုင်း မှတ်တမ်း တစ်စောင်လည်း ဖြစ်သည်။

ခေတ်စနစ်နှင့် အတွေးအခေါ် အယူအဆတို့သည် အစဉ်သဖြင့် ပြောင်းလဲနေပါသည်။ မြန်မာ ဓလေ့ထုံးတမ်း ဥပဒေသည် ‘ဓမ္မသတ်ခေတ်’’တွင် ရပ်တန့်၍ မနေပါ။ ပြောင်းလဲနေသော ခေတ်နှင့်လည်း မဆန့်ကျင်ပါ။ မကင်းကွာပါ။ ခေတ်နှင့်သဟဇာတ ဖြစ်နေပါသည်။ ပြောင်းလဲနေသော ခေတ်စနစ်တို့နှင့် တစ်သားတည်း ဖြစ်ပြီး အစဉ် ရှင်သန်နုပျိုစေရန် ဗဟိုတရားရုံးနှင့် တရားရုံးချူပ်တို့က စဉ်ဆက်မပြတ် ပြုစုပေးလျက် ရှိပါသည်။ဟု မြန်မာ ဓလေ့ထုံးတမ်း ဥပဒေ ရေးသားပြုစုသူ တရားရုံးချူပ်ရှေ့နေ ဦးမြစိန်က အဌမအကြိမ်ထုတ်အတွက် စာအုပ်နိဒါန်းတွင် ဖော်ပြထားသည်။

မြန်မာ ဓလေ့ထုံးတမ်း ဥပဒေတွင် ထိမ်းမြားလက်ထပ်ရေးနှင့် စပ်လျဉ်း၍ ‘‘သိမ်မွေ့၍ အရေးကြီးသော လူမှုရေး ကိစ္စ တစ်ရပ်’’ ဖြစ်သည်ဟု အတိအကျ ဆုံးဖြတ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာ တရားတော်သည် ကာမဘုံမှ လွတ်မြောက်ရေးကို ရှာကြံ ကြိုးပမ်းသည့် တရားဖြစ်သဖြင့် ထိမ်းမြား လက်ထပ်မှုသည် ဘာသာရေးနှင့် လုံး၀ မစပ်လျဉ်းသည့် လောကီရေး သက်သက် ဖြစ်ပေသည်။ ခရစ်ယာန်ဘာသာနှင့် ဟိန္ဒူဘာသာတို့အရ ထိမ်းမြားလက်ထပ်ရေးမှာ ဘာသာရေး အခမ်းအနား တစ်ရပ် ဖြစ်သည်။ မဟာ မေဒင်ဘာသာအရ ထိမ်းမြားလက်ထပ်ရေးမှာ ပဋိညာဉ်ကို မူတည်၍ ဆောင်ရွက်ခြင်း ဖြစ်သည်။
ထိမ်းမြား လက်ထပ်ရန် ကတိပြုခြင်းကို ကုန်ရောင်း ကုန်၀ယ်ပြုရန် ကတိ ပဋိညာဉ် ပြုခြင်းမျိုးနှင့် တစ်ပြေးတည်းထား၍ စဉ်းစားရန် သင့်တော်သည် မဟုတ်ချေ။

ယဉ်ကျေးသော မည်သည့်နိုင်ငံတွင်မဆို ထိမ်းမြားလက်ထပ်ခြင်း၊ အိမ်ထောင် တည်ထောင်ခြင်း စသည်တို့ကို ကုန်ရောင်းကုန်၀ယ် ဆက်ဆံ ကူးလူးခြင်းများနှင့်အတူ မထားကြချေ။ သိမ်မွေ့၍ အရေးကြီးသော လူမှုရေး ကိစ္စတစ်ရပ်ဟူ၍ လက်ခံ ကျင့်သုံးကြသည်ဟု မောင်ကိုကြီးနှင့် ဒေါ်အုန်းခင် အမှုစီရင်ထုံး (၁၉၆၅ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးများ၊ စာမျက်နှာ ၉၁၃)တွင် ထုံးဖွဲ့ခဲ့သည်။

ထိမ်းမြားမင်္ဂလာ အခမ်းအနားများကို ခမ်းခမ်းနားနား ပြုလုပ်တတ်ကြသည်။ ဟော်တယ် ကြီး ငယ်တွင် စိန်နားကပ် တစ်ပြောင်ပြောင်၊ ရွေှရောင်တ၀င်း၀င်းနှင့် ရှိတတ်သည်။ မင်္ဂလာ ဆွမ်းကျေွးခြင်းများလည်း ရှိကြသည်။ တရားရုံးတက် လက်မှတ် ရေးထိုးခြင်းလည်း ရှိကြသည်။ အမှန်တကယ်တော့ ထိမ်းမြား လက်ထပ်ခြင်း တရား၀င်စေရန် အခမ်းအနား မလိုပေ။ မအေးမယ်နှင့် မကြည်ကြည် အမှုစီရင်ထုံး (၁၉၄၈ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ ၆၂၅)တွင်

‘‘မြန်မာဗုဒ္ဓဘာသာ တရားဥပဒေအရ ထိမ်းမြားလက်ထပ်ခြင်း တရား၀င်စေရန်အတွက် အခမ်းအနား မလိုပေ။ ကာယကံရှင် နှစ်ဦး၏ သဘောတူညီမှု ဆန္ဒသာလျှင် လိုအပ်သည့်ကိစ္စ ဖြစ်ပေသည်။’’ဟု ထုံးဖွဲ့ခဲ့လေသည်။

မနုကျယ် ဓမ္မသတ်၊ ဒ္ဒါ ဒဿမတွဲ၊ အခန်း ၁ ၌ လင်မယား ဖြစ်ရာသော အကြောင်းသုံးပါးဟူသည်ကား

(၁) မိဘနှစ်ပါး ပေးထိမ်းမြား၍ နေစားကြသော လင်မယား တစ်ပါး၊

(၂) သူတစ်ပါးတို့ အောင်သွယ်၍ နေစားခြင်းလည်း တစ်ပါး၊

(၃) နှစ်ဦး သဘောတူ၍ နေစားခြင်းလည်း တစ်ပါးဟု ပြဆိုသည်။

မြန်မာ ဓလေ့ထုံးတမ်း ဥပဒေအရ ထိမ်းမြား လက်ထပ်ရေး၌ ကာယကံရှင်များ ဖြစ်ကြသော ယောကျၤားနှင့် မိန်းမတို့၏ သဘောတူညီမှုမှာ အရေးကြီးဆုံး အချက်ပင် ဖြစ်သည်။ သတို့သားနှင့် သတို့သမီးတို့၏ ဆန္ဒအလျောက် လွတ်လပ်စွာ ပေးသည့် သဘောတူညီမှု မရှိပါလျှင် ထိမ်းမြား လက်ထပ်မှုသည် တရားဥပဒေနှင့် မညီညွတ်ပေ။ မိန်းမသည် အရွယ်ရောက်ပြီးသူဖြစ်စေ၊ အရွယ်မရောက်သေးသူဖြစ်စေ၊ ၄င်း၏ ဆန္ဒကို ဆန့်ကျင်ပြီး မိဘများက ထိမ်းမြားလက်ထပ် မပေးနိုင်ပေ။

မြန်မာ ဗုဒ္ဓဘာသာ လင်နှင့် မယား ထိမ်းမြား လက်ထပ်ရာ၀ယ် ပေါင်းသင်း စပ်ယှက်မှု မရှိပါက လက်ထပ်မှု အတည် ဖြစ်၊ မဖြစ် အငြင်းပွားခဲ့ကြဘူး သည်။ မြန်မာ ဓလေ့ထုံးတမ်း ဥပဒေအရ နှစ်ဖက် မိဘများ၏ သဘောတူညီချက်ဖြင့် သတို့သားနှင့် သတို့သမီး အချင်းချင်း အလိုတူ ထိမ်းမြား မင်္ဂလာ အခမ်းအနား ပြုလုပ်ပြီးစီးလျှင် လက်ထပ်မှု အတည် ဖြစ်သည်။

အရွယ်ရောက်သည့် ယောင်္ကျားနှင့် မိန်းမတို့သည် တရား၀င် အကြင် လင်မယား ဖြစ်ကြရန် ၄င်းတို့ လင်မယားအဖြစ် ပေါင်းသင်း စပ်ယှက်မှု မလိုအပ်ပေဟု မောင်စန်းအောင်နှင့် မကြည်ကြည်ေ၀ အမှုစီရင်ထုံး (၁၉၆၃ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၉၉၅)တွင် ထုံးဖွဲ့ခဲ့လေသည်။

သို့ရာတွင် တရား၀င် လင်နှင့်် မယားအဖြစ် အထင်အရှား နေထိုင် ပေါင်းသင်း ဆက်ဆံမှုမျိုး ရှိမှသာ လင်မယားအဖြစ် ပေါင်းသင်း နေထိုင်မှု ဖြစ်ပေမည်။ လင်မယားအဖြစ် အတိအကျ အသိအမှတ်ပြုခြင်း မခံရဘဲ တစ်ချို့ က မောင်နှမ ၀မ်းကွဲဖြစ်သည်ဟူ၍လည်းကောင်း၊ တစ်ချို့ က ကြောင်းလမ်း စေ့စပ်ထားသည်ဟူ၍လည်းကောင်း၊ တစ်ချို့ မိတ်ဆွေဖြစ်သည်ဟူ၍လည်းကောင်း အမျိုးမျိုး ထင်မှတ်ခြင်း ခံရပြီး ၄င်းတို့ အချင်းချင်း တိတ်တိတ်ပုန်း စပ်ယှက်မှု ပြုနေခြင်းကို လင်မယားအဖြစ် ပေါင်းသင်း နေထိုင်မှုဟု မခေါ်ဆိုနိုင်ပေ။

အမျိုးသားနှင့် အမျိုးသမီးတို့သည် တရားရုံးရှိ တရားသူကြီး တစ်ဦးဦးထံသို့ သွားရောက်ကာ သက်သေများရှေ့ တွင် လင်မယားအဖြစ် ပေါင်းသင်း နေထိုင်ရန် ဆန္ဒရှိကြောင်း ကတိသစ္စာပြု၍ ထိမ်းမြားလက်ထပ်ခြင်းသည်လည်း တရား၀င် အကြင်လင်မယားအဖြစ် ရောက်ရှိစေပေသည်။

သို့ရာတွင် အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို တရား၀င် လက်ထပ်ပါမည်ဟု ယုံကြည်အောင် ပြောဆို၍ ကာမ ရယူပြီးနောက် တရား၀င် လက်ထပ်ရန် ငြင်းဆန်လျှင် ကာမ လိမ်လည်မှု ဖြစ်ပေသည်။ ကာမ လိမ်လည်မှုဟု ပြစ်မှုဆိုင်ရာ ဥပဒေတွင် ခေါင်းစဉ် အတိအကျ တပ်၍ ပြဌာန်းထားခြင်းတော့ မရှိပေ။

မိန်းကလေးတစ်ဦးအား လိမ်လည် လှည့်ဖြား၍ အတည်တကျ ပေါင်းသင်း နေထိုင်မည်ဖြစ်ကြောင်း ကတိပြု၍ ကာမ ရယူခြင်းသည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၁၇ ကို ကျူးလွန်ခြင်းဖြစ်သည်ဟု မောင်ကံလှနှင့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် အမှုစီရင်ထုံး (၁၉၇၈ ခုနှစ် မြန်မာနိုင်ငံ စီရင်ထုံး စာမျက်နှာ ၃)တွင် ထုံးဖွဲ့ထားပေသည်။
နှစ်ဖက် လူကြီး မိဘ စေ့စပ် ကြောင်းလမ်း၍ လက်ထပ်ကြသူများတွင် ဤ ပြဿနာမျိုး မတွေ့ရပေ။

လူငယ်သဘာ၀ လိုက်ကြ၊ ပြုကြ၊ ရည်းစားထားကြ တရား၀င် လက်မထပ်မီ လွန်ကျူးကြသူများတွင် ဤပြဿနာများ တွေ့ကြရတတ်သည်။

ရှေးယခင်ကလို သုံးနှစ် သုံးမိုး မကအောင် စောင့်စား၍ ချစ်ကြသူများသည် ယခု တော်တော် ရှားသွားပြီ ဖြစ်သည်။

ယခင်ကလို ရည်းစားစကား လိုက်ပြောသောခေတ်၊ ရည်းစားစာ လိုက်ပေးသော ခေတ်လည်း သိပ် မရှိတော့ပေ။
ယခု အင်တာနက်ခေတ်၀ယ် Chatting ထိုင်ကြရာမှဖြစ်စေ၊ Facebook စသည့် Social Websiteများမှဖြစ်စေ၊ လုံး၀ မသိမမြင်ဘူးသူများ ချစ်ကြိုး သွယ်မိကြသည်။ ချိန်းတွေ့ကြသည်။ ကတိသစ္စာ ပျက်ယွင်းတတ်ကြသည်။ ယဉ်ကျေးမှု မြင့်မားသော မြန်မာလူမျိုးတို့၏ မြန်မာဓလေ့ထုံးတမ်းကို အရုပ်ဆိုးစေတတ်သည်။
ယင်းသူတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေအရ အပြစ်ပေးကြရသည်။ ရာဇ၀တ်ကြီး ဥပဒေပုဒ်မ ၄၁၇တွင် မည်သူမဆို လိမ်လည်မှု ကျူးလွန်လျှင် ထိုသူကို တစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။

အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးအား တရား၀င် လက်ထပ် ပေါင်းသင်းရန် ရည်ရွယ်ချက် မရှိဘဲ တရား၀င် လက်ထပ် ပေါင်းသင်းပါမည်ဟု ယုံကြည်အောင် လှည့်ဖြားသွေးဆောင်ကာ မရိုးမဖြောင့်သော သဘောနှင့် ကာမ ရယူခြင်းသည် အမျိုးသမီး၏ ကိုယ်၊ စိတ်၊ ဂုဏ်သရေကို တန်ဘိုး မဖြတ်နိုင်လောက်အောင် ထိခိုက်နစ်နာစေသဖြင့် ရာဇ၀တ်ကြောင်းအရ အကြင်အမျိုးသားကို ထိရောက်သော ပြစ်ဒဏ် ချမှတ်ရမည်သာ ဖြစ်ပေသည်။
ရာဇ၀တ်ကြီး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို နေ့စဉ်ထုတ် သတင်းစာများတွင် အချပ်ပိုအဖြစ် ပြည်သူသို့ ချပြရာတွင် ရာဇ၀တ်ကြီး ဥပဒေပုဒ်မ ၄၁၇ကို အောက်ပါအတိုင်း အစားထိုး ရမည်ဟု ဖော်ပြပြီး

မည်သူမဆို လိမ်လည်မှု ကျူးလွန်လျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

တည်ဆဲဥပဒေတွင် ရာဇ၀တ်ကြီး ဥပဒေပုဒ်မ ၄၁၇ကို ကျူးလွန်သူများအား တစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်နို်င်ကြောင်း ပြဌာန်းထားရာမှ သုံးနှစ်ထိ တိုးမြှင့် ချမှတ်နိုင်ရန် ပြင်ဆင််လိုခြင်း ဖြစ်ပေသည်။

ယဉ်ကျေးမှု အစဉ်အလာကြီးမားသော မြန်မာလူမျိုးတို့တွင် ထိမ်းမြားမှုနှင့် စပ်လျဉ်း၍ မြန်မာ ဓလေ့ထုံးတမ်း ဥပဒေတွင် ခန့်ခန့်ထည်ထည် တည်ရှိပြီး ဖြစ်ပါသည်။

အမျိုးသမီးတစ်ဦးကို တည်တည်တံ့တံ့ လက််ထပ်လိုခြင်း မရှိဘဲ သွေးဆောင်ဖြားယောင်း၍ လှည့်ဖြားပေါင်းသင်းလိုသော အမျိုးသားတို့အတွက် ထိရောက်သော ပြစ်ဒဏ် တိုးမြှင့် ချမှတ်နို်င်ရန် လည်းကောင်း၊ အခြား အခြားသော လိမ်လည်မှုများအတွက် ပြစ်ဒဏ် တိုးမြှင့် ချမှတ်နိုင်ရန်လည်းကောင်း၊ ရာဇ၀တ်ကြီး ဥပဒေပုဒ်မ ၄၁၇ ပါ ပြစ်ဒဏ် တိုးမြှင့် သတ်မှတ်ခြင်းကို ထောက်ခံပါကြောင်း ရေးသား တင်ပြပါသည်။

Related Posts