၂၆.၉.၂၀၁၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၀တွင် တရုတ်နိုင်ငံသား ကျပျောက်ခဲ့သည့် ပိုက်ဆံအိတ် ရိုးသားစွာဖြင့် ပြန်လည် ပေးအပ် ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ် ဖတ်ရှုရသည်။
ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် ပင်လယ်ကူး သငေ်္ဘာမှ တရုတ်သငေ်္ဘာသား မစ္စတာ ၀မ်ဟောင်တင်သည် စက်တင်ဘာ ၁၉ ရက် နံနက် ၁၁း၀၀ နာရီက သငေ်္ဘာပေါ်မှ ရန်ကုန်မြို့တွင်းသို့ ကမ်းဆင်းခွင့် လက်မှတ်ဖြင့် လည်ပတ်စဉ် ပိုက်ဆံအိတ် ကျပျောက်ခဲ့ပြီး ပိုက်ဆံအိတ်အတွင်း၌ တရုတ်နိုင်ငံသားကတ်ပြား အပါအ၀င် တရုတ်ယမ်ငွေ အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ စုစုပေါင်း ကာလတန်ဘိုး တစ်သိန်းကျော်ခန့် ပါ၀င်ခဲ့ကြောင်း ထိုပိုက်ဆံအိတ်ကို ပန်းဘဲတန်းမြို့နယ် (၈) ရပ်ကွက်၊ ၂၉လမ်း၊ အမှတ်(၁၃၅)နေ မောင်းလင်းထက်အောင်က ကောက်ယူ ရရှိခဲ့ပြီး ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၈) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ အပ်နှံခဲ့ရာ ရပ်ကွက် အုပ်ချူပ်ရေးမှူးက ပန်းဘဲတန်းမြို့နယ် အထွေထွေ အုပ်ချူပ်ရေးမှူးထံသို့ ဆက်လက် အပ်နှံခဲ့သည်။ မြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အုပ်ချူပ်ရေးမှူးက မြို့နယ် လူ၀င်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ၀န်ထမ်းများနှင့် ပူးပေါင်း၍ ပိုက်ဆံအိတ် ပိုင်ရှင် တရုတ် သငေ်္ဘာသားအား စုံစမ်း ရှာဖွေခဲ့ပြီး စက်တင်ဘာ ၁၉ရက် ညနေ ၅း၀၀ နာရီတွင် ကာယကံရှင် လက်၀ယ်သို့ ပြန်လည် ပေးအပ်ခဲ့ကြောင်း ဖတ်ရှုရပါသည်။ မြန်မာလူမျိုးတို့၏ အတုယူဖွယ်၊ ဂုဏ်ယူဖွယ် စိတ်ဓာတ်၊ ဌာနဆိုင်ရာ ၀န်ထမ်းတို့၏ နေ့ချင်း ပြန်လည် ပေးအပ်နိုင်သည့် လေးစားဖွယ် စိတ်ဓာတ်တို့သည် အများပြည်သူ သာဓု အကြိမ်ကြိမ် ခေါ်ယူကြသည် မဟုတ်ပါလား။ မိိမိ ပိုက်ဆံအိတ် ပြန်မရနိုင်တော့ဟု ယူဆနေချိန်တွင် ပြန်လည် ရရှိသည့် တရုတ် သငေ်္ဘာသား၏ ၀မ်းသာ ပျော်ရွှင်မှုသည် ကမ်ဘာအနှံ့ သတင်းပြန့်တော့မည် မဟုတ်ပါလား။
ဤတွင် အများပြည်သူ သိရှိသင့်သော ဥပဒေ ပြဌာန်းချက်များကို ဗဟုသုတအဖြစ် ရေးသား တင်ပြလိုစိတ် ဖြစ်ပေါ်လာသဖြင့် ရေးသား တင်ပြလိုက်ရပါသည်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၃တွင် မည်သူမဆို ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို မရိုးမဖြောင့်သော သဘောဖြင့် အလွဲသုံးစားပြုလျှင် သို့တည်းမဟုတ် မိမိ၏ ပစ္စည်းအဖြစ် ပြောင်းလဲခြင်းပြုလျှင် ထိုသူကို (၂) နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။
ပစ္စည်းတစ်ခုကို လူတစ်ဦးသည် လမ်းပေါ်၌ မြင်တွေ့သည်။ ထိုပစ္စည်းကို အမည် မသိသော မည်သူမှန်း မသိသော ပစ္စည်းရှင်အတွက် စောင့်ရှောက်ထားရန် အလိုငှာဖြစ်စေ၊ ပစ္စည်းရှင်ကို ပြန်ပေးရန် အလိုငှာဖြစ်စေ၊ ရယူထားလျှင် မရိုးမဖြောင့်သော သဘောနှင့် ရယူြုခင်း မဟုတ်သောကြောင့် အလွဲသုံးစားပြုရာ မရောက်ပေ။
သို့သော် ပစ္စည်း ပိုင်ရှင်ကို သိလျက်နှင့်ဖြစ်စေ ပစ္စည်းပိုင်ရှင်ကို ရှာဖွေ တွေ့ရှိနိုင်သော နည်းလမ်း ရှိလျက်နှင့်ဖြစ်စေ၊ ပစ္စည်းပိုင်ရှင်ကို တွေ့အောင် ရှာဖွေ အကြောင်းကြားရန် အကြောင်း လုံလောက်သော နည်းလမ်းကို သုံး၍ ပိုင်ရှင်က တောင်းဆိုသာအောင် သင့်တော်သော အချိန်ကာလအထိ သိမ်းဆည်းထားခြင်း မပြုမီ မိမိအတွက် သုံးစွဲလျှင် အလွဲသုံးစားပြုရာ ရောက်သည်။
ဆိုလိုသည်မှာ လူတစ်ဦးသည် မိမိပိုင် မဟုတ်သော ပစ္စည်းတစ်ခုကို လမ်းပေါ်မှ ကောက်ရသည်ဆိုယုံဖြင့် မိမိပိုင် ပစ္စည်းအဖြစ် တရား၀င် သုံးစွဲပိုင်ခွင့် မရှိပေ။ ကောက်ရသော ပစ္စည်းသည် တန်ဘိုး နည်းပါးလျှင်မူ အပြစ် မရှိပေ။
ပမာအားဖြင့် လူတစ်ဦးသည် မည်သူ ပိုင်မှန်း မသိသော ငွေ တစ်ကျပ်ကို လမ်းပေါ်၌ တွေ့ရှိ၍ ကောက်ယူခြင်းသည် အပြစ် မရှိပေ။
လူတစ်ဦးသည် ဘဏ်ငွေလက်မှတ်ပါသော စာတစ်စောင်ကို လမ်းပေါ်၌ ကောက်ရ၏။ စာတွင်ပါသော လိပ်စာနှင့် စာသားများကို ထောက်၍ ထိုဘဏ်ငွေလက်မှတ်ကို မည်သူပိုင်ကြောင်း သိလျက်နှင့် သုံးစားလိုက်လျှင် အလွဲသုံးစားမှုအရ အပြစ် ရှိသည်။
မောင်ဖြူသည် မောင်မဲ၏ မိတ်ဆွေဖြစ်၍ မောင်မဲ မရှိခိုက် မောင်မဲ၏ စာကြည့်ခန်း အတွင်းမှ မောင်မဲ သဘောမတူဘဲ စာအုပ် တစ်အုပ် ယူ၏။ မောင်ဖြူသည် မိမိ ဖတ်ရန် ထိုစာအုပ်ကို ယူခြင်း ဖြစ်လျှင် မောင်မဲ သဘောတူရာ ရောက်သည်ဟု ထင်မြင်ပါက အပြစ်မရှိ။ သို့သော် ထိုစာအုပ်ကို မောင်ဖြူသည် မိမိအကျိုးအတွက် ရောင်းစားလျှင် အလွဲသုံးစားပြုရာ ရောက်သည်။
မောင်ဖြူသည် မောင်မဲနှင့်အတူ ပိုင်သော မြင်းတစ်ကောင်ကို ရယူသုံးစွဲခြင်းသည် ၄င်းလည်း သုံးစွဲပိုင်ခွင့် ရှိသဖြင့် မရိုးမဖြောင့်သော သဘောနှင့် အလွဲသုံးစားပြုရာ မရောက်ပေ။ သို့ရာတွင် မောင်ဖြူသည် ထို မြင်းကို ရောင်း၍ ရောင်းရငွေ အားလုံးကို မိမိအတွက် သုံးစွဲလျှင် အလွဲသုံးစားပြုရာ ရောက်သည်။
မောင်ဖြူသည် ငွေပါသော အိတ်တစ်အိတ် မောင်မဲမှ ကျကျန်သည်ကို မြင်လျက် ထိုငွေအိတ်ကို မောင်မဲသို့ ပြန်ပေးရန် ကြံရွယ်၍ ကောက်ယူပြီးနောက်မှ မောင်မဲသို့ ပြန်မပေးဘဲ ထိုငွေကို မိမိအတွက် သုံးစားလျှင် အလွဲသုံးစားမှုအရ အပြစ် ရှိသည်။ ထို့ပြင် မောင်ဖြူသည် ငွေအိတ်ကို ကောက်ရစဉ် မည်သူပိုင်မှန်း မသိသော်လည်း နောင်အခါ မောင်မဲပိုင်ကြောင်း သိပါလျက် ထိုငွေကို မိမိအတွက် သုံးစားလျှင် အလွဲသုံးစားပြုရာ ရောက်သည်။
မောင်ဖြူသည် အဖိုးတန် လက်စွပ် တစ်ကွင်းကို ကောက်ရလျှင် မည်သူပိုင်ကြောင်း မသိပါက လက်စွပ် ပိုင်ရှင်ကို ရှာဖွေရန် အားထုတ်ခြင်း ပြုရမည်။ ထိုသို့ ရှာဖွေရန် အားထုတ်ခြင်း မပြုဘဲ လက်စွပ်ကို ချက်ချင်း ရောင်းချပြီး သုံးစားလိုက်လျှင် အလွဲသုံးစားပြုရာ ရောက်သည်။
သူတစ်ပါး၏ ပစ္စည်းကို ကနဦးက ရိုးသားစွာ ရရှိခဲ့စေကာမူ နောက်ပိုင်း၌ စိတ်အကြံ ပြောင်းလဲကာ ဆက်၍ လက်ရှိ ထားလျှင် သော်လည်းကောင်း၊ အလွဲသုံးစားပြုလျှင်သော်လည်းကောင်း၊ ရာဇ၀တ် မကင်းသော အလွဲသုံးစားမှု ကျူးလွန်ရာ ရောက်သည်။
အဓိကအားဖြင့် အဖိုးတန်ငွေ (သို့မဟုတ်) ပစ္စည်းကို ကောက်ရသူ၏ ပြုလုပ်မှုသည် မရိုးမဖြောင့်သော သဘောရှိ မရှိ သုံးသပ်ရသည်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၄တွင် မတရား ရယူရန် အကြံနှင့်ဖြစ်စေ၊ မတရား ဆုံးရှုံးစေရန် အကြံနှင့်ဖြစ်စေ၊ မည်သူမဆို တစ်ဦးတစ်ယောက်သော သူအားပြုလျှင် ထိုသူသည် မရိုးမဖြောင့်ပြုရာ ရောက်သည်ဟု ပြဌာန်းထားသည်။
တစ်နည်းဆိုရလျှင် မရိုးမဖြောင့်သော အကြံနှင့် မတရားသော နည်းကို အသုံးပြုပြီး ပစ္စည်းကို ရပိုင်ခွင့် မရှိဘဲ ရယူလျှင် မရိုးမဖြောင့် ပြုရာ ရောက်သည်။
ဥပမာအားဖြင့် သတ်သတ်လွတ်စားသူ တစ်ဦးသည် နွားသတ်ရုံမှသတ်မည့်နွားကို အသက်ကယ်ရန် အတင်း၀င်ရောက် လုယူပါက ၄င်း၏ ရည်ရွယ်ချက် မွန်မြတ်သော်လည်း အတင်း ၀င်ရောက်ယူခြင်းသည် တရားသော နည်းလမ်း မဟုတ်၍ မရိုးမဖြောင့် ပြုရာ ရောက်ပေသည်။
မရိုးမဖြောင့်သော သဘော မရှိလျှင် အပြစ် ရှိမည် မဟုတ်ပေ။ ဥပမာ – လူမနေသည့် အိမ်တစ်ဆောင်မှ တိုင်နှင့် တရုတ်ကဒ်များကို စွန့်ပစ်ထားသည်ဟု ယုံကြည်ပြီး ထင်းစိုက်ရန် ယူလျှင် မရိုးမဖြောင့်သည့် သဘောရှိသည်ဟု ဆိုနိုင်မည် မဟုတ်၍ ပြစ်မှု မမြောက်ပေ။
ပစ္စည်းကို အလွဲသုံးစားပြုသည် ဆိုရာတွင် ပိုင်ရှင် မဟုတ်သူက အလွဲသုံးစားခြင်းဖြစ်၍ ပစ္စည်းတွင် ပိုင်ရှင်ရှိရန် လိုသည်။ ပိုင်ရှင် မရှိသည့် ပစ္စည်းကို သုံးစွဲလျှင် မတရား ရယူခြင်း၊ မတရား ဆုံးရှူံးခြင်း ဖြစ်စေနိုင်မည် မဟုတ်သဖြင့် အပြစ် မရှိပေ။
မြစ်၊ ချောင်းထဲတွင် လွတ်လပ်စွာ ကူးသန်းသွားလာနေသည့် ငါးများမှာ ပိုင်ရှင်မဲ့ ပစ္စည်းဖြစ်သည်အလျောက် ထိုငါးများကို သယ်ယူ သုံးစွဲခြင်းသည် အလွဲသုံးစားပြုရာ မရောက်ပေ။
ပိုင်ရှင်က စွန့်ပစ်ထားသော ပစ္စည်းကို ရယူသုံးစွဲခြင်းသည်လည်း အလွဲသုံးစားပြုရာ မရောက်ပေ။
ပိုင်ရှင်က စွန့်ပစ်ခဲ့ခြင်း မဟုတ်ဘဲ မတော်မဆ ပျောက်ဆုံးသွားခြင်းဖြစ်ပါက ထိုပစ္စည်းကို သုံးစွဲသူသည် အလွဲသုံးစားပြုရာ ရောက်သည်။
သို့ဖြစ်၍ ပစ္စည်းတစ်ခုကို ကောက်ရသူသည် ပိုင်ရှင်ရှိ မရှိ စုံစမ်းရန် တာ၀န်ရှိသည်။
ယင်းသို့ စုံစမ်းရန် တာ၀န်သည် တွေ့ရှိသည့် ပစ္စည်း အမျိုးအစားပေါ်၌လည်း တည်လေသည်။ တန်ဘိုး မရှိသည့် ပစ္စည်းကို ကောက်ရလျှင် ထိုပစ္စည်းကို ပိုင်ရှင်က စွန့်ပစ်ခဲ့သည်ဟု ယူဆရန် ရှိသဖြင့် သုံးစွဲခြင်း မပြုမီ ပိုင်ရှင်ရှိ မရှိ စုံစမ်းရန် တာ၀န်ရှိမည် မဟုတ်ပေ။
တန်ဘိုးရှိသည့် ပစ္စည်းဖြစ်ပါမှု ထိုပစ္စည်းကို ပိုင်ရှင်က စွန့်ပစ်ထားသည်ဟု ယူဆခြင်း မပြုနိုင်သဖြင့် ပိုင်ရှင်ရှိ မရှိ စုံစမ်းရန် လိုသည်။ ပိုင်ရှင်တွေ့က ပြန်ပေးနိုင်အောင် သင့်တော်သည့် အချိန်ကာလအထိ ထိန်းသိမ်းထားရန် လိုသည်။ ထိုကဲ့သို့ စုံစမ်းခြင်းသော်လည်းကောင်း၊ သိမ်းဆည်းထားခြင်းသော်လည်းကောင်း မပြုဘဲ သုံးစွဲလျှင် အလွဲသုံးစားပြုရာ ရောက်သည်။
အစုရှင်ပင် ဖြစ်လင့်ကစား အစုစပ်ပိုင် ပစ္စည်းကို အလွဲသုံးစားမှု ကျူးလွန်ရာ ရောက်သည်။ ကောက်ရသော ပစ္စည်းတစ်ခုကို အလွယ်တကူ ရယူသုံးစွဲခြင်း၊ စာကြည့်တိုက်မှ ငှားယူထားသော စာအုပ်များကို တမင်သက်သက် ပြန်မအပ်ဘဲ ကိုယ်ကျိုး သုံးစွဲထားခြင်း၊ မိမိပိုင် ပစ္စည်း မဟုတ်သည်ကို အလွယ်တကူ ရယူသုံးစွဲခြင်း၊ မရိုးမဖြောင့်သော သဘောဖြင့် ခေတ္တမျှ ရယူသုံးစွဲခြင်းတို့သည် အပြစ် ရှိကြသည်။
ဥပဒေကို မသိ နားမလည်၍ ကျူးလွန်မိသည် ဆိုရုံဖြင့် အပြစ်မှ ကင်းလွတ်ခွင့် မရနိုင်။
အထက်တွင် တင်ပြခဲ့သည့်အတိုင်း နိုင်ငံသားတို့၏ ဂုဏ်ကိုဆောင်၍ နိုင်ငံကြီးသားတို့၏ မွန်မြတ်သော စိတ်ဓာတ်ကို မွေးမြူကျင့်ကြံ နေထိုင်နိုင်ကြစေရန်၊ အများပြည်သူ ဥပဒေ ဗဟုသုတ ရရှိစေရန် စိတ်ရည်သန်၍ ရေးသား တင်ပြလိုက်ရပါသည်။