လူ့ဘ၀ ဇာတ်ခုံပေါ်သို့ ရောက်လာသမျှ လူသားများသည် တစ်ဦးနှင့် တစ်ဦး ကံချင်းမတူကြပါချေ။ ချမ်းသာပြည်စုံသော မိဘများမှ မွေးဖွားသူများ၊ မချမ်းသာ၊ မပြည့်စုံသော်လည်း သားသမီးရတနာကို တန်ဘိုးထားတတ်သော မိဘများမှ မွေးဖွားသူများ ရှိသကဲ့သို့ သားသမီး ရရှိလာခြင်းကို မလိုသော မိဘများလည်းရှိကြသည်။ ကလေး မရနိုင်သဖြင့် ကလေး ရရှိရန် သားဆုပန်ရသော မိဘများ ခေတ်မီဆေးဝါး၊ ဆေးပညာများဖြင့် ကလေးရရှိရန်၊ ကိုယ်၀န်မပျက်စေရန်၊ အရိပ်တကြည့်ကြည့် စောင့်ရှောက်နေရသော မိဘများ ရှိသကဲ့သို့ မွေးလာသော ကလေးကို ရက်ပိုင်းမျှပင် မထားလိုဘဲ စွန့်ပစ်သော မိဘများလည်း ရှိကြသည်။
The Voice ဂျာနယ်၊ အတွဲ ၈၊ အမှတ် ၄၀ စာမျက်နှာ ၂၄တွင် ကလေးစွန့်ပစ်သူ မိခင်နှင့် အဖွား ၂၄နာရီအတွင်း ဖမ်းမိဆိုသော ခေါင်းစဉ်ဖြင့်၊ မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့ တိုင်းဆေးရုံလမ်းသွယ် (၁) ရှိ ဦးကံလှ (ခ) ဦးသိန်းထွန်း၏ နေအိမ်ရှေ့လမ်းနံဘေးတွင် စက်တင်ဘာလ (၂၁) ရက်နေ့ ည (၇း၀၀) နာရီက အသက် ၁၅ ရက်သားခန့်ရှိ မိန်းကလေးတစ်ဦးကို ပလပ်စတစ်ခြင်း အစိမ်းရောင်ဖြင့် စွန့်ပစ်ခဲ့သည့် မိခင်နှင့် အဘွားကို မကွေးမြို့၊ မြို့မ ရဲတပ်ဖွဲ့စခန်းက ၂၄နာရီအတွင်း ဖမ်းမိခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်ဟု သတင်းတစ်ပုဒ် ဖတ်ရှုရသည်။
ကလေးစွန့်ပစ်မှုများကို မကြာခဏ သတင်းစာများတွင် ဖတ်ရှုရမိသည်။ ကလေးစွန့်ပစ်မှုနှင့် စပ်လျဉ်းသော ဥပဒေ ပြဌာန်းချက်ကို အများပြည်သူ သိရှိရန် ရေးသား တင်ပြလိုပေသည်။
အသက်(၁၂)နှစ်အောက် ကလေး၏ အဘက (သို့တည်းမဟုတ်) အမိက သော်လည်းကောင်း ထိန်းသိမ်းသူက သော်လည်းကောင်း ထိုကလေးကို လုံး၀ စွန့်ပစ်ရန် အကြံဖြင့် မည်သည့်နေရာတွင်မဆို စွန့်ပစ်ထားလျှင် ထိုသူကို (၇)နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၁၇ တွင် ပြဌာန်းထားသည်။
မိမိကိုယ်ကို မိမိ မထိိန်သိမ်းနိုင်သည့် အသက်အရွယ် နုနယ်သော ကလေးများ၏ လုံခြုံရေးအတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၁၇ ကို ပြဌာန်းထားခြင်းဖြစ်သည်။ တိတ်တိတ်ပုန်း ရရှိသည့် ကလေးများ၊ ကျေွးမွေး စောင့်ရှောက်ခြင်း မပြုနိုင်သည့် ကလေးများကို မိဘ (သို့မဟုတ်) အုပ်ထိန်းသူက စွန့်ပစ်လေ့ရှိရာ ယင်းစွန့်ပစ်မှုကို ကာကွယ်ရန် ပြဌာန်းထားခြင်းဖြစ်သည်။ မိခင်သည်လည်းကောင်း၊ ဖခင်သည်လည်းကောင်း မွေးစားမိခင်၊ ဖခင်တို့သည်လည်းကောင်း အသက်အရွယ်နုနယ်သည့် ကလေးကို ကျေွးမွေးစောင့်ရှောက်ရန် သဘာ၀အရ တာ၀န်ရှိသည်။ ယင်းတာ၀န်ကို ကလေးစွန့်ပစ်ခြင်းဖြင့် ရှောင်တိမ်း၍ မရနိုင်။
အကယ်၍ စွန့်ပစ်ခြင်းခံရသော ကလေး သေဆုံးသွားပါက စွန့်ပစ်သူသည် လူသတ်မှုဖြစ်စေ၊ ရာဇ၀တ်ပြစ်ဒဏ်ထိုက်သော လူသေမှုဖြင့်ဖြစ်စေ၊ အရေးယူခံရမည်ဖြစ်သည်။
ထိန်းသိမ်းသူဆိုရာတွင် မွေးစားမိဘများ ငယ်ရွယ်သူများအား ထိန်းသိမ်းစောင့်ရှောက်ရန် တာ၀န်ယူထားသည့် ဘော်ဒါ၊ ကျောင်းဆရာ၊ ကလေးဂေဟာမှူးတို့လည်း ပါ၀င်သည်။
စွန့်ပစ်သည်ဆိုရာတွင် ကလေးကို စောင့်ရှောက်မည့်သူ မရှိဘဲ တစ်နေရာရာတွင် စွန့်ပစ်ခဲ့မှသာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၁၇အရ အပြစ်ရှိသည်။ ကလေးကို လူတစ်ဦးတစ်ယောက်ထံ၌ အပ်နှံကာ စွန့်ပစ်ခဲ့လျှင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၁၇ အရ စွန့်ပစ်ရာ မရောက်ပေ။
မိခင် ဖခင်သည် ကလေး၏ အသက်ဘေးအန္တရာယ် ထိခိုက်နိုင်သည်ဆိုသော အချက်ကို လုံး၀ ဂရုမပြုဘဲ လုံး၀ စွန့်ပစ်ရန် အကြံနှင့် ပြုခဲ့လျှင် အပြစ်ရှိသည်။
ကလေးအား အေးမြသည့် ရာသီ၌ အ၀တ်အထည် ပြည့်ပြည့်စုံစုံ မရှိဘဲ စွန့်ပစ်ထား၍ သေဆုံးရခြင်း၊ နေပူထဲတွင် စွန့်ပစ်ထားသောကြောင့် နေလောင်ပြီး သေဆုံးရခြင်းတို့သည် စွန့်ပစ်ထားသည့် အကြောင်းကြောင့် သေဆုံးရခြင်း ဖြစ်သည်။ စွန့်ပစ်ခံရသော ကလေးသည် အာဟာရ ချို့တဲ့ပြီး သေဆုံးရခြင်းမျိုးလည်း ရှိသည်။
အသက်ရှင်လျက် မွေးဖွားသော ကလေးကို စွန့်ပစ်ခြင်း မပြုနိုင်သကဲ့သို့ ကလေးမွေးဖွားကြောင်းကို တမင်ထိန်ချန်၍ မရပေ။
မမွေးဖွားမီဖြစ်စေ၊ မွေးဖွားပြီးနောက်ဖြစ်စေ၊ မွေးဖွားသည့်အတွင်းဖြစ်စေ၊ ကလေးသေဆုံး၍ ထိုကလေး၏ အလောင်းကို တိတ်တဆိတ် မြေမြှပ်ခြင်းဖြင့် သော်လည်းကောင်း၊ အခြားနည်း ဆောင်ရွက်ခြင်းဖြင့် သော်လည်းကောင်း၊ ကလေးမွေးဖွားကြောင်းကို တမင် ထိန်ချန်လျှင် (သို့တည်းမဟုတ်) ထိ်န်ချန်ရန် အားထုတ်လျှင် ထိုသူကို (၂)နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ ချမှတ်ရမည်ဟု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၁၈တွင် ပြဌာန်းထားသည်။
ကလေးသေရသည့် အမှုများတွင် ကလေးအလောင်းကို ဖျောက်ဖျက်နိုင်ပါက အမှုပေါ်ရန် ခက်ခဲမည်ဖြစ်၍ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၁၈ကို ပြဌာန်းခြင်းဖြစ်သည်။ မွေးကာစကလေးကို အလွယ်တကူဖြင့် သေစေနိုင်သည့်အလျောက် သဘာ၀အရ သေဆုံးခြင်း ဟုတ် မဟုတ်၊ တစ်ဦးတစ်ယောက်၏ ပယောဂကြောင့် သေဆုံးရခြင်း ဟုတ်-မဟုတ် သိရှိနိုင်ရန် အလောင်းကို ဖျောက်ဖျက်ခြင်းမှ ကာကွယ်ရန်ဖြစ်သည်။ ကလေး၏ မိဘဆွေမျိုးများသာမက ကလေးမွေးဖွားကြောင်း ထိန်ချန်သူ မည်သူမဆို အပြစ်ရှိသည်။
ကလေးများ မိဘအုပ်ထိန်းသူထံမှ စွန့်ပစ်ခံရခြင်းသည် ကလေးအခွင့်အရေးကို ချိုးဖောက်ခြင်းလည်း ဖြစ်သည်။
ထို့ပြင် ကလေးများ ခိုးယူခံရခြင်း မရှိစေရန် ဥပဒေက အကာအကွယ်ပေးထားသည်။
မည်သူမဆို ဥပဒေနှင့်အညီ အုပ်ထိန်းသူ၏ ထိန်းသိမ်းခြင်းမှ အသက်(၁၄)နှစ်အောက် ယောကျ်ားကလေးကို ဖြစ်စေ၊ အသက်(၁၆)နှစ်အောက် မိန်းကလေးကိုဖြစ်စေ၊ စိတ်ပေါ့သွပ်သူကိုဖြစ်စေ၊ ထိုအုပ်ထိန်းသူက သဘောမတူဘဲ ဆောင်ယူလျှင် (သို့တည်းမဟုတ်) ဖြားယောင်းခြင်းအားဖြင့် ထွက်သွားစေလျှင် ဥပဒေနှင့်အညီ အုပ်ထိန်းသူထံမှ ချီယူရာရောက်ကြောင်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၁ တွင် ပြဌာန်းထားသည်။ ဤသို့ ပြဌာန်းခြင်း၏ ရည်ရွယ်ချက်မှာ အရွယ်မရောက်သေးသူနှင့် စိတ်ပေါ့သွပ်သူများအား အကာအကွယ်ပေးရန် ဖြစ်သကဲ့သို့ ဥပဒေနှင့်အညီ အုပ်ထိန်းသူ၏ အခွင့်အရေးကို မဆုံးရှုံးစေရန် ရည်ရွယ်သည်။
အရွယ်မရောက်သေးသူ (သို့မဟုတ်) စိတ်ပေါ့သွပ်သူကို ခိုးယူရာ၌ တရားခံသည် မွန်မြတ်သောအကြံ (သို့မဟုတ်) ကြံရွယ်ချက်ဖြင့်ပြုသဖြင့် အပြစ်မရှိဟု မဆိုနိုင်။ တရားခံ၌ ရာဇ၀တ်မကင်းသော အကြံရှိရန် မလို။ အုပ်ထိန်းသူ၏ ခွင့်ပြုချက် မရှိဘဲ ခိုးယူလျှင်ပင် အပြစ်ရှိသည်။
အသက်ပြည့်ခြင်း အက်ဥပဒေအရ တရားရုံးမှ အုပ်ထိန်းသူ ခန့်ထားခြင်း မရှိလျှင် အသက် (၁၈)နှစ်အောက်ကလေးကို အရွယ်မရောက်သေးသူအဖြစ် သတ်မှတ်ထားသော်လည်း၊ ကလေးခိုးမှုတွင် အရွယ်မရောက်သေးသူမှာ ယောကျ်ားလေးဖြစ်စေ၊ အသက် (၁၄)နှစ်အောက် ဖြစ်ရမည်။ မိန်းမဖြစ်စေ အသက်(၁၆)နှစ်အောက် ဖြစ်ရမည် ဖြစ်သည်။
အသက် (၁၆)နှစ်အောက် မိန်းမပျို တစ်ဦးအား ခိုးယူမှုတွင် ခိုးယူခံရသည့် မိန်းမပျိုက အသက်ကို လိမ်လည် ပြောဆိုထားသောကြောင့် အသက်ပြည့်ပြီဟု သတ်မှတ် ယုံကြည်ခဲ့သည် ဆိုရုံဖြင့် အပြစ်မှ ကင်းလွတ်ခွင့် မရနိုင်ပေ။ ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် မောင်မိုး(ခ)မောင်သိန်း အမှုစီရင်ထုံး (၁၉၆၆ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ ၁၂၁၄)ကို ရည်ညွှန်းပါသည်။
အရွယ်မရောက်သေးသူ မိန်းကလေးကို ခိုးယူဆက်ဆံပါက ဆက်ဆံသူအနေနှင့် လုံး၀ဥဿုံ တာ၀န်ယူရမည် ဖြစ်သည်။
အရွယ်မရောက်သေးသူ ကလေးအား ထိန်းသိမ်းခြင်းဆိုသည်မှာ ကြည့်ရှုစောင့်ရှောက်ခြင်း အဓိပ္ပာယ် ဆောင်သည်။ သို့ဖြစ်ရာ အရွယ်မရောက်သေးသူ ကလေးအား အုပ်ထိန်းသူ ကိုယ်တိုင် ကြပ်မတ်၍ ထိန်းကျောင်းနေရန် မလိုပေ။ အုပ်ထိန်းသူ၏ ကြည့်ရှုစောင့်ရှောက်မှုအောက်၊ သြဇာလွှမ်းမိုးမှုအောက်တွင် ရှိနေပါက အုပ်ထိန်းသူ၏ ထိန်းသိမ်းခြင်းအောက်တွင် ရှိနေသည်ဟု ယူဆရမည်ဖြစ်သည်။ အရွယ်မရောက်သေးသည့် မိန်းကလေးသည် ရွာဈေးထဲမှ တရားခံ၏ နောက်သို့ လိုက်သွားရာတွင် ထိုမိန်းကလေးသည် အုပ်ထိန်းသူ၏ ထိန်းသိမ်းမှုအောက်၌ပင် ရှိသည်ဟု ဆိုရမည်ဖြစ်၍ ပြစ်မှုမြောက်သည်။
အရွယ်မရောက်သေးသည့် မိန်းကလေးသည် လမ်း၌ တရားခံနှင့် တွေ့၍ မိမိအလိုအလျောက် တရားခံနောက်သို့ လိုက်သွားခြင်းသည် အုပ်ထိန်းသူ၏ ထိန်းသိမ်းမှုအောက်မှ ဆောင်ယူသွားခြင်း ဖြစ်သည်ဟု ဆိုရမည်။
မိန်းကလေးသည် ၄င်း၏ ချစ်သူတရားခံနှင့် ချိန်းဆိုပြီး ၄င်းသဘောအရ ချစ်သူထံသို့ ထွက်သွားခြင်းသည် အုပ်ထိန်းသူ၏ ထိန်းသိမ်းခြင်းအောက်မှ ထွက်သွားစေခြင်း ဖြစ်သည်ဟု ယူဆရမည်ဖြစ်၍ ဥပဒေနှင့်အညီ အုပ်ထိန်းသူထံမှ ခိုးယူမှုအတွက် အပြစ်ရှိကြောင်း မောင်ကျော်နှင့် အစိုးရအမှုစီရင်ထုံး ၁၉၄၇ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ ၅၇တွင် ညွှန်ပြထားသည်။
ဖခင်သည် အလုပ်ကိစ္စ ရှိ၍ သမီးဖြစ်သူအား အခြားဆွေမျိုးတစ်ဦး (သို့မဟုတ်) အိမ်ဖော်နှင့် အပ်နှံကာ ခရီးသွားနေစေကာမူ သမီးသည် ဖခင်၏ ထိန်းသိမ်းမှု အောက်တွင် ရှိနေသည်ဟု ဆိုရပေမည်။
သို့သော် အုပ်ထိန်းသူက အရွယ် မရောက်သေးသူအား စွန့်ပစ်ပြီး အိမ်ပေါ်မှ မောင်းချထားပါက ထိုအရွယ်မရောက်သေးသူသည် အုပ်ထိန်းသူ၏ ထိန်းသိမ်းမှုအောက်၌ ရှိသည်ဟု ဆိုနိုင်မည် မဟုတ်ပေ။
ထို့အတူ အရွယ်မရောက်သေးသူက အုပ်ထိန်းသူထံသို့ ပြန်၍ မမှားရန် စိတ်ပိုင်းဖြတ်ပြီး ထွက်ခွာလာကာ လွတ်လွတ်လပ်လပ် နေထိုင်ခဲ့ကြောင်း ပေါ်ပေါက်နေလျှင် အုပ်ထိန်းသူ၏ ထိန်းသိမ်းမှုအောက်တွင် ရှိနေသေးသည်ဟု ဆိုနိုင်မည် မဟုတ်ပေ။ သို့သော် အုပ်ထိန်းသူက ဆိုဆုံးမသဖြင့် စိတ်ဆိုးပြီး အိမ်မှ ထွက်ပြေးလာသည့် အရွယ်မရောက်သေးသူမှာ အုပ်ထိန်းသူက စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်ဟုလည်းကောင်း၊ အရွယ်မရောက်သေးသူ ကိုယ်တိုင်က အုပ်ထိန်းသူထံသို့ ပြန်၍သွားရန် လုံး၀ ရည်ရွယ်ခြင်း မရှိဟု လည်းကောင်း မဆိုနိုင်၍ အုပ်ထိန်းသူ၏ ထိန်းသိမ်းမှုအောက်တွင် ရှိနေသေးသည်ဟု ဆိုရပေမည်။
ဥပဒေနှင့်အညီ အုပ်ထိန်းသူမရှိသည့် တစ်ကောင်ကြွက် အရွယ်မရောက်သေးသူအား ဆောင်ယူခြင်းသည် ပြစ်မှုမမြောက်။
အရွယ်မရောက်သေးသူအား ထိမ်းမြား လက်ထပ်ခြင်းမှ တားမြစ်သည့် ဥပဒေကို ဆန့်ကျင်၍ လက်ထပ်ပေးခြင်းသည် ဥပဒေနှင့် ဆန့်ကျင်သည်။
မည်သူမဆို တစ်ဦးတစ်ယောက်သောသူအား ဥပဒေနှင့်အညီ အုပ်ထိန်းသူထံမှ ခိုးယူလျှင် ထိုသူကို (၇)နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၃ တွင် ပြဌာန်းထားသည်။
ခြုံ၍ဆိုရလျှင် အရွယ်မရောက်သေးသော ကလေးများအား စွန့်ပစ်ခြင်းသည်လည်းကောင်း၊ အရွယ်မရောက်သေးသော ကလေးများအား ခိုးယူခြင်းသည်လည်းကောင်း ဥပဒေအရ အပြစ်ရှိကြသဖြင့် ကလေးများ၏ အကျိုးကို ၀ိုင်း၀န်းသယ်ပိုးကာ ကလေးများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် လှပသော ကမ္ဘာကြီး တည်ဆောက်နိုင်ရန် စိတ်ရည်သန်၍ ရေးသား တင်ပြလိုက်ပါသည်။