Opinion, Policy & Law

လူသေမှုအကြောင်း သိကောင်းစရာ

ဒေ၀ူးရေနံနှင့် သဘာ၀ဓာတ်ငွေ့ ထုတ်လုပ်ရေး ကုမ္ပဏီမှ အမေရိကန်နိုင်ငံသားတစ်ဦး မီကာဆာဟိုတယ်၌ တည်းခိုနေစဉ်တွင် ပြင်ပဒဏ်ရာ မရှိဘဲ စက်တင်ဘာ ၃၀ရက်က ထူးဆန်းစွာ သေဆုံးနေသည့် ဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ယင်းသည် ဒေ၀ူးရေနံနှင့် သဘာ၀ဓာတ်ငွေ့ ထုတ်လုပ်ရေး ကုမ္ပဏီမှ တွင်းတူးအင်ဂျင်နီယာဖြစ်ပြီး အသက် ၅၉ နှစ် ဖြစ်ကာ ယင်းနေ့ နေ့လည် ၂ နာရီ အချိန်၌ ဘောင်းဘီအတို အနက် ၀တ်ဆင်လျှက် ပက်လက်အနေအထားဖြင့် ပြင်ပ ဒဏ်ရာ တစ်စုံတစ်ရာ မရှိဘဲ သေဆုံးနေခြင်းဖြစ်ကြောင်း အလောင်းကို ရန်ကုန်ဆေးရုံကြီး ပို့လိုက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးနေကြောင်း၊ ရန်ကင်း ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၆/၁၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၈)၊ အမှတ်(၃၈) တွင် ဖော်ပြထားသည်ကို ဖတ်ရှုရသည်။
လူ့အသက်သည် တောင်လို မြင့်မားပါသည်။ ချမ်းသာမှုသည် ပင်လယ်သမုဒ္ဒရာနှယ်၊ အပြောကျယ်ပါသည်။ လူ့အသက်ကို ဉာဏ်စောင့်ပါသည်။
ကိစ္စများမြောင်၊ လူတု့ိဘောင်၀ယ်၊ စား၀တ်နေရေးအတွက် နေ့စဉ် သွားလာ လှုပ်ရှားနေကြသော လူသားအားလုံးအတွက် အရေးအကြီးဆုံးသည် ကျန်းမာရေး ဖြစ်ပါသည်။ ကျန်းမာမှ အလုပ် လုပ်နိုင်မည်။ စိတ်ရွှင်လန်း ပျော်ရွှင်နိုင်မည် မဟုတ်ပါလား။

အသက်အရွယ် ငယ်ရွယ်သူ၊ လူငယ်၊ လူလတ် အများစုအနေနှင့် ကျန်းမာရေးသည် အဓိကဆိုခြင်းကို သိကြသော်လည်း ကျန်းမာရေး ကောင်းမွန်အောင် နေ့တဓူ၀ ကျင့်ကြံပြုမူသည့် နေထိုင်မှုပုံစံ အားနည်းကြသည်။ နံနက်စောစော လမ်းလျှောက်ခြင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့တွင် မှန်မှန် မလုပ်ချင်ကြပေ။ Living Standard မြင့်မားသော လူ့အဖွဲ့အစည်း တစ်ရပ်သည် အသိဉာဏ်ပညာ အမြော်အမြင် မြင့်မားသည့်အလျောက် မိမိကိုယ်ကို ကျန်းမာရေးကို ပိုမို ဂရုစိုက်တတ်ကြရပေမည်။ ပျင်းရိ လေးတွဲ အိပ်စက် နေခြင်းထက် အချိန်မှန်အိပ် အချိန်မှန် စားကာ ကျန်းမာရေး လေ့ကျင့်ခန်းများ ပြုလုပ်သင့်ကြသည်။ စားကောင်းသော အစာများကို ရွေးချယ် စားသုံးခြင်းထက် ဗီတာမင် ပြည့်၀သော ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက်များကို ရွေးချယ် စားသုံးသည့် ပုံစံသို့ ပြောင်းလဲကြရပေမည်။

ဆေးလိပ်နှင့် အရက်သည် ကျန်းမာရေးနှင့် မညီညွတ်ပါဟု သိလျက်နှင့် သုံးစွဲနေသူသည် ခေတ်နှင့် လျော်ညီသော အသိဉာဏ်ပညာ ဆင်ခြင်တုံတရားနှင့် ပြည့်စုံသူ တစ်ဦးဟု ဆိုနိုင်မည် မဟုတ်ပေ။
မိမိ ဂုဏ်အဆင့်အတန်းကို မိမိ ပြုမူနေထိုင်သည့် လူမှုပုံစံနှင့် တိုင်းတာသင့်သည်။ ကျန်းမာလျှင် ချမ်းသာလာမည် မဟုတ်လား။

ကျန်းမာရေး ချို့ ယွင်းလာလျှင် သေခြင်းတရားသည် အနီးတွင်ပင် ရှိနေသည်ကို မမေ့လျော့အပ်ပေ။ တစ်ချို့က ပြောကြသည်။ သေသွားတာက ကောင်းသည်၊ ေ၀ဒနာ ခံစားနေရတာက ပိုဆိုးသည်ဟု။ ယင်းသို့ မဖြစ်ရလေအောင်၊ နောင်မှ နောင်တ မရကြရလေအောင် ယခုကတည်းက ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင် စားသောက်မှု ပုံစံသို့ ပြောင်းလဲကြရမည် မဟုတ်ပါလား။
လူတစ်ယောက် သေပြီဆိုလျှင် ဘာကြောင့် သေတာလဲ၊ ဘာရောဂါကြောင့်လဲ၊ ဘယ်ဆရာ၀န်နဲ့ မပြဘူးလား၊ အို-နှမြောဖို့ကောင်းလိုက်တာ၊ မသေသင့်သေးဘူး၊ ပြောကြသည်။ ဘာထူးတော့ပါမည်နည်း။ သေပြီးသူ ပြန်ရှင်လာပါမည်လား။ ဤကမ္ဘာမြေပေါ်၀ယ် နောက်ထပ် ဒီလူ၊ ဒီကိုယ်ခန္ဓာကို တွေ့နိုင်ပါဦးမည်လား။ အသိတွေ သတိတွေ ရှိသင့်ကြလေပြီ။
လူတစ်ယောက် သေလျှင် ဓမ္မတာအလျောက် သေခြင်းလား၊ ဓမ္မတာ မဟုတ်သော သေခြင်းလား ဆန်းစစ်ကြရသည်။
ဓမ္မတာအလျောက် သေခြင်းဆိုသည်မှာ ၉၆ ပါးသော ရောဂါေ၀ဒနာကြောင့် မိမိ ဓမ္မတာသဘော သေနေ့စေ့၍ သေဆုံးရခြင်းကို ဆိုသည်။
မိမိဓမ္မတာသဘော သေနေ့စေ့၍ သေဆုံးခြင်း မဟုတ်ဘဲ နှိပ်စက် ညှင်းပန်းခံရ၍ဖြစ်စေ၊ တစ်နည်းနည်း ရန်ပြုခံရ၍ ဖြစ်စေ၊ အဆိပ်မိ၍ဖြစ်စေ၊ ကားတိုက်ခံရ၍ဖြစ်စေ သေဆုံးလျှင် ဓမ္မတာ မဟုတ်သော သေခြင်းဟု ဆိုရပေမည်။

မြန်မာနို်င်ငံ ရဲတပ်ဖွဲ့မှ သေမှု သေခင်း ဖွင့်လှစ်၍ စုံစမ်း စစ်ဆေးပြီးနောက် တရားစွဲဆို တင်ပို့လာသောအခါ၊ စီရင်ပိုင်ခွင့် ရှိသော မြို့နယ်တရားရုံးသည် ရာဇ၀တ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၇၄ (၁) အပိုဒ် (က) အရ မိမိကိုယ်ကို သေကြောင်း ကြံစည်၍ သေဆုံးခြင်း ဟုတ်မဟုတ်၊ အပိုဒ် (ခ) အရ အခြားသော ပုဂ္ဂိုလ်(သို့မဟုတ်)တိရစ္ဆာန်ကြောင့် (သို့မဟုတ်) စက်ကိရိယာကြောင့် မတော်တဆ သေဆုံးခြင်း ဟုတ် မဟုတ်၊ အပိုဒ်(ဂ)အရ အခြားသူ ပြစ်မှု ကျူးလွန်သည်ဟု သင်္ကာမကင်းသော ပြုလုပ်မှုကြောင့် သေဆုံးခြင်း ဟုတ် မဟုတ် သေဆုံးရခြင်း အကြောင်းခြင်းရာတု့ိကို မေးမြန်းစုံထောက်ရသည်။ အလောင်းကို ခွဲစိတ် စစ်ဆေးခဲ့သူ ဆရာ၀န်ကို စစ်ဆေးခြင်း လိုအပ်ပါက အလောင်းကို ဖော်၍ ဆရာ၀န် အကူအညီဖြင့် စစ်ဆေးခြင်းများ ပြုကြရသည်။ တန်ဘိုးရှိလှသော လူ့အသက် တစ်ချောင်း မည်သည့် အကြောင်းကြောင့် ဆုံးပါးရခြင်းကို တာ၀န်ရှိသူတို့က စုံစမ်း ဖော်ထုတ်ရန် ဥပဒေတွင် ပြဌာန်းထားသည်။

လူတစ်ယောက် သေလျှင် လူသေမှု ဖြစ်သည်။ လူသေမှုတွင် သာမန် လူသေမှုနှင့် ဥပဒေနှင့် ငြိစွန်းသော လူသေမှု ဟူ၍ ရှိသည်။
လူသေတိုင်း သေစေသူတွင် အပြစ်ရှိသည် မဟုတ်ပေ။ ယင်းဥပဒေ ပြဌာန်းချက်များကို အများပြည်သူ သိရှိထားသင့်သည်။
ဥပဒေနှင့်ညီသော ပြုလုပ်မှုကို ဥပဒေနှင့်ညီသော နည်းလမ်းအတိုင်း၊ ဥပဒေနှင့်ညီသော အပြုအမူဖြင့် သတိ ကောင်းစွာ ထား၍ ပြုရာတွင် မတော်တဆ (သို့မဟုတ်) ကံဆိုး၍ ပြုရာတွင် ပြစ်မှု မကင်းသော အကြံ (သို့မဟုတ်) အသိဉာဏ် မရှိဘဲနှင့် ပြုသော ပြုလုပ်မှုသည် အပြစ်မရှိဟု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၈၀ တွင် ပြဌာန်းထားသည်။
လူတစ်ယောက်သည် ပုဆိန်တစ်လက်နှင့် ထင်းခွဲနေရာ၊ ပုဆိန်ခေါင်း ကျွတ်ပြီး အနီးရှိလူ တစ်ဦးကို ထိမှန် သေဆုံးလျှင် ထားသင့်သော သတိနှင့်ပြုပါက ထင်းခွဲနေသူတွင် အပြစ်ရှိသည်ဟု မဆိုနိုင်။
ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ၊ သတိကြီးစွာ ထားပါလျှက် လုံး၀ မမျှော်လင့်ဘဲ ဖြစ်ပွားရခြင်းသည် မတော်တဆ ကံဆိုး၍ ဖြစ်ရခြင်း ဖြစ်သည်။
စည်းကမ်းနှင့်အညီ လက်ေ၀့ှကြိုး၀ိုင်းအတွင်း လက်ေ၀့ှထိုးစဉ် လက်ေ၀့ှသမားတစ်ဦး၏ ဦးခေါင်းကို လက်သီးထိ၍ သေဆုံးလျှင် ယင်းလက်ေ၀့ှထိုးခြင်းသည် ဥပဒေနှင့်ညီသော ပြုလုပ်မှုဖြစ်၍ ပြစ်မှု မမြောက်ပေ။
တောထဲ၌ အမဲလိုက်ရင်း တောကောင်ကို သေနတ်နှင့်တစ်ချက်ပစ်ရာ တောထဲတစ်နေရာ၌ ပဒတ်တူးနေသူကို ထိမှန်ပြီး သေဆုံးရာတွင် တောထဲ၌ အမဲလိုက်စဉ် တောကောင်ကို သေနတ်နှင့် ပစ်ခြင်းသည် ဥပဒေနှင့် မညီသော ပြုလုပ်မှုဟု မဆိုနိုင်သည့်အပြင်၊ ပဒတ်တူးနေသူအား သေစေရန် ရာဇ၀တ်မကင်းသောအကြံ (သို့မဟုတ်) အသိဉာဏ်နှင့် ပြုလုပ်ခြင်း မဟုတ်၍ အပြစ်မရှိဟု မောင်စန်းမောင်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံအမှုစီရင်ထုံး (၁၉၆၆ မြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ ၆၂၉)တွင် ညွှန်ပြထားသည်။

အကယ်၍ ကျူးလွန်သူသည် အသက် (၇) နှစ်အောက် ကလေး ဖြစ်ပါမူ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၈၂ အရ ပြစ်မှု မမြောက်ပေ။ အသက် (၇)နှစ်အောက် ကလေးသည် အဆိုး၊ အကောင်း၊ အမှန်၊ အမှားကို ေ၀ဖန်ခွဲခြားနိုင်သည့် အရွယ် မဟုတ်၍ ကင်းလွတ်ချက်ကို ပြဌာန်းထားခြင်းဖြစ်သည်။

ထို့ပြင် ပြုစဉ်အခါက မိမိပြုသော ပြုလုပ်မှု၏ သဘောနှင့် အကျိုးအပြစ်ကို သိနားလည်လောက်အောင် အမြော်အမြင်၊ အဆင်အခြင်နှင့် မပြည့်စုံသေးသော အသက် (၇)နှစ် အထက် (၁၂)နှစ်အောက် အရွယ်ရှိသော ကလေး၏ ပြုလုပ်မှုသည် ပြစ်မှု မမြောက်ဟု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၈၃ တွင် ပြဌာန်းထားသည်။

စိတ်ပေါ့သွပ်နေသူ တစ်ဦးသည် ပြုစဉ်အခါက မိမိ၏ ပြုလုပ်မှုသည် မည်သို့ သဘောရှိသည်ကို လည်းကောင်း၊ မတော်မမှန်သည်ကို လည်းကောင်း၊ ဥပဒေနှင့် ဆန့်ကျင်သည်ကို လည်းကောင်း၊ မသိနိုင်သဖြင့် ယင်း၏ ပြုလုပ်မှုသည် ပြစ်မှု မမြောက်ကြောင်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၈၄တွင် ပြဌာန်းထားသည်။

တရားခံသည် တစ်နေ့နံနက်တွင် အကြောင်းမဲ့ သက်သက် ယောက္ခမအား ဓားနှင့် ထခုတ်သည်။ အနီးရှိလူများက ၀င်ဆွဲရာ ထိုလူများကိုလည်း ခုတ်၍ ဒဏ်ရာအသီးသီး ရကြသည်။ ယောက္ခမ သေဆုံး၍ လူသတ်မှုဖြင့် တရားစွဲဆိုသော အမှုတွင် အမှု အဖြစ်အပျက် အခြေအနေအားလုံးကို ထောက်ရှုသောအခါ ပြစ်မှု ကျူးလွန်စဉ်က တရားခံသည် စိတ်ပေါ့သွပ်နေကြောင်း ပေါ်လွင်နေသောကြောင့် အပြစ် မရှိဟု ဆုံးဖြတ်ခဲ့ကြောင်း မောင်ထွန်းစိန်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမှုစီရင်ထုံး ၁၉၆၂ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ ၃၁၇ တွင် ညွှန်ပြထားသည်။

တရားခံသည် ၀က်ရူးပြန်စဉ် မိခင်အား အကြောင်းမဲ့ သတ်ပြီး ပထွေးအား ဒဏ်ရာရစေခဲ့သည်။ တရားခံသည် ပြစ်မှု ကျူးလွန်ပြီးနောက် လျှိုတစ်ခုထဲတွင် ပုန်းအောင်းနေခဲ့သည်။ ဆရာ၀န်၏ ထွက်ချက်အရ တရားခံသည် ၀က်ရူး ပြန်လေ့ရှိပြီး ၀က်ရူးပြန်စဉ် သတိ လုံး၀ မရှိကြောင်း ပေါ်ပေါက်နေသဖြင့် အပြစ်မရှိဟု အန့်ဘွယ်နှင့် အစိုးရ၊ အေ၊ အိုင်၊ အာ ၁၉၃၇ ခုနှစ် ရန်ကုန် စီရင်ထုံး စာမျက်နှာ ၉၉ တွင် ညွှန်ပြထားသည်။
သေသူက ဓားပြီးသည်ဟု ပြော၍ အခုတ်ခိုင်းရာ တရားခံက သဘောရိုးနှင့် ယုံကြည်ပြီး သေသူ၏ လက်ယာဘက် လက်မောင်းကို ခုတ်သဖြင့် သွေးကြောပြတ်ကာ သေဆုံးသည့်အမှုတွင် တရားခံသည် သေသူအား သေစေရန် မဆိုထားဘိ၊ ဒဏ်ရာရစေရန် ရည်ရွယ်ချက်လည်း မရှိ၊ သိလည်း မသိသည့်အလျောက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၈၇ အရ ပြစ်မှု မမြောက်ဟု ရွေှခင်နှင့် အစိုးရအမှု အတွဲ ၈၊ အောက်မြန်မာပြည်စီရင်ထုံး စာမျက်နှာ ၁၆၆ တွင် ညွှန်ပြထားသည်။

ဆရာ၀န်တစ်ဦးသည် ခွဲစိတ်ကုသပါက သေတန်ရာသည်ကို သိလျက် နာကျင်သော ေ၀ဒနာ ခံစားနေရသော လူနာကို လူနာ၏ သဘောတူညီချက်ဖြင့် လူနာ၏ အကျိုးငှာ ပြုနေကျဖြစ်သော ခွဲစိတ်ကုသသည့် ကိရိယာ တန်ဆာများဖြင့် ခွဲစိတ်ကုသ၏။ ခွဲစိတ်ကုသစဉ်က လူနာကို သေစေရန် အကြံမရှိ၊ လူနာ၏ ေ၀ဒနာ ပျောက်ကင်းစေရန် ပြုလုပ်ခြင်းဖြစ်ရာ သဘောရိုးဖြင့် ခွဲစိတ် ကုသခြင်းကြောင့် လူနာ သေသော်လည်း ဆရာ၀န်သည် ပြစ်မှု ကျူးလွန်ရာ မရောက်ပေ။ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၈၈ ပြဌာန်းချက်ကို ရည်ညွှန်းပါသည်။

သို့သော် ဆရာ၀န် မဟုတ်ဘဲ ဆရာ၀န်ဟု အမည်တပ်ကာ ဆေးဝါး ကုသနေသူများအနေဖြင့် မိမိတို့ ကောင်းစွာနားမလည်သည့် နိုင်ငံခြားဆေးများကို အရမ်း တိုက်ကျေွးခြင်း ခွဲစိတ် ကုသသည့် ပညာကို နားမလည်ဘဲ ခွဲစိတ်ကုသခြင်း ပြုပါက သဘောရိုးဖြင့် ပြုခြင်း မဟုတ်၍ အပြစ်ရှိပေသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၈၁ အရ ရာဇ၀တ် မကင်းသော အကြံမရှိဘဲ အခြားသော ဘေးအန္တရာယ်ကို တားဆီးအောင် ပြုလုပ်မှုကြောင့် လည်းကောင်း၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၀၀ နှင့် ၁၀၃ တို့အရ လူနှင့် ပစ္စည်းကို ကာကွယ် ခုခံပိုင်ခွင့်အရ ပြုလုပ်မှုကြောင့်လည်းကောင်း လူတစ်ဦးဦးကို သေစေခြင်းသည် သာမန်လူသေမှုသာ ဖြစ်သည်။
အထက်တွင် တင်ပြချက်များသည် သာမန် လူသေမှုသာဖြစ်၍ ပြစ်မှု မမြောက်ပေ။

သို့သော် သေစေခြင်း ဖြစ်တန်ရာသော ကိုယ်အင်္ဂါ နာကျင်မှုကို ဖြစ်စေရန် အကြံဖြင့် မည်သူမဆို ပြုလုပ်မှု တစ်ခုခုကို ပြု၍ လူကို သေစေလျှင် လူသတ်မှု မမြောက်သည့် ရာဇ၀တ် ပြစ်ဒဏ်ထိုက်သော လူသေမှုကို ကျူးလွန်ရာ ရောက်သည်။ ထို့ပြင် သေစေရန် အကြံဖြင့်ဖြစ်စေ၊ ဖြစ်တတ်သော သဘောအရ အမှန်အားဖြင့် သေစေလောက်သော ကိုယ်အင်္ဂါ နာကျင်မှုကို ဖြစ်စေရန် အကြံဖြင့်ဖြစ်စေ မည်သူမဆို ပြုလုပ်မှု တစ်ခုခုကိုပြု၍ လူကို သေစေလျှင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၉ (၂) (က) (ခ) (ဂ) (ဃ) (င)ပါ အချက် တစ်ခုခု၌ လူသတ်မှု မမြောက်သည့် ရာဇ၀တ် ပြစ်ဒဏ်ထိုက်သော လူသေမှုကို ကျူးလွန်ရာ ရောက်သည်။
မည်သူမဆို လူသတ်မှု မမြောက်သည့် ရာဇ၀တ် ပြစ်ဒဏ် ထိုက်သော လူသေမှုကို ကျူးလွန်လျှင် တစ်သက် တစ်ကျွန်း ဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄ တွင် ပြဌာန်းထားသည်။

သို့ဖြစ်၍ လူသားများအဖို့ ဓမ္မတာအလျောက် သေဆုံးခြင်း၊ ဓမ္မတာ မဟုတ်သော သေဆုံးခြင်း၊ သာမန် လူသေမှုနှင့် ရာဇ၀တ် ပြစ်ဒဏ်ထိုက်သော လူသေမှုတို့ကို ခွဲခြား သိရှိနိုင်စေရန် ဥပဒေ ဗဟုသုတ ရရှိစေခြင်းငှာ ရေးသား တင်ပြလိုက်ပါသည်။

လူသားတိုင်း မိမိ၏ ခန္ဓာ၀န်ကို ကျန်းမာအောင် ရွက်ဆောင်နိုင်သူများ ဖြစ်ကြပါစေကုန်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *