Opinion, Policy & Law

ဖဲ၊ ချဲ နှင့် လောင်းကစား

နိုင်ငံတော်ကြီး ဖွံ့ဖြိုး တိုးတက်အောင် အရှိန်အဟုန်နှင့် ချီတက်နေသော ယခုလို အချိန်ကာလတွင် နိုင်ငံတော်အတွင်းရှိ လူ့စွမ်းအား အရင်းအမြစ်သည် များစွာ အရေးကြီးလှပေသည်။ လူ့စွမ်းအား အရင်းအမြစ်ဆိုရာတွင် ကာယ၊ ဉာဏ စွမ်းအားများ ဖွွံ့ဖြိုးတိုးတက်နေရုံနှင့် မလုံလောက်ဘဲ၊ အကျင့် စာရိိတ္တ မဏ္ဏိုင် ကြံ့ခိုင်ရန်လည်း လိုအပ်ပေသည်။ လူသားတို့၏ အကျင့်စာရိိတ္တကို ပျက်စီး စေတတ်သည့်အပြင် ပြည်သူတို့၏ အကျိုးစီးပွားကို ထိိခိုက် စေတတ်သည်မှာ လောင်းကစားပင် ဖြစ်ပေသည်။ အလုပ်သမားများ လစာ ထုတ်ချိန်၊ တောင်သူလယ်သမားများ စပါးရိတ်သိမ်းပြီးမှ ငွေပေါ်ချိန်တို့တွင် လောင်းကစားတတ်ကြသည်။ ငွေလို၍ လောင်းကစား ကြသော်လည်း၊ ချဲထိုး၍ တဲထိုးရသည်သာ များပေသည်။

လောင်ကစားသည် လူများကို ဆွဲဆောင်သည်။ ထိုးသည့် ငွေထက် ရမည့်ငွေကို အဆများစွာ ပေးထားသည်။ တိကျ သေချာ မရနိုင်သော်လည်း ရနိုင်သည့် အခွင့်အလမ်းများ ပေးထားသည်။ တစ်ကြိမ်ရှုံး၍ မရပါက နောက်တစ်ကြိမ် ရလိမ့်နိုး၊ ရလိမ့်နိုးဖြင့် ဆက်၍ လောင်းကစားခြင်းဖြင့် လှေလှော်ရင်း တက်ကျိုးကြရသည်။ ဘ၀ ပျက်ကြရသည်။ ထောင်ဒဏ် ငွေဒဏ်များ ကျခံကြ ရသည်။ လောင်းကစား ဥပဒေပြဌာန်း၍ ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်နေရခြင်းမှာ တန်ဖိုးရှိသော လူ့စွမ်းအားများကို တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါ၀င်စေလိုပြီး လောင်းကစားခြင်းဖြင့် အချိန်ကုန် မခံစေလို၍ ဖြစ်ပါသည်။

(၂၂.၄.၁၈၉၉)ခုနှစ်တွင် မြန်မာနိုင်ငံတော် လောင်းတမ်းကစားမှု အက်ဥပဒေ (The Burma Gambling Act, 1899)ကို ပြဌာန်းခဲ့သည်။ ယင်း ဥပဒေတွင် ကျွမ်းကျင်မှု လောင်းကစားခြင်း၊ ကံစမ်း လောင်းကစားခြင်း စသည်ဖြင့် လောင်းကစားခြင်းကို နှစ်မျိုး ခွဲထားသည့်အပြင် အကောက်အစား မယူဘဲ လောင်းကစားခြင်းကို ခွင့်ပြုထားသောကြောင့် လည်းကောင်း၊ ပြစ်ဒဏ်အပိုင်းတွင် ထောင်ဒဏ် မပါဘဲ ငွေဒဏ် သက်သက်သာ ချမှတ်လိုက ချမှတ်နိုင်သည့် ပြဌာန်းချက်ကြောင့် လည်းကောင်း၊ ခေတ်အခြေအနေနှင့် လိုက်လျောညီထွေ မဖြစ်တော့သဖြင့် လည်းကောင်း၊ (၂၁.၁၀.၁၉၈၆)နေ့တွင် ၁၉၈၆ ခုနှစ် လောင်းကစားဥပဒေကို ပြဌာန်းခဲ့သည်။
ဥပဒေဟောင်း အရ “လောင်းကစားခြင်း” ဟူသော စကားရပ်တွင် ကျွမ်းကျင်မှု ကစားခြင်း မပါ၀င်ဘဲ ဥပဒေသစ်တွင်မှု ကျွမ်းကျင်မှု ကစားခြင်းကိုလည်း ထည့်သွင်းထားသည်။ “လောင်းကစားအိမ်” ဟူသော စကားရပ်တွင် ဥပဒေဟောင်းအရ အကောက်အစား ယူ၍ လောင်းကစားခြင်းပြုသည့် ဥပဒေကို ရည်ညွှန်းသော်လည်း ဥပဒေသစ်တွင်မူ အကောက်အစား ယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ လောင်းကစားခြင်း ပြုလုပ်သည့် ဥပဒေကို ဆိုလိုပေသည်။ ဥပဒေဟောင်း၌ လောင်းကစားအိမ်သို့ လောင်းကစားရန် အလို့ငှာ ရောက်ရှိနေမှသာ အပြစ်ရှိသော်လည်း ဥပဒေသစ်တွင်မူ လောင်းကစားအိမ်သို့ ရောက်ရှိ နေရုံမျှဖြင့် ပြစ်မှုကျူးလွန်ရာ ရောက်နိုင်ပါသည်။
လောင်းကစားခြင်း ဆိုသည်မှာ ကံစမ်းကစားခြင်း၊ ကျွမ်းကျင်မှု ကစားခြင်း တစ်ခုခုတွင် ပါ၀င်ပြီး ငွေကြေးအတွက်လည်းကောင်း၊ ငွေကြေးတန်ဖိုးရှိသော သို့မဟုတ် ငွေကြေးတန်ဖိုးအဖြစ် လွှဲပြောင်း သတ်မှတ်ရန် သဘောတူပြီးဖြစ်သော ပစ္စည်း တစ်စုံတစ်ရာအတွက် လည်းကောင်း၊ အကောက်အစား ယူသည် ဖြစ်စေ၊ မယူသည် ဖြစ်စေ၊ လောင်းကစားခြင်းကို ဆိုသည်။

(၁၉၈၆ ခုနှစ် လောင်းကစား ဥပဒေပုဒ်မ ၂ (က))

လောင်းကစားအိမ် ဆိုသည်မှာ လောင်းကစားခြင်း ပြုလုပ်သည့်အိမ်၊ အဆောက်အအုံ၊ ကာရံထားသော နေရာ၊ ၀င်း၊ ခြံ၊ အခန်း၊ ယာဉ် တစ်ခုခုကို ဆိုသည်။ (၁၉၈၆ ခုနှစ် လောင်းကစားဥပဒေပုဒ်မ ၂ (ဂ))

လောင်းကစား ကိရိယာဆိုသည်မှာ လောင်းကစား ပြုလုပ်ရာ၌ အသုံးပြုသော ဖဲ၊ အန်စာ၊ မာကျောက်၊ တိုကင်၊ ဒင်္ဂါး၊ ဇယ်ပြား၊ ကစားခုံ၊ ကစားခွက်၊ ဇယား၊ ကားချပ်၊ သေတ္တာ၊ ပုံစံ၊ လက်မှတ်၊ စာရင်း၊ လောင်းကစားခြင်းအတွက် ကြံစည် ပြုလုပ်ထားသော သို့မဟုတ် အသုံးပြုနိုင်သော အခြားအရာများ လောင်းကစားခြင်း၌ အသုံးပြုသော တိရစ္ဆာန်၊ ယာဉ် ကို ဆိုသည်။
(၁၉၈၆ ခုနှစ် လောင်းကစား ဥပဒေပုဒ်မ ၂ (ဃ))

အများပြည်သူနှင့် ဆိုင်သောနေရာ ဆိုသည်မှာ မည်သူမဆို ၀င်ထွက်သွားလာနိုင်သော လမ်း သို့မဟုတ် နေရာကို ဆိုသည်။
(၁၉၈၆ ခုနှစ် လောင်းကစားဥပဒေပုဒ်မ ၂ (င))

အများပြည်သူနှင့် ဆိုင်သောနေရာတွင် လောင်းကစားခြင်း ပြုလုပ်ပါက ၀ရမ်းမပါဘဲ ဖမ်းဆီးနိုင်သည်။ လောင်းကစားအိမ်သို့ ၀င်ရောက် ရှာဖွေပါက ဝါရမ်းပါမှ ဖမ်းဆီးနိုင်ပေသည်။
၁၉၈၆ ခုနှစ် လောင်းကစား ဥပဒေပုဒ်မ ၇ အရ မည်သူမျှ အများပြည်သူနှင့် ဆိုင်သော နေရာတွင်

(က) လောင်းကစားခြင်း ပြုလုပ်ရန် လောင်းကြေး တောင်းခံ စုဆောင်းခြင်း မပြုရ၊

(ခ) လောင်းကစားခြင်း၊ လောင်းကစားရန် အားပေးကူုညီခြင်း၊ သို့မဟုတ် တိရစ္ဆာန်ချင်း တိုက်ခြင်း၊ တိရစ္ဆာန်ချင်း တိုက်ရာတွင် အားပေးကူညီခြင်း၊ လူစုခြင်း၊ လှု့ံဆော်ခြင်း မပြုရ။

(ဂ) မည်သည့် အားကစားပွဲ သို့မဟုတ် လေ့ကျင့်ပွဲ၌မဆို လောင်းကစားရန် တစ်နည်းနည်းဖြင့် အားပေးကူညီခြင်း၊ လှုံ့ဆော်ခြင်း မပြုရပေ။

ထိုသို့ ပြုလုပ်ပါက ၁၉၈၆ ခုနှစ် လောင်းကစား ဥပဒေပုဒ်မ ၁၂ (က)အရ အနည်းဆုံး
ထောင်ဒဏ်(၃) လမှ အများဆုံး ထောင်ဒဏ် (၆)လထိ သို့မဟုတ် ထိုထောင်ဒဏ်နှင့် ငွေဒဏ် ကျပ်(၅၀၀)ထိ ချမှတ်ခြင်း ခံရမည့်ပြင် ပြစ်မှုနှင့် ဘဏ္႑ာအဖြစ် သိမ်းဆည်းခြင်း ခံရမည် ဖြစ်သည်။
၁၉၈၆ ခုနှစ် လောင်းကစား ဥပဒေပုဒ်မ ၈ အရ မည်သူမျှ လောင်းကစားအိမ်တွင်

(က) လောင်းကစားခြင်း မပြုရ။

(ခ) ရောက်ရှိနေခြင်း မရှိစေရပေ။

ယင်းပြဌာန်းချက်ကို ကျူးလွန်ပါက (၁၉၈၆)ခုနှစ် လောင်းကစား ဥပဒေပုဒ်မ ၃ (က)အရ အနည်းဆုံး ထောင်ဒဏ် (၆)လမှ အများဆုံး ထောင်ဒဏ် (၁)နှစ်အထိ သို့မဟုတ် ထိုထောင်ဒဏ်နှင့် ငွေဒဏ် ကျပ်(၁၀၀၀)ထိ ချမှတ်ခြင်း ခံရမည့်ပြင် ပြစ်မှုနှင့် အကျိုး၀င်သော သက်သေခံပစ္စည်းနှင့် ငွေကို ပြည်သူ့ဘဏ္႑ာအဖြစ် သိမ်းဆည်းခြင်း ခံရမည်။
(၁၉၈၆)ခုနှစ် လောင်းကစား ဥပဒေပုဒ်မ ၉ အရ မည်သူမျှ

(က) လောင်းကစားအိမ် ဖွင့်လှစ်ခြင်း သို့မဟုတ် ထိုသို့ ဆောင်ရွက်ခြင်းကို တစ်နည်းနည်းဖြင့် အားပေးကူညီခြင်း မပြုရ။

(ခ) လက်၀ယ်ရှိသော သို့မဟုတ် အသုံးပြုခွင့် ရသော အိမ် အဆောက်အအုံ ကာရံထားသော အိမ်အဖြစ် ဖွင့်လှစ်ရန် သို့မဟုတ် တည်ထောင်ရန် သို့မဟုတ် အသုံးပြုရန် ခွင့်မပြုပေ။

ယင်းပြဌာန်းချက်ကို ကျူးလွန်ပါက (၁၉၈၆)ခုနှစ် လောင်းကစား ဥပဒေပုဒ်မ ၁၄ အရ အနည်းဆုံးထောင်ဒဏ် (၁)နှစ်မှ အများဆုံး ထောင်ဒဏ် (၃)နှစ်အထိ သို့မဟုတ် ထိုထောင်ဒဏ်နှင့် ငွေဒဏ်အနည်းဆုံး ကျပ်(၁၀၀၀)မှ အများဆုံးကျပ်(၅၀၀၀)အထိ ချမှတ်ခြင်း ခံရမည့်ပြင် ပြစ်မှုနှင့် အကျုံး၀င်သော သက်သေခံပစ္စည်းနှင့် ငွေကို ပြည်သူ့ဘဏ္႑ာအဖြစ် သိမ်းဆည်းခြင်း ခံရမည်ဖြစ်သည်။

(၁၉၈၆)ခုနှစ် လောင်းကစား ဥပဒေပုဒ်မ ၁၀ အရ မည်သူမျှ

(က) ခွင့်ပြုချက်မရှိဘဲ ထီ သို့မဟုတ် ထီကဲ့သို့ အခြား ကံစမ်းကစားနည်း တစ်ခုခုတွင် စီမံခန့်ခွဲသူအဖြစ် လည်းကောင်း၊ လောင်းကြေး လက်ခံသူအဖြစ် လည်းကောင်း၊ ဒိုင် အဖြစ် လည်းကောင်း၊ ဆောင်ရွက်ခြင်း သို့မဟုတ် ထိုသို့ ဆောင်ရွက်ခြင်းကို တစ်နည်းနည်းဖြင့် အားပေးကူညီခြင်း မပြုရ။

(ခ) ပုဒ်ခွဲ (က)ပါ ကစားနည်း တစ်မျိုးမျိုးကို အကြောင်းပြု၍ ငွေကြေး အကျိုးအမြတ် ရယူခြင်း မပြုရ။

(ဂ) ပုဒ်မခွဲ (က)ပါ ကစားနည်း တစ်မျိုးမျိုးတွင် ပါ၀င် လောင်းကစားခြင်း မပြုရ။

ယင်းပြဌာန်းချက် ပုဒ်မ ၁၀(က) သို့ (ခ)ကို ကျူးလွန်ပါက (၁၉၈၆)ခုနှစ် လောင်းကစားဥပဒေ ပုဒ်မ ၁၅ အရ အနည်းဆုံး

ထောင်ဒဏ် (၃)နှစ်အထိ သို့မဟုတ် ထိုထောင်ဒဏ်နှင့် ငွေဒဏ် အနည်းဆုံး ကျပ်(၁၀၀၀)မှ အများဆုံး
ကျပ်(၅၀၀၀)ထိ ချမှတ်ခြင်း ခံရမည့်အပြင် ပြစ်မှုနှင့် အကျုံး၀င်သော သက်သေခံ ပစ္စည်းနှင့် ငွေကို ပြည်သူ့ဘဏ္႑ာအဖြစ် သိမ်းဆည်းခြင်း ခံရမည်ဖြစ်သည်။
ယင်းပြဌာန်းချက်ပုဒ်မ ၁၀ ပုဒ်မခွဲ (ဂ) ကို ကျူးလွန်ပါက (၁၉၈၆)ခုနှစ် လောင်းကစား ဥပဒေ
ပုဒ်မ ၁၆ အရ အနည်းဆုံး ထောင်ဒဏ်(၆)လမှ အများဆုံး ထောင်ဒဏ် (၁)နှစ်အထိ သို့မဟုတ် ထိုထောင်ဒဏ်နှင့် ငွေဒဏ် ကျပ်(၁၀၀၀)ထိ ချမှတ်ခြင်း ခံရမည့်ပြင် ပြစ်မှုနှင့် အကျုံး၀င်သော သက်သေခံ ပစ္စည်းနှင့် ငွေကို ပြည်သူ့ဘဏ္႑ာအဖြစ် သိမ်းဆည်းခြင်း ခံရမည်ဖြစ်သည်။

(၁၉၈၆)ခုနှစ် လောင်းကစား ဥပဒေပုဒ်မ (၁)အရ မည်သူမျှ လောင်းကစားရန် ငွေချေးခြင်း သို့မဟုတ် ငွေကြေး ထောက်ပံ့ခြင်း မပြုရ။ ယင်းပြဌာန်းချက်ကို (၁၉၈၆)ခုနှစ် လောင်းကစား ဥပဒေ ပုဒ်မ (၁၇)အရ ထောင်ဒဏ် (၁)နှစ်မှ အများဆုံး ထောင်ဒဏ် (၃)နှစ်အထိ သို့မဟုတ် ထိုထောင်ဒဏ်နှင့် ငွေဒဏ် အနည်းဆုံး ကျပ်(၁၀၀၀)မှ အများဆုံး ကျပ်(၅၀၀၀)ထိ ချမှတ်ခြင်း ခံရမည့်ပြင် ပြစ်မှုနှင့် အကျုံး၀င်သော ငွေကို ပြည်သူ့ဘဏ္႑ာအဖြစ် သိမ်းဆည်းခြင်း ခံရမည်ဖြစ်သည်။

ယခုအခါ ချဲထီ လောင်းကစားခြင်းများ ရှိမြဲရှိနေ ကြပေသေးသည်။ ချဲ ထီ ဒိုင်၊ ဒိုင်ခွဲ များသည် ဖမ်းဆီးရမိပါက အနည်းဆုံး ထောင်ဒဏ် (၁)နှစ် ချမှတ် ခံရမည်ဖြစ်သကဲ့သို့ ချဲထီထိုးသူများသည် အနည်းဆုံး ထောင်ဒဏ်
(၆)လ ချမှတ်ခံရမည် ဖြစ်သည်ကို သိရှိနားလည်ပြီး ချဲဆိုလျှင် ေ၀းေ၀းမှ ရှောင်ကြရမည် ဖြစ်သည်။
ဖဲ၊ မာကျောက်၊ စသော လောင်းကစား ပြုလုပ်နေသည့် နေအိမ် အဆောက်အအုံ သာမက ယင်းနေအိမ် တည်ရှိသည့် ၀င်းခြံကိုပါ လောင်းကစားအိမ်ဟု သတ်မှတ်ထားသဖြင့်၊ ယင်းနေအိမ် ၀င်းခြံအတွင်း ရောက်ရှိနေယုံမျှနှင့် အပြစ်ရှိသဖြင့် ယင်းနေအိမ်မျို်းကို ေ၀းေ၀းက ရှောင်ကြ ရပေမည်။

ကြက်တိုက် လောင်းကစားခြင်းသည်လည်း လောင်းကစားမှုပင် ဖြစ်သည်။ ကြက်တိုက် လောင်းကစားနေခြင်းကို ဝါသနာပါ၍ လည်းကောင်း၊ အမှတ်တမဲ့ လည်းကောင်း ၀ိုင်းအုံကြည့်ရှုနေခြင်း အားပေးခြင်း၊ လက်ခုပ် လက်ဝါးတီးခြင်း မပြုအပ်ပေ။ ေ၀းေ၀းက ရှောင်ရမည်သာ ဖြစ်သည်။

ဘုရားပွဲခင်းများတွင် အံစာတုံး လောင်းကစား၀ိုင်း တစ်ချို့တွေ့ရတတ်သည်။ အံစာတုံး၊ ကြက်၊ ဆင်၊ ပုစွန်၊ လိပ်၊ ငါး၊ ကျားရုပ် စသည်ပါရှိသော ပလပ်စတစ်စ တို့သည် လောင်းကစားပစ္စည်းများ ဖြစ်သဖြင့် ယင်းအံစာတုံး လောင်းကစား၀ိုင်းများကိုလည်း ေ၀းေ၀းက ရှောင်ကြရပေမည်။

ထို့ပြင် လောင်းကစားအိမ်၌ လည်းကောင်း၊ ထိုအိမ်၌ ရောက်ရှိနေသူတို့၏ ကိုယ်ပေါ်တွင် လည်းကောင်း၊ လောင်းကစား ကိရိယာ တစ်ခုခုကို တွေ့ရှိလျှင် ၀င်ရောက် ရှာဖွေနေသူတို့က လောင်းကစားနေသည်ကို မတွေ့မြင်စေကာမူ လောင်းကစားအိမ် အဖြစ် အသုံးမပြုကြောင်း သို့မဟုတ် လောင်းကစားရန် ရောက်ရှိနေကြခြင်း မဟုတ်ကြောင်း ထိုအိမ်၌ ရောက်ရှိနေကြသူများက သက်သေထင်ရှား မပြနိုင်လျှင် လောင်ကစားအိမ်အဖြစ် အသုံးပြုသည်ဟု လည်းကောင်း၊ ထိုသူများသည် လောင်းကစားရန် ရောက်ရှိနေကြသူများ ဖြစ်သည်ဟု လည်းကောင်း၊ မှတ်ယူရမည်ဖြစ်ကြောင်း (၁၉၈၆)ခုနှစ် လောင်းကစား ဥပဒေ ပုဒ်မ ၁၈ တွင် ပြဌာန်းထားသဖြင့် ဥပဒေအရ အရေးယူခြင်း မခံရအောင် ရှောင်ကြည်ရပေမည်။

စာရိိတ္တမဏ္႑ိုင် ယိမ်းယိုင်စေသော လောင်းကစားခြင်းကို မပြုလုပ်မိကြစေရန် စိတ်ရည်သန်၍ ရေးသားတင်ပြလိုက်ရပါသည်။

Related Posts