Opinion, Policy & Law

Agency ကိုယ်စားလှယ် လွှဲခြင်းနှင့် စပ်လျဉ်းသော ဥပဒေရေးရာ သိကောင်းစရာများ

ယနေ့ ကမာ့်ဘရွာကြီးထဲတွင်ရှိသော အရှေ့ အနောက် နိုင်ငံများနှင့် မြန်မာနိုင်ငံသည် ကုန်စည် ကူးလူး ဆက်ဆံမှုများ၊ စီးပွားရေးလုပ်ငန်းများ တစ်နေ့တစ်ခြား များပြားလာလျက် ရှိပေသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေလည်း ပေါ်ပေါက်လာပြီဖြစ်ရာ ပြည်တွင်းပြည်ပ အရှိန်အဟုန်နှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာကြမည် ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြရာတွင် ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ဆောင်ရွက်ကြသည်လည်း ရှိသည်။ မြို့ရွာ နိုင်ငံအနှံ့ရှိ လုပ်ငန်းများသို့ ကိုယ်တိုင် သွားရောက် လုပ်ကိုင်နိုင်ခြင်း မရှိသည့်အခါ ကိုယ်စားလှယ် လွှဲအပ်ခန့်ထား၍ လုပ်ကိုင် ရသည်များလည်း ရှိလာပေသည်။ ကိုယ်စားလှယ် လွှဲအပ်ခန့်ထားခြင်းနှင့် စပ်လျဉ်းသော ဥပဒေ ပြဌာန်းချက်အချို့ကို တီးမိ ခေါက်မိအောင် ဆွေးနွေး တင်ပြလိုပေသည်။

ကိုယ်စားလှယ် လွှဲသည်ဆိုရာ၌ ကိုယ်စားလှယ် လွှဲသူ (Principal) နှင့် ကိုယ်စားလှယ် လွှဲခံရသူ (Agent)တို့ ရှိပေသည်။
ကိုယ်စားလှယ် လွှဲခံရသူ (Agent) ဆိုသည်မှာ သူတစ်ပါးအတွက် ပြုလုပ်မှု တစ်ခုခု ပြုရန် သို့မဟုတ် အခြားသူများနှင့် ဆက်ဆံရာတွင် သူတစ်ပါးအား ကိုယ်စားပြုရန် စေခိုင်းခြင်းခံရသောသူကို ဆိုပေသည်။ ထိုအမှုကိစ္စကို စေခိုင်းသောသူ သို့မဟုတ် ထိုသို့ ကိုယ်စားပြုခြင်းခံရသော သူအား ကိုယ်စားလှယ်လွှဲသူ (Principal) ဟု ခေါ်ပေသည်။ ယင်းအဓိပ္ပာယ် ဖွင့်ဆိုချက်ကို ပဋိညာဉ် အက်ဥပဒေ ပုဒ်မ ၁၈၂ တွင် ပြဌာန်းထားသည်။

မည်သူက ကိုယ်စားလှယ် လွှဲခွင့်ရှိသည် ဆိုခြင်းနှင့် စပ်လျဉ်း၍ မည်သူမဆို ဥပဒေအရ အရွယ်ရောက်၍ စိတ်ပေါ့သွပ်သူ မဟုတ်လျှှင် ကိုယ်စားလှယ် လွှဲအပ်နိုင်ပေသည်။
မည်သူ့ကို ကိုယ်စားလှယ် လွှဲခွင့်ရှိသည် ဆိုခြင်းနှင့် စပ်လျဉ်း၍ ဥပဒေအရ အရွယ် မရောက်သေးသူနှင့် စိတ်ပေါ့သွပ်သူ တို့မှ လွှဲ၍ မည်သူမဆို ကိုယ်စားလှယ် ဖြစ်နိုင်ပေသည်။
ကိုယ်စားလှယ်လွှဲရန်အတွက် အဘိုးအနား (Consideration) တစ်ခုခု ရှိရန်လည်း မလိုပေ။

ကိုယ်စားလှယ် လွှဲရာတွင် အတိအလင်း လွှဲခြင်း (Expressed) ရှိသကဲ့သို့ လွှဲသည့်သဘော သက်ရောက်သော အခွင့်အာဏာ (Implied) လည်း ရှိသည်။
ကိုယ်စားလှယ်အဖြစ် အတိအလင်း လွှဲခြင်းကို နှုတ်ဖြင့်လည်း လွှဲနိုင်သည်။ စာရေးသား၍လည်း လွှဲအပ်နိုင်သည်။
စပ်ဆိုင်သော အကြောင်းခြင်းရာများမှ ကောက်ယူရန် ဖြစ်လျှင် လွှဲသည့် သဘော သက်ရောက်သော အခွင့်အာဏာ ဖြစ်သည်ဟု ဆိုရပေမည်။
ရန်ကုန်မြို့တွင် နေထိုင်သော A သည် မန္တလေးမြို့ရှိ ဆိုင်တစ်ဆိုင်ကို ပိုင်ဆိုင်ပြီး အခါအားလျော်စွာ သွားရောက် ကြည့်ရှု၏။ ထိုဆိုင်ကို B က စီမံခန့်ခွဲသည်။ ဆိုင်တွင် ရောင်းချရန် ကုန်စည်များကို ပိုင်ရှင် A အမည်ဖြင့် မှာယူပြီး A ကို အသိပေး၍ A ပိုင်ငွေဖြင့် ပေးချေလေ့ရှိသည်။ ယင်းအခြေအနေတွင် B သည် ဆိုင်တွင် ရောင်းချရန် ကုန်စည်များ မှာယူခွင့်ကို ပိုင်ရှင် A ထံမှ အတိအလင်း မရသော်လည်း သဘော သက်ရောက်ချက်အရ ရရှိသည်ဟု မှတ်ယူရမည် ဖြစ်သည်။

ကိုယ်စားလှယ် လွှဲအပ်ခံရသူသည် မည်သည့် အတိုင်းအတာအထိ လုပ်ပိုင်ခွင့်အာဏာ ရှိ မရှိ သိရှိရန် လို်အပ်သည်။
ပြုလုပ်မှု တစ်ခုကို ပြုရန် အခွင့်အာဏာရှိသော ကိုယ်စားလှယ်လွှဲအပ်ခံရသူသည် ထိုပြုလုပ်မှုကို ပြုရန် အလို့ငှာ လိုအပ်သည့် ဥပဒေနှင့် ညီသောအရာ အသီးသီးကို ပြုလုပ်ရန် အခွင့်အာဏာ ရှိသည်။ လုပ်ငန်းတစ်ခုကို ဆောင်ရွက်ရန် အခွင့်အာဏာရှိသော ကိုယ်စားလှယ် လွှဲအပ်ခံရသူသည် ထိုလုပ်ငန်းကိစ္စ အလို့ငှာ လိုအပ်သော သို့မဟုတ် ထိုလုပ်ငန်းကို ဆောင်ရွက်စဉ် အများအားဖြင့် ဆောင်ရွက်သည့် ဥပဒေနှင့် ညီသော အရာအသီးသီးကို ပြုရန် အခွင့်အာဏာ ရှိသည်ဟု ပဋိညာဉ် ဥပဒေပုဒ်မ ၁၈၈တွင် ပြဌာန်းထားသည်။

လန်ဒန်မြို့နေ A က ရန်ကုန်မြို့တွင် ရရန်ရှိသော ကြေွးမြီကို အရ တောင်းခံရန် B ကို စေခိုင်းသည်။ B သည် ထိုကြေွးမြီကို အရ တောင်းခံရန် အလို့ငှာ လိုအပ်သော တရားဥပဒေနှင့် ညီသည့် မည်သည့် နည်းလမ်းကိုမဆို သုံးခွင့်ရှိသည့်အပြင် ထိုကြေွးမြီအတွက် ခိုင်မာသော ပြေစာကိုလည်း ပေးနိုင်သည်။

A သည် မိမိ လုပ်ငန်းဖြစ်သည့် သငေ်္ဘာ တည်ဆောက်ရေးလုပ်ငန်းကို ဆောင်ရွက်ရန် Bအား ကိုယ်စားလှယ် လွှဲအပ်သည်။ B သည် ယင်းလုပ်ငန်းကို ဆောင်ရွက်ရန် အလို့ငှာ သစ်နှင့်အခြား လိုအပ်သော ပစ္စည်းများကို ၀ယ်ယူနိုင်သည့်အပြင် အလုပ်သမားများကိုလည်း ငှားရမ်းနိုင်သည်။

အရေးပေါ်ကိစ္စ (in an Emergency) များတွင် ကိုယ်စားလှယ် လွှဲအပ်ခံရသူ၌ မည်သို့သော အခွင့်အာဏာ ရှိသည်ဆိုခြင်းနှင့် စပ်လျဉ်း၍ ကိုယ်စားလှယ် လွှဲအပ်ခံရသူသည် သာမန် ဉာဏ်အမြော်အမြင် ရှိသူတစ်ဦးက (A Person of Ordinary Prudence) အလားတူ အခြေအနေ၌ မိမိ၏ ကိစ္စတွင် ဆောင်ရွက်မည့် နည်းလမ်းအတိုင်း မိမိကို ကိုယ်စားလှယ်လွှဲသူအား ဆုံးရှုံးစေခြင်းမှ ကာကွယ်ရန် အလို့ငှာ ကိစ္စအရပ်ရပ်ကို ဆောင်ရွက်ရန် အခွင့်အာဏာ ရှိသည်။ (ပဋိညာဉ် ဥပဒေပုဒ်မ ၁၈၉)ဥပမာအားဖြင့် ရောင်းချရမည့် ကုန်စည်များကို အရောင်းကိုယ်စားလှယ်သည် လိုအပ်ပါက ကုန်စည်များကို ပြုပြင်နိုင်သည်။
မော်လမြိုင်မြို့နေ C ထံသို့ ကုန်များကို ချက်ချင်း ပို့ရန် ရန်ကုန်မြို့နေ B ထံသို့ A က ရိက္ခာများ ပို့လိုက်သည်။ သို့သော် ရိက္ခာများသည် မော်လမြိုင်မြို့ထိ ခံမည် မဟုတ်ကြောင်း B က တွေ့ရှိလျှင် ထိုရိက္ခာများကို ရန်ကုန်မြို့တွင်ပင် ရောင်းချနိုင်သည်။

အချို့ကိစ္စများတွင် တစ်ဆင့်ခံ ကိုယ်စားလှယ် လွှဲအပ်ခံရသူ (Sub-Agents) များလည်း ရှိသည်။
သာမန်ကုန်သွယ်မှု ဓလေ့ထုံးစံအရ တစ်ဆင့်ခံ ကိုယ်စားလှယ်ကို စေခိုင်းနိုင်သည် မဟုတ်လျှင် သော်လည်းကောင်း ကိုယ်စားလှယ်လုပ်ငန်း သဘောအရ တစ်ဆင့်ခံ ကိုယ်စားလှယ်ကို စေခိိုင်းရမည် မဟုတ်လျှင်သော်လည်းကောင်း၊ ကိုယ်စားလှယ် လွှဲအပ်ခံရသူသည် မိမိကိုယ်တိုင် ဆောင်ရွက်ရန် အတိအလင်းဖြစ်စေ၊ သဘော သက်ရောက်ချက်အရဖြစ်စေ၊ တာ၀န်ယူသော ကိစ္စများကို ဆောင်ရွက်ရန် အခြားသူ တစ်ဦးအား ဥပဒေအရ စေခိုင်းခြင်း မပြုနိုင်ပေ။ (ပဋိညာဉ် ဥပဒေပုဒ်မ ၁၉၀)
တစ်ဆင့်ခံ ကိုယ်စားလှယ် (Sub-Agent) ဆိုသည်မှာ ကိုယ်စားလှယ်လုပ်ငန်းတွင် မူလကိုယ်စားလှယ်က စေခိုင်း၍ ထိုသူ၏ ထိန်းချူပ်မှုအရ ဆောင််ရွက်သောသူကို ဆိုပေသည်။
တစ်ဆင့်ခံ ကိုယ်စားလှယ်ကို နည်းလမ်းတကျ လွှဲလျှင် အခြားသူများနှင့် သက်ဆိုင်သမျှ တစ်ဆင့်ခံ ကိုယ်စားလှယ်သည် ကိုယ်စားလှယ်လွှဲသူအား ကိုယ်စားပြုပေသည်။ ထို့ပြင် ကိုယ်စားလှယ်လွှဲသူသည် တစ်ဆင့်ခံ ကိုယ်စားလှယ်အား မူလကပင် လွှဲထားဘိသကဲ့သို့ ထိုသူ၏ ပြုလုပ်မှုများအတွက် တာ၀န်ရှိပေသည်။

ကိုယ်စားလှယ်သည် တစ်ဆင့်ခံ ကိုယ်စားလှယ်၏ ပြုလုပ်မှုများအတွက် ကိုယ်စားလှယ်လွှဲသူထံ တာ၀န်ရှိပေသည်။

တစ်ဆင့်ခံ ကိုယ်စားလှယ်သည် မိမိ၏ ပြုလုပ်မှုများအတွက် ကိုယ်စားလှယ်ထံ တာ၀န်ရှိပေသည်။ သို့ရာတွင် လိမ်လည် လှည့်ဖြားသည့် သို့မဟုတ် မတရားမှုကို တမင်ကျူးလွန်သည့် ကိစ္စတွင်မှတစ်ပါး ကိုယ်စားလှယ်လွှဲသူထံ တာ၀န် မရှိပေ။ (ပဋိညာဉ် ဥပဒေပုဒ်မ ၁၉၂)
ကိုယ်စားလှယ်သည် ခွင့်ပြုချက် မရှိဘဲ တစ်ဆင့်ခံ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရန် တစ်ဦး တစ်ယောက်သော သူအား လွှဲအပ်လျှင် ကိုယ်စားလှယ်သည် ထိုသူနှင့် ကိုယ်စားလှယ်လွှဲသူနှင့် ကိုယ်စားလှယ်တို့ကဲ့သို့ ဆက်ဆံသည့် အနေအထားတွင် ရှိသည်။ ထို့ပြင် ကိုယ်စားလှယ်သည် ကိုယ်စားလှယ်လွှဲသူနှင့် အခြားသူနှစ်ဦးလုံးထံ ထိုသူ၏ ပြုလုပ်မှုများအတွက် တာ၀န်ရှိသည်။ ထိုသို့ စေခိုင်းခြင်း ခံရသူသည် ကိုယ်စားလှယ်လွှဲသူအား ကိုယ်စား မပြုပေ။ ကိုယ်စားလှယ်လွှဲသူသည် ထိုသူ၏ ပြုလုပ်မှုများအတွက် တာ၀န် မရှိပေ။ ထိုသူသည်လည်း ကိုယ်စားလှယ် လွှဲသူထံ တာ၀န်ရှိသည် မဟုတ်ပေ။ (ပဋိညာဉ် ဥပဒေပုဒ်မ ၁၉၃)
သို့သော် ကိုယ်စားလှယ်လုပ်ငန်းတွင် ကိုယ်စားလှယ်လွှဲသူအတွက် လုပ်ကိုင်ရန် ခွင့်ပြုချက်ဖြင့် အခြားသူအား ခန့်ထားလျှင် ထိုအခြားသူသည် တစ်ဆင့်ခံ ကိုယ်စားလှယ် မဟုတ်တော့ဘဲ ကိုယ်စားလှယ်လွှဲသူ၏ ကိုယ်စားလှယ် ဖြစ်လာပေသည်။ (ပဋိညာဉ် ဥပဒေပုဒ်မ ၁၉၄)
ကိုယ်စားလှယ်သည် တစ်ဆင့်ခံ ကိုယ်စားလှယ်ကို ကိုယ်စားလှယ်လွှဲသူအတွက် ရွေးချယ်ရာတွင် သာမန်ဉာဏ် အမြော်အမြင်ရှိသူ တစ်ဦးက မိမိကိစ္စတွင် ဆင်ခြင်တိုင်းထွာ ဆောင်ရွက်သည့်အတိုင်း ဆောင်ရွက်ရမည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်လျှင် ထိုသို့ ရွေးချယ်သည့် ကိုယ်စားလှယ်၏ ပြုလုပ်မှုများ သို့မဟုတ် ပေါ့ဆမှုများအတွက် ကိုယ်စားလှယ် လွှဲသူထံတွင် တာ၀န် မရှိပေ။

A သည် ကုန်သည် B အား မိမိအတွက် သငေ်္ဘာတစ်စင်း ၀ယ်ပေးရန် ညွှန်ကြား၏။ B သည် ကောင်းသော ကျော်စောသတင်း ရှိသည့် သငေ်္ဘာ စစ်ဆေးသူ တစ်ဦးအား A အတွက် သငေ်္ဘာ ရွေးချယ်ပေးရန် စေခိုင်း၏။ စစ်ဆေးသူသည် သငေ်္ဘာကို ပေါ့ပေါ့ဆဆ ရွေးချယ်သဖြင့် သငေ်္ဘာသည် ပင်လယ် သွားရန် ခိုင်ခန့်ခြင်း မရှိ၍ ဆုံးရှုံးသွား၏။ B သည် A ထံ တာ၀န် မရှိ။ စစ်ဆေးသူသာ တာ၀န် ရှိသည်။
A သည် ကုန်သည် B ထံ ရောင်းချရန် ကုန်စည်များ ပေးပို့၏။ B သည် A၏ ကုန်စည်များကို ရောင်းချပေးရန် ယုံကြည်လောက်သူ C ကို စေခိုင်း၍ C က ရောင်းရငွေကို ရယူပြီး စာရင်း ရှင်းလင်းခြင်း မပြုဘဲ လူမွဲ ခံယူသွား၏။ B သည် ရောင်းရငွေများအတွက် A ထံတွင် တာ၀န် မရှိပေ။

Agency ကိုယ်စားလှယ်ဖြင့် ဆောင်ရွက်ရာတွင် ကိုယ်စားလှယ်လွှဲခြင်း၊ ကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့် အခွင့်အာဏာများ၊ တစ်ဆင့်ခံ ကိုယ်စားလှယ် (Sub-Agent) လွှဲခြင်း၊ ကိုယ်စားလှယ်၏ တာ၀န်များ၊ တစ်ဆင့်ခံ ကိုယ်စားလှယ်၏ တာ၀န်များနှင့် စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာများကို ကောက်နှုတ် တင်ပြရပါသည်။မိမိတု့ိ၏ စီးပွားရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ စနစ်တကျ လွှဲအပ် လုပ်ကိုင်နိုင်ကြစေရန် စိတ်ရည်သန်၍ ရေးသားတင်ပြလိုက်ရပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *