Opinion, Policy & Law

မူးယစ်ဆေးဝါး သုံးစွဲသူ

narcotic

လူသားမျိုးနွယ် တစ်ခုလုံး အညွန့် တုံးစေသော မူးယစ်ဆေးဝါး သုံးစွဲခြင်းကို လူသားတိုင်း ဆန့်ကျင် တိုက်ဖျက်ကြရပေမည်။ ဘိန်းပင် စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ ရောင်း၀ယ်ခြင်း၊ အဆင့်ဆင့်တို့ကို ပပျောက်အောင် တိုက်ဖျက်နို်င်မှသာ ဤကမ္ဘာမြေပြင်ပေါ်တွင် မူးယစ်ဆေးဝါးဟူသည် ပပျောက်နိုင်ပေလိမ့်မည်။ သို့သော် ယနေ့အချိန်ထိ အမျိုးမျိုး ပြုပြင် ထုတ်လုပ်ထားသော မူးယစ်ဆေးဝါးများ ရှိနေကြသဖြင့် အပေါင်းအသင်း မှား၍ မူးယစ်ဆေးဝါး သုံးစွဲနေကြသော လူငယ်များလည်း ရှိနေကြဆဲ ဖြစ်သည်။ နောင်တစ်ခေတ်၏ ခေါင်းဆောင်လူကြီး ဖြစ်လာကြရမည့် ယနေ့ လူငယ်များသည် မူးယစ်ဆေးဝါးကို ေ၀းေ၀းက ရှောင်ကြရပေမည်။

အကြောင်းကြောင်းကြောင့် မူးယစ်ဆေးဝါး သုံးစွဲမိကြသူများသည်လည်း အစိုးရက အသိအမှတ်ပြုထားသည့် ဆေးကုဂေဟာများတွင် မှတ်ပုံတင်၍၊ ဆေးကုသရေးအတွက် ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာခြင်းဖြင့် မိမိဘ၀ကို ပြန်လည် ထူထောင်ရပေမည်။ ထိုသို့ မဟုတ်ဘဲ ပျက်ကွက်ပါက ၁၉၉၃ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅ အရ ထောင်ဒဏ် အနည်းဆုံး (၃)နှစ်မှ အများဆုံး (၅)နှစ်အထိ ချမှတ်ခြင်းခံရမည် ဖြစ်သည်။

မူးယစ်ဆေးဝါးသုံးစွဲသူဟု သံသယဖြစ်ဖွယ် တွေ့ရှိ ဖမ်းမိလျှင် မူးယစ်ဆေးဝါးသုံးစွဲသူ ဟုတ် မဟုတ် စမ်းသပ် စစ်ဆေးရပေသည်။ မူးယစ်ဆေးဝါး သုံးစွဲသူ ဟုတ် မဟုတ် အဓိက စမ်းသပ် စစ်ဆေးချက် (၄)မျိုး ရှိသည်။

(၁) ဆေးဝါးသုံးစွဲမှု ရာဇ၀င် စစ်ဆေးချက်
(History of Drug Abuse)

(၂) မျက်စိ သူငယ်အိမ် စစ်ဆေးချက်
(Oupillary Test)

(၃) ကိုယ်ခန္ဓာ လက္ခဏာ စမ်းသပ်စစ်ဆေးချက် (Physical Examination)

(၄) ဆီး စစ်ဆေးချက်
(Urine Analysis)

ဆေးသုံးစွဲမှု ရာဇ၀င် စစ်ဆေးချက်ဆိုသည်မှာ ဆေးဝါးကို အမြဲတမ်း သုံး မသုံး၊ သုံးစွဲသည့် အမျိုးအစား (ဥပမာ- ဘိန်း၊ ဟီးရိုးအင်း၊ ကိုဒင်း၊ မော်ဖင်း၊ အက်ဖီတမင်း၊ ဆေးခြောက်၊ ဘာဘီကျူရိတ်၊ မက်သာကွာလုံး၊ ဘင်ဇိုဒိုင်ယာဇီပန်း၊ W-4 ဆေးပြား) စသည့် နောက်ဆုံး သုံးစွဲသည့်နေ့၊ သုံးစွဲသည့် ကာလ မည်မျှ ကြာသည်၊ မကြာခဏ သုံးစွဲခြင်း ဟုတ် မဟုတ်၊ မည်သည့် နည်းဖြင့် ဆေးဝါး သုံးစွဲကြောင်း
(ဥပမာ – အကြောဆေး ထိုးခြင်း၊ အသားဆေး ထိုးခြင်း၊ ဆေးသောက်ခြင်း၊ ဆေးလိပ်ဖြင့် သောက်ခြင်း၊ နှာခေါင်းဖြင့် ရှုခြင်း စသည်) မည်သည့် အရွယ်၊ မည်သည့်အချိန်က စ၍ သုံးစွဲသည်ကို စစ်ဆေးခြင်း ဖြစ်သည်။ ထို့ပြင် ထိုမူးယစ်ဆေးဝါးကို မည်သို့ ရရှိိခဲ့ကြောင်း စိတ်ရော ကိုယ်ပါ မည်မျှ စွဲလန်းမှု ရှိခဲ့ကြောင်း မေးမြန်း စစ်ဆေးရပေသည်။

မျက်စိ သူငယ်အိမ် စစ်ဆေးချက်ဆိုသည်မှာ ဆေးပြတ်သည့် လက္ခဏာအရ မျက်စိသူငယ်အိမ်ကို စမ်းသပ်ခြင်း ဖြစ်သည်။ Chemical Name (Nerlo Phene) Trade Name (Lethidrone) အသားဆေးဖြင့် လည်းကောင်း၊ Chemical Name (Narloxone) Trade Name (Narcan) အကြောဆေးဖြင့် လည်းကောင်း၊ မူးယစ်ဆေးဝါး သုံးစွဲထားသူ၏ ကိုယ်ခန္ဓာအတွင်းရှိ မူးယစ်ဆေးဝါး၏ အာနိသင် အစွမ်းသတ္တိကို ရုတ်တရက် လျော့ချလိုက်သည့် ဆန့်ကျင်ဆေး (Antagonist)များ ဖြစ်သဖြင့် ဆေးပြတ်သည့် လက္ခဏာ ဖြစ်ပေါ်လာ၍ မူးယစ်ဆေးဝါး သုံးစွဲသူသည် ယင်းထသည့် လက္ခဏာ ပေါ်လွင်လာသည့်အပြင် မျက်စေ့သူငယ်အိမ်လည်း ကျယ်လာပေသည်။

မူးယစ်ဆေးဝါး သုံးစွဲသူသည် သုံးစွဲသည့် ကာလ၊ ပမာဏအလျောက် မျက်စိသူငယ်အိမ် အနက်စက်မှာ သာမန်ထက် ပို၍ ကျဉ်းနေသည်။ ကာလ ကြာရှည်စွာ သုံးစွဲနေသူအချို့၏ မျက်စိသူငယ်အိမ်သည် အပ်ဖျားလောက်ထိပင် ကျဉ်းနေတတ်သည်။

ထိုဆေးထိုးပြီးနောက် မူးယစ်ဆေးဝါးသုံးစွဲသူ၏ မျက်စိသူငယ်အိမ် အကျယ်ကို အမှောင်ခန်းအတွင်း ၀ပ်(၁၀၀) အား မီးလုံးဖြင့် (၃)ပေခန့်အကွာမှ မီးထိုး၍ တိုင်းတာရသည်။ ဆေးမထိုးမီ မူလအတိုင်းအတာထက် မျက်စိသူငယ်အိ်မ် အနက်စက် ပိုပြီးကျယ်လာသည့် မီလီမီတာကို တိုင်းတာရသည်။

Narlo Pheine ၃ မီလီဂရမ် (သို့မဟုတ်) Narloxone ၀.၀၂ မီလီဂရမ် ဆေးထိုးပြီးနောက် (၁၅)မိနစ် တစ်ခါ၊ (၃၀)မိနစ် တစ်ခါ၊ (၄၀)မိနစ် တစ်ခါ၊ (၄၅)မိနစ် တစ်ခါ မျက်စိသူငယ်အိမ်ကို တိုင်းတာရာတွင် ဆေးမထိုးမီ တိုင်းတာသော မူလ အတိုင်းအတာထက် (၀.၅)မီလီမီတာနှင့်အထက် ပို၍ ကျယ်လာပါက ထိုသူသည် မူးယစ်ဆေးဝါးသုံးစွဲသူ ဖြစ်သည်ဟု သတ်မှတ်ပေသည်။
မျက်စိသူငယ်အိမ် ကျယ်ခြင်းသည် ဘိန်းအမျိုးအစား ဖြစ်သော ဆေးဝါးသုံးစွဲသူတိုင်း၌ ၉၀%ထိ အတိအကျ တွေ့ရှိနိုင်သော လက္ခဏာ ဖြစ်သည်။
ကိုယ်ခန္ဓာ လက္ခဏာ စမ်းသပ်စစ်ဆေးခြင်း (၂)မျိုး ရှိသည်။

(၁) ဆေးဖြတ်သည့် လက္ခဏာ၊ တစ်နည်းအားဖြင့် ယင်းထသည့် လက္ခဏာ ရှိ မရှိ

(၂) ဆေးထိုးအပ်ရာ ရှိ မရှိ

ဆေးဖြတ်သည့် လက္ခဏာ (ယင်းထသည့် လက္ခဏာ)ဆိုသည်မှာ ဘိန်းအမျိုးအစားဖြစ်သော မူးယစ်ဆေးဝါး တစ်မျိုးမျိုးကို အမြဲ သုံးစွဲနေသူသည် ထိုဆေးကို မသုံးစွဲရသည့်အခါ ဆေးပြတ်သည့် လက္ခဏာ (ယင်းထသည့် လက္ခဏာ) ဖြစ်ပေါ်လာပေသည်။ ယင်းလက္ခဏာများမှာ-

(၁) သန်းေ၀ခြင်း၊ (၂) မျက်ရည်ယိုခြင်း၊

(၃) ကြက်သီးထခြင်း၊ (၄) ရင်တုန်ခြင်း၊

(၅) သွေးခုန်နှုန်း မြန်ခြင်း၊ ချေွးသီးချေွးပေါက် ကျခြင်း၊ (၆) စိတ် ဂနာမငြိမ်ဖြစ်ခြင်း၊ (၇) ကိုက်ခဲခြင်း၊

(၈) မူးေ၀ခြင်း၊ (၉) ဗိုက်နာခြင်း၊ (၁၀) မောပန်းခြင်းတို့ ဖြစ်ပေသည်။

မူးယစ်ဆေးဝါး သုံးစွဲခြင်း မရှိသူအား ထိုဆန့်ကျင်ဆေး ထိုးရုံဖြင့် ယင်းထသည့် လက္ခဏာ မပေါ်ပေါက်ပေ။ ဆေးနှင့် မတည့်လျှင် မူးေ၀ခြင်း၊ အော့အန်ခြင်း၊ သွေးပေါင်ကျခြင်း စသည် ဖြစ်နိုင်သော်လည်း မူးယစ်ဆေးဝါး သုံးစွဲသူ မဟုတ်ပါက သန်းေ၀ခြင်း၊ မျက်ရည်ယိုခြင်း၊ နှာရည်ယိုခြင်း မဖြစ်သည့်ပြင် မျက်စိသူငယ်အိမ်လည်း ကျယ်မလာပေ။

ထိုစမ်းသပ်မှုဖြင့် ၈၀%သော မူးယစ်ဆေးဝါး သုံးစွဲသူ လူနာများတွင် ယင်းထသည့် လက္ခဏာ တွေ့ရှိနိုင်သော်လည်း ၂၀%တွင် မတွေ့ရှိနိုင်သဖြင့် မတွေ့ရှိရုံဖြင့် မူးယစ်ဆေးဝါး သုံးစွဲသူ မဟုတ်ဟု အတိအကျ မသတ်မှတ်နိုင်ပေ။
မူးယစ်ဆေးဝါး သုံးစွဲသူများတွင် များသောအားဖြင့် ဆေးထိုးအပ်ရာများ တွေ့ရှိရသည်။ ဆေးထိုးအပ်ကို ပိုးသတ်ခြင်း၊ အပူပေးခြင်း၊ ပေါင်းတင်ခြင်းများ မပြုလုပ်ဘဲ ကြုံသလို ခိုးကြောင် ခိုး၀ှက် ထိုးကြရသဖြင့် အပ်ရာ အမာရွတ်များ အနာများ ဖြစ်ကြသည်။ တစ်ချို့မှာ အပ်ရာများ ထပ်ပြီး အသားမာ ဖြစ်နေသည်။ ဆေးထိုးအပ်ကို ပိုးသတ်ပြီး ထိုးသည်ဖြစ်စေ၊ တစ်ခါသုံး အပ်ကို သုံး၍ ထိုးသည် ဖြစ်စေ၊ ကြိမ်ဖန်များစွာ ထိုးပါက အပ်ရာ အမာရွတ် ကျန်နေမည် ဖြစ်သည်။များသောအားဖြင့် လက်မောင်းနှင့် လက်ဖျံတွင် အပ်ရာများ အတွေ့ များပေသည်။

ဆီးစစ်ဆေးရန်အတွက် မူးယစ်ဆေးဝါး သုံးစွဲသူကို ဖမ်းဆီးသည့်အချိန်မှ (၄၈)နာရီအတွင်း (သို့မဟုတ်) လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသတွင်
(၇၂)နာရီအတွင်း သက်ဆိုင်ရာ တာ၀န်ခံ ဆရာ၀န်မှ ဆီး နမူနာ ထုတ်ယူရမည်။

မော်ဖင်း၊ ကိုဒင်း၊ တယ်ဆိုအင်း၊ ပက်သီဒင်းတို့ကို ဆီးထဲတွင် (၂)ရက် (၃)ရက်အတွင်း တွေ့နိုင်သည်။ မက်သာဒုန်း ဖြစ်ပါက (၇)ရက်မှ (၁၀)ရက်အတွင်း တွေ့နိုင်သည်။ ဆေးခြောက် ဖြစ်ပါက ရက်(၃၀)အတွင်း ဆီးထဲတွင် တွေ့နိုင်ပြီး၊ ဘက်ဖီတမင်း စိတ်ကြွဆေးကို (၇)ရက်အတွင်း တွေ့ရှိနိုင်ပေသည်။ မူးယစ်ဆေးဝါး သုံးစွဲသည့် ပမာဏ အနည်းအများပေါ် မူတည်၍ တွေ့ရှိနိုင်သည့် ကာလ ကွာခြားနိုင်သည်။ ထို့ပြင် မူးယစ်ဆေးဝါ းသုံးစွဲပြီး ရေ၊ ဖျော်ရည်များများ သောက်ပြီး ဆီးသွားထားပါက တွေ့ရှိနိုင်သည့် ကာလနှင့် ပမာဏ နည်းသွားနိုင်ပေသည်။မူးယစ်ဆေးဝါး စစ်ဆေးခြင်းဖြင့် အောက်ပါ အမျိုးအစားများ စမ်းသပ် တွေ့ရှိနိုင်ပေသည်။

(၁) ဘိန်းနှင့် ဘိန်းအမျိုးအစား (မော်ဖင်း၊ ဟယ်ရိုးအင်း၊ ကိုဒင်း၊ ပက်သီဒင်း၊ မက်သာဒုန်း)

(၂) ဆေးခြောက်နှင့် ဆေးခြောက်အမျိုးအစား (Cannabis, Marijuana, Hashish, Ganja)

(၃) ကိုကင်းနှင့် ကိုကင်းအမျိုးအစား
(Cocaine Type)

(၄) အိပ်ဆေး အမျိုးအစား (Barbiturate Type)

(၅) စိတ်ကြွဆေး အမျိုးအစား
(Amphetamine Type)

(၆) စိတ်ငြိမ်ဆေး အမျိုးအစား (Oiagepan Type)

(၇) စိတ်ကို ဂယောင်ချောက်ချား ဖြစ်စေသော ဆေးဝါးအမျိုးအစား (Hallucinogen Type)၊ လှုံ့ဆော်မဲ့ အာရုံ ဖြစ်ပေါ်စေတတ်သော ဆေးဝါးများ (ဥပမာ- L.S.D, (Lysengic Acid Diethy/amide))
မူးယစ်ဆေးဝါး သုံးစွဲသူဆိုသည်မှာ မူးယစ် ထုံထိုင်းဘေး ဖြစ်စေတတ်သော ဆေးဝါးကို သုံးစွဲလိုသော စိတ်ဆန္ဒ ရှိပြီး ယင်းဆေးဝါးကို မသုံးစွဲဘဲ မနေနိုင်သူ ဖြစ်သည့်အပြင် ယင်းဆေးဝါးကို မသုံးစွဲပါက ကိုယ်ခန္ဓာ၌ ဆေးပြတ်သည့် ဒဏ်ကြောင့် ဖြစ်ပေါ်လာသော လက္ခဏာများကိုလည်း ခံစားရသူကို ဆိုပေသည်ဟု ၁၉၇၄ခုနှစ် မူးယစ်ထုံထိုင်းနှင့် ဘေးဖြစ်စေတတ်သော ဆေးဝါးများဆိုင်ရာ နည်းဥပဒေပုဒ်မ ၂(ဃ)တွင် အဓိပ္ပာယ် ဖွင့်ဆိုခဲ့သော်လည်း ၁၉၉၃ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေပုဒ်မ ၂(င) အရ ဥပဒေနှင့်အညီ ခွင့်ပြုချက် မရှိဘဲ သုံးစွဲရုံဖြင့် မူးယစ်ဆေးဝါး သုံးစွဲသူအဖြစ် အရေးယူ ခံရမည် ဖြစ်သည်။

မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် တရားစွဲဆိုခံရသော အမှုများတွင် ဆီးတွင် မူးယစ်ဆေးဝါး စမ်းသပ် တွေ့ရှိပါက ထိုတွေ့ရှိမှုသည် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် မဟုတ်ဘဲ ၄င်းတို့တွင် ရှိသည့်ရောဂါ တစ်မျိုးမျိုးကြောင့် ပြင်ပ ဆေးခန်းဆရာ၀န် တစ်ဦးဦးက မူးယစ်ဆေးဝါးနှင့် ဖော်စပ်ထားသော ဆေးဝါး တစ်မျိုးမျိုးကို တိုက်ကျေွး၍ လည်းကောင်း၊ ဆေးထိုး၍ လည်းကောင်း သုံးစွဲရသဖြင့် မူးယစ်ဆေးဝါး သုံးစွဲသည့် လက္ခဏာ ပေါ်ရကြောင်း ထိုိဆရာ၀န်ကို သက်သေပြ၍ ထုချေတတ်ကြသည်။ ဥပမာအားဖြင့် ၀မ်းကိုက်ရောဂါ ဖြစ်၍ တင်ချာအိုပီယက်ဆေး၊ တင်ချာအိုင်အိုဒင်း၊ တင်ချာပိုပင်နိုင်၊ ဒိုဗာဆေး တိုက်ကျေွးသည်ဟု လည်းကောင်း သွေး၀မ်းသွား၍ Airopine Moploine ဆေးထိုးပေးသည်ဟု လည်းကောင်း၊ ဗိုက်နာ၍ မော်ဖင်းဆေး ထိုးပေးသည်ဟု လည်းကောင်း၊ ၀မ်းပျက် ၀မ်းလျှော၍ ပိုမိုတေးလ်ဆေး စားရသည်ဟု လည်းကောင်း၊ ငှက်ဖျားရောဂါဖြစ်ပြီး အော့အန်သဖြင့် ပက်သီဒင်းဆေး ထိုးပေးသည်ဟု လည်းကောင်း၊ ချောင်းဆိုးရင်ကြပ် ရောဂါဖြစ်၍ အယ်ဒီကော့ဒ် ချောင်းဆိုးပျောက်ဆေး၊ ကော်မီသာဇင်၊ ကိုဒင်းဖေ့ ပေးသည်ဟု လည်းကောင်း၊ အိပ်မပျော်၍ ဒိုင်ယာဇီပန်၊ ဘေလီယန် သောက်ရသည်ဟု လည်းကောင်း၊ ၀က်ရူးပြန် အတက်ရောဂါကြောင့် ဖီနိုဆေးပေး၍ လည်းကောင်း ဖြစ်ရကြောင်း ထုချေတတ်ကြသည်။

ကိုယ်ပိုင် ဆေးကုဂေဟာနှင့် ဆရာ၀န်တို့သည် ကျန်းမာရေး၀န်ကြီးဌာနက သတ်မှတ်ထားသော ဆေးဝါး အမျိုးအစား၊ အရေအတွက်နှင့် အလေးချိိန်ကိုသာ အသုံးပြုခွင့်၊ လက်၀ယ်ထားခွင့် ရှိသည်။ ဆေးဝါး အမျိုးအစားအလိုက် အ၀င်အထွက်နှင့် လက်ကျန် စာရင်းစာအုပ်များ ထားရှိရမည့်ပြင် မည်သည့် လူနာအား မည်သည့်နေ့က မည်သည့်ဆေးဝါးကို ပေးကြောင်း မှတ်တမ်းစာအုပ် ထားရှိရမည်။

တရားရုံးများအနေနှင့် ဆေးဝါး သုံးစွဲသူများအား ကိုယ်ခန္ဓာ စစ်ဆေးချက်၊ ဆီး စစ်ဆေးချက်၊ နိုင်ငံ့ ၀န်ထမ်း တာ၀န်ရှိ ဆရာ၀န်များ၏ ထွက်ချက်၊ ပြင်ပ ဆရာ၀န်၏ ထွက်ချက်၊ ဆေးစာ၊ သက်သေခံ စာရွက်စာတမ်း အထောက်အထားများပေါ် မူတည်၍ ဆေးဝါးသုံးစွဲသူ ဟုတ် မဟုတ် ဥပဒေအရ အပြစ် ရှိ မရှိ သုံးသပ် ဆုံးဖြတ်ရသည်။ တရားစီရင်ရေးနှင့် စပ်လျဉ်း၍ တာ၀န်ရှိသူ အားလုံးက အမှန်အတိုင်း ပူးပေါင်းပါ၀င် ဆောင်ရွက်ကြမှသာ မှန်ကန်သော တရားစီရင် ဆုံးဖြတ်မှုကို ရရှိနိုင်မည် ဖြစ်သည်။

ဆေးဝါးသုံးစွဲမှုှနှင့် စပ်လျဉ်း၍ ပြဌာန်းထားသော ပြစ်မှု၊ ပြစ်ဒဏ် ကြီးလေးလှသည် ဖြစ်ပေရာအပြစ် မရှိသူ တစ်ဦး ပြစ်ဒဏ် မကျခံရရေးမှာ အရေးကြီးလှသည်။ ပြစ်မှု ကျူးလွန်လေ့ရှိသူများအား အလွယ်တကူ ပြစ်ဒဏ်မှ လွှတ်ပေးခြင်းမျိုး မရှိရအောင်လည်း စိစစ်သင့်ပေသည်။
ခြုံ၍ဆိုရလျှင် မူးယစ်ဆေးဝါး သုံးစွဲသူများ ပပျောက်အောင် ဆောင်ရွက်ရေးသည်သာ အဓိက ဖြစ်သဖြင့် အမျိုးသားရေး တာ၀န်တစ်ရပ်အဖြစ် တာ၀န်ရှိသူ အားလုံးနှင့် ပြည်သူ ၀ိုင်းကူ ဆောင်ရွက်သင့်ကြပါကြောင်း ရေးသား တင်ပြရပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *