News, Opinion, Policy & Law

တစ်လုံးနှစ်လုံးစာစီကုံး

TZO

တစ်လုံးနှစ်လုံးစာစီကုံး။ Write the letter with the words.
ဒီခေါင်းစဉ်ကို တွေ့လိုက်ရလို့ ဆရာ၊ ဆရာမတွေ အကြောင်းပဲ ရေးမလို့လား၊ စာသင်ကျောင်းနဲ့ ပတ်သက်ပြီးတော့ပဲ ရေးမလို့လား ။ အဲဒီလိုမထင်လိုက်ပါနဲ့။ အမှန်တော့ သီချင်း လေးက “တစ်လုံး နှစ်လုံး စာစီကုံး၊ ကျောင်းသားတွေလည်း တပြုံးပြုံး” လို့ ဖြစ်နေမှာ။ ဒါပေမယ့် ဒီလိုပြောင်းဆိုရင် “တစ်လုံး နှစ်လုံး စာစီကုံး ထိုးသားတွေလည်း တရုန်းရုန်း”လို့ပါ။ မနက်မိုးလင်းတာနဲ့ လမ်းထဲမှာ အဲဒီနှစ်လုံးထိုးတဲ့သူတွေဟာ ယောက်ယက်ခတ်နေတာပဲ။ ၃ သုံးတစ်လုံးကောင်းတယ် ။ ၅ တစ်လုံးကောင်းတယ် စသဖြင့် ဘယ်ဂဏန်း ကောင်းတယ်ဆိုတာ တစ်ယောက်တစ်မျိုး ပြောနေကြပြီးတော့ ဂဏာန်းတစ်လုံးကို ပတ်ထိုးတဲ့သူကလည်း ထိုးတယ်။ ကိုယ်ကြိုက်တဲ့ ဂဏန်းနဲ့ တွဲထိုးတဲ့သူကထိုးပေါ့။ ကြည့်လိုက်ရင် အဲဒီနှစ်လုံးထိုးတဲ့သူတွေဟာ လက်လုပ်လက်စားတွေများတယ်။ လမ်းထဲမှာကလည်း ချဲထီလက်ခွဲဒိုင် တစ်ခုရှိတယ်။ အဲဒီအိမ်မှာ မနက် ထိုးတဲ့သူနဲ့ ညနေထိုးတဲ့သူတွေ တရုန်းရုန်းနဲ့ပါပဲ။ ကိုယ့်လမ်းထဲကလည်း ထိုးကြတယ်။ တခြားကလည်း လာထိုးကြတယ်။ လမ်းလူကြီးကလည်း မသိဘူးမဟုတ် သိတယ်။ ဒါပေမယ့်လည်းပေါ့လေ ဘာအကြောင်းတွေ ရှိလည်း မသိဘူးပေါ့နော်။ တာဝန်ရှိသူတွေ အဆင့်ဆင့်ကိုယ်တိုင်က မသိကျိုးကျွံပြုနေတာဆိုတော့။ ဒါမျိုးတွေ ကလည်း ပြဿနာတွေ ဖြစ်လာကြတော့မှသာ ဟိုးလေးတကျော်ဖြစ်ပြီး အရေးမယူလို့ မရတော့မယ့်       အခြေအနေ ဖြစ်လာကြတာ။

ဟိုတလောက ဟိုဘက်ရပ်ကွက်က ဒိုင်ကြီးတစ်ခုကို တိုင်းက ဆင်းလာပြီး ဖမ်းတယ်လို့ကြားတယ်။ လမ်းထဲက ဒိုင်ခွဲအိမ်ကလည်း အပြေးအလွှားနဲ့ အဲဒီကို စနည်းနာဖို့သွားတယ်။ လူတွေလည်း နည်းနည်းတော့ လှုပ်လှုပ်ရွရွ ဖြစ်သွားကြတာပေါ့။ အဲဒီလိုဒိုင်ကြီးကို ဝင်ဖမ်းပေမယ့် ကြားရတဲ့ သတင်းအရတော့ အဲဒီမှာ အလုပ်လုပ်တဲ့ စာရေးမတစ်ယောက်နဲ့ နှစ်လုံးလာထိုးတဲ့ ငါးရောင်းတဲ့ ဈေးသည်အမျိုးသမီးကြီး တစ်ယောက်တို့ကိုပဲ ဖမ်းသွားတယ်လို့ သိရတယ်။ ဒိုင်လုပ်တဲ့သူမပါဘူး။ ချဲထီဒိုင်ကိုင်တဲ့ အိမ်မှန်းလည်းသိတယ်။ ဒါပေမယ့် စာရွက်စာတမ်းတွေနဲ့ လက်ပူးလက်ကြပ်မိတဲ့ စာရေးမရယ် ၊ ထိုးသားဖြစ်တဲ့ ငါးစိမ်းသည်ရယ်ပဲ ဖမ်းသွားတဲ့ သဘောပေါ့။ အဲဒီချဲထီဒိုင်မှာ စာရေးမလုပ်တဲ့ ကောင်မလေးက ကိုယ်တွေနဲ့ မျက်စောင်းထိုးကပါ။ ဘွဲ့ရပြီး သားဖြစ်ရဲ့သားနဲ့ တခြားအန္တရယ်ကင်းတဲ့အလုပ်ကို ဘာဖြစ်လို့မလုပ်သလဲမသိဘူး ။ နေ့တွင်တစ်နေ့ သုံးထောင်ရတယ်လို့ သိရပါတယ်။ ရဲကဖမ်းသွားပြီးတဲ့နောက် အချုပ်ထဲမှာ တစ်ပတ်လောက် နေရပြီး နောက်ပိုင်းမှာ နှစ်ပတ်တစ်ခါလောက် ရုံးချိန်းကို သူ့အမေနဲ့ သွားတာတွေ့ရပါတယ်။ ဒိုင်ကြီး အိမ်ကလည်း သူတို့အစား အဖမ်းခံသွားရတာဆိုတော့ လိုအပ်တာ အကုန်လိုက်လုပ်ပေးတယ် ထင်ပါတယ်။ အမှုက ပြီးပြတ် သွားပြီလား ဘာလားလဲ မသိဘူး။ ကောင်မလေးကတော့ အဲဒီမှာပဲ အလုပ်ပြန်ဆင်းနေတာ တွေ့ရတယ်။

ရုံးပြင် ကန္နားဆိုတာ မပတ်သက်ရရင် အကောင်းဆုံးပါ။ ခုတော့ တစ်ခါသေဘူးပေမယ့် ပျဉ်ဖိုးနားမလည်တာ ပဲလား ပျဉ်းဖိုးကိုပဲ မမှုတာလားတော့ မပြောတတ်တော့ပါ။ မဗေဒါကတော့ ပန်းပန်လျက်ပဲ တွေ့ရပါတယ်။
နှစ်လုံးထီနဲ့ ပတ်သက်ပြီး ဘဝပျက်သွားတဲ့ အကြောင်းလေး တစ်ခုပြောပါဦးမယ်။ ထိုးတဲ့သူက ဘဝပျက်သွား တာမဟုတ်ဘဲ ဒိုင်ကိုင်တဲ့သူက ဘဝပျက်သွားတာပါ။ အလျော်အစားများလို့လားဆိုတော့ အလျော်အစား များတာလည်းပါတယ်။ အကြွေးနဲ့ ထိုးတာကိုလက်ခံပြီး အကြွေးတွေများလာပြီး မဆပ်တော့တာကြောင့်လည်း ပါတယ်။ ဒိုင်ကို ဘဝပျက်သွားအောင် လုပ်လိုက်တာကတော့ ကျောင်းဆရာမ တစ်ယောက်ဖြစ်နေတယ်ဆိုရင် အံ့သြသွားကြမလား။ ကျောင်းဆရာမလည်း လောကီသားပဲ မဟုတ်ပါလား။သူကနှစ်လုံးထီကို ဆတိုးထိုးတာ။ ဥပမာ ဒီနေ့ တစ်ထောင်ဖိုး ထိုးတယ်။ မပေါက်ရင် မနက်ဖန် နှစ်ထောင်ဖိုးထပ်ထိုး မပေါက်ရင် သန်ဘက်ခါ လေးထောင်ဖိုး ထပ်ထိုးတာ။ ဖုန်းနဲ့ပဲ တင်နေတာနော်။ ဒိုင်ကလည်း လက်ခံတယ်။ အရင်တုန်းကတော့ ပြန်ပြန်ရှင်းပေးနေတယ် ထင်ပါတယ်။ ဒါကြောင့် ဒိုင်က ယုံကြည်ပြီး ဖုန်းနဲ့ တင်တာကို လက်ခံတာပေါ့။ နောက်ပိုင်းမှာ ပမာဏများလာတဲ့အခါ မရှင်းနိုင်တော့ဘူးလေ။ အဲဒီမှာ ပြဿနာတက်တော့တာပဲ။ ဒိုင်က ကျောင်းကိုလိုက်လာတယ်။ ကျောင်းအုပ်ဆရာကြီးကလည်း ပြတ်တယ်။ ခင်ဗျားတို့ အပြင်မှာ ဖြစ်လာတဲ့ ပြဿနာ အပြင်မှာပဲရှင်းကြ မကျေနပ်ရင်လည်း ရဲကိုတိုင်ဆိုပြီး ပြောလိုက်တယ်။ ဒီကိစ္စက ရဲတိုင်လို့လည်း မဖြစ်ဘူးလေ။ ဆရာမလည်း သူငယ်ချင်းတစ်ယောက်ကို ခေါ်ပြီး မြို့ ပတ်ပြီး ပိုက်ဆံရှာပါသေးတယ်။ ဒါပေမယ့် သိန်း ၆၀ ဆိုတဲ့ ငွေကလည်း နည်းတာမှ မဟုတ်တာ။ အဲဒီလောက်ကိုဖြစ်သွားတာကိုး။ ကိုယ်တွေ အစက ထင်ထားတာ သုံးလေးသိန်း လောက်ပဲလို့ ထင်ထားတာ။ နောက်မှ အဲဒီလောက်ရှိ နေတာကိုသိရတယ်။ ဘယ်လွယ်မလဲ။ နောက်ဆုံးစိတ်ပျက်ပျက်နဲ့ ဗန္ဓုလတံတားပေါ်ကနေ နှစ်ယောက်သား လျှောက်လာကြရင်း ဆရာမက သူငယ်ချင်းကိုပြောတယ်။ ငါဒီတံတားကြီးပေါ်ကနေ ခုန်ချလိုက်ရင် ကောင်းမလားပေါ့။

သူငယ်ချင်းကလည်း ခပ်ပြတ်ပြတ်ပဲ။ အေး ကောင်းတယ် ၊ ဒါမှ တစ်ပူအေးသွားမှာလို့ ပြောလိုက်တယ်။ ဆရာမက တကယ်မလုပ်ရဲပါဘူး။ တကယ်တမ်းတော့ သူရင်ဆိုင်နေရတဲ့ သောကဟာ ကိုယ့်ကိုယ်ကို အဆုံး စီရင်ချင်လောက်အောင် စိတ်ကူးမိနိုင်ပါတယ်။ ဘယ်သူမပြု မိမိမှုပါပဲ။ လောဘတရားဟာ လူရဲ့ စဉ်းစား ဆင်ခြင်နိုင်စွမ်းကို မှေးမှိန်သွားစေပြီး မိုက်မဲတဲ့ အလုပ်တွေ လုပ်ခဲ့မိတာပါ။ အကြွေးကလည်း လွယ်လွယ်နဲ့ ရနေတော့လေ။ ဒါပေမယ့် ကိုယ်က သာမန်အရပ်သူ တစ်ယောက်မဟုတ်ဘူး။ ကျောင်းဆရာမတစ်ယောက် စဉ်းစဉ်းစားစားနဲ့ ရှိသင့်တာပေါ့နော်။ ဒီလောက်မဖြစ်သင့်ဘူး။ နောက်ဆုံးတော့ ဒိုင်က သူ့ပြဿနာ သူ ရှင်းသွားပါတယ်။ ဒီက အိမ်ကို ရောင်းပြီး လျော်စရာရှိတာ လျော်ပြီး တောကို ပြန်သွားပါတယ်။ ဆရာမလည်း သူ့ကြောင့် စီးပွား ပျက်သွားရတဲ့ အကြောင်းကိုတော့ တစ်သက်လုံး စိတ်ထဲမှာ တနုန့်နုန့်နဲ့ဖြစ်ပြီး နေမှာပါ။ အခုဆိုရင် နှစ်လုံးအကြောင်း အပြောတောင်မှ မခံတော့ပါဘူး။ အမှန်က ဒီလူတွေက တောကပါပဲ။ တောမှာ ရှိတဲ့ အိမ်တွေခြံတွေ ရောင်းခဲ့ပြီး မြို့တက်လာ စီးပွားရှာကြတာပါ။ ဒါပေမယ့် သူတို့က သမ္မာအာဇီဝ နဲ့ စီးပွား မရှာကြဘူး။ အေးလေ ချဲထီဒိုင်ကိုင်တဲ့ အလုပ်က မျက်မျက်ကလေး စားရတာ မဟုတ်လား။ လျော်ရတယ် ဆိုတာက ဆယ်ခါရံ တစ်ခါပါ။ ဒိုင်စားတာ များပါတယ်။ ဒါကြောင့်လည်း ရုံးမကြောက် ဂတ်မကြောက်နဲ့ ပုန်းလျှိုးကွယ်လျှိုးကတစ်မျိုး။ ပြောင်ပြောင်တင်းတင်းပဲ ဈေးထဲမှာ လမ်းထောင့်မှာ ကိုယ့်အိမ်မှာတင် ဒိုင်လုပ်ပြီး ချဲရောင်းနေကြတာ မဟုတ်လား။

လောင်းကစားဆိုတာကလည်း ဘယ်လောင်းကစားပဲဖြစ်ဖြစ် ဒိုင်လုပ်တဲ့သူတွေပဲ အများအားဖြင့် ကြီးပွား ချမ်းသာသွားကြတာပါ။ ထိုးတဲ့သူတွေ လောင်းတဲ့သူတွေကတော့ တစ်နေ့ရနိုး တစ်ကြိမ် ရနိုးနဲ့ပဲ မရှိရှိတာ ရှာကြံပြီး ဇွဲမလျှော့ပဲ ထိုးနေကြတာ။ စောစောကပြောခဲ့သလိုပဲ လူတွေက လောဘသားတွေလေ။ အဲဒီတော့ ဘယ်နှစ်ဆလျော်မယ် ၊ ဘယ်နှစ်ဆရမယ်ဆိုပြီး လူတွေကိုမက်လုံး ပေးပြီး ဒိုင်တွေကလုပ်စားနေကြတာပေါ့။ နိုင်ငံခြားမှာဆိုရင် ကာစီနိုလို လောင်းကစားဝိုင်းကြီးတွေကို တရားဝင် ဖွင့်ခွင့်ပေးထားကြတယ်။ သူတို့ဆီက အခွန်ကောက်တယ်။ တချို့နိုင်ငံတွေမှာ အဲဒီလို ကာစီနိုဝိုင်းကြီးတွေ လောင်းကစားရုံတွေကို မာဖီးယားဆိုတဲ့ လူဆိုးဂိုဏ်းကြီးတွေက ထိန်းချုပ်ထားတာလို့ ကြားဖူးတယ်။ အဲဒီကရတဲ့ ဝင်ငွေကလည်း မနည်းဘူးလေ။
ဒီမှာကတော့ လောင်းကစားကို တရားဝင် ခွင့်ပြုမထားပါ။ လောင်းကစားဥပဒေရှိပါတယ်။ ဘာလောင်းကစား ဖြစ်ဖြစ် လုပ်တဲ့သူကို အရေးယူလို့ရပါတယ်။ ထိုးတဲ့သူရော ဒိုင်လုပ်တဲ့သူရော အရေးယူလို့ရပါတယ်။

ဒါပေမယ့် ထိထိရောက်ရောက် အရေးယူမှု မရှိတဲ့အတွက် လောင်းကစား မှုတွေက ရှိနေကြဆဲပါ။
ချဲထီဒိုင်တွေ ၊ ဘောလုံးပွဲလောင်းတဲ့ ဒိုင်တွေကနေရာအနှံ့မှာ ရှိနေပါတယ်။ မရှိဘူးဆိုရင် တစ်ရပ်ကွက်ထဲမှာ လေးငါးခုမက ရှိနေပါတယ်။ တချို့ဆိုရင် ချဲထိုးရင်း ၊ ဘောလုံးလောင်းရင်းနဲ့ လူမှုရေး ၊ စီးပွားရေးတွေ ဆုံးရှုံး သွားကြတာတွေ တွေ့နေရပါတယ်။ တာဝန်ရှိသူတွေ အနေနဲ့ ဘာဖြစ်လို့ဒါကို ပပျောက်အောင် မလုပ်နိုင်တာလဲ၊ မလုပ်တာလဲဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။ ကိုယ်တွေ တစ်ခုစဉ်းစားမိတာကတော့ စားဝတ်နေရေး အတွက် လုံးပမ်းနေကြရတဲ့ အခြေခံလူတန်းစားတွေအတွက် စိတ်ထွက်ပေါက် တစ်ခုအနေနဲ့များ ပေးထား သလားလို့ပါ။ ဒါပေမယ့် ဒါကလည်း မှန်ကန်တဲ့ထွက်ပေါက် တစ်ခုတော့ မဟုတ်ပါဘူး။ တချို့နေရာတွေမှာ ဆိုရင် ပြဿနာတက်ကြတာတွေ ကြားဖူးတယ်။ ချဲပေါက်ပြီး ဒိုင်ကမလျော်တာတို့ ၊ ဒိုင်ထွက်ပြေးသွားတာတို့ ချဲကိုအကြွေးထိုးပြီး မရှင်းပေးတာတို့ စသဖြင့်ပေါ့။ ဒီကစ္စက သက်ဆိုင်ရာကိုလည်း တိုင်လို့မရဘူး လေ။ ချဲပေါက်တဲ့လူကလည်း သူပေါက်တာကို လိုချင်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပိုက်ဆံကို လိုချင်လို့ ထိုးကြတာ မဟုတ်လား။

တစ်ခါက လမ်းထိပ်က အခွေဆိုင်မှာ သမီးက အခွေရွေးနေတုန်း ကိုယ်ရပ်စောင့်နေရင်းနဲ့ အမျိုးသမီး နှစ်ယောက် စကားများနေကြတာ ကြားနေ၊ မြင်နေရတယ်။ တစ်ယောက်ကထိုးတဲ့ သူဖြစ်မယ်။ ချဲပေါက်တာ တစ်ရာဖိုးလိုနေလို့ စကားများနေကြတာ။ ထိုးတဲ့ အမျိုးသမီးက သူဂဏန်း ပေါင်းတာ မှားသွားလို့ အမှန်က နှစ်ထာင့်ခုနစ်ရာဖိုးထိုးတာ ချဲရောင်းတဲ့ မိန်းမကလည်း နှစ်ထောင့်ခြောက်ရာပဲ ပေးတာဆိုပြီး ငြင်းခုံ နေကြတာ။ ဟိုအမျိုးသမီးကလည်း သူကုန်တာလည်း များပြီ။ အခုတစ်ရာဖိုးအလျော်လိုနေတာကို (တစ်ရာဖိုးက အလျော်အစား ရှစ်ထောင်ရပါတယ်) မပေးလို့ဆိုပြီး ဗျစ်တောက်ဗျစ်တောက်နဲ့ လုပ်နေတယ်။ တစ်ဖက်ကလည်း အတင်းခံငြင်းနေတယ်။ ကြာတော့ အနားကလူကြီးတစ်ယောက်က နင်တို့ တော်ကြတော့။ နှစ်ယောက်စလုံးကို ရဲခေါ်ပြီး အပ်လိုက်မယ်ဆိုမှ ငြိမ်သွားကြတယ်။ ချဲထီနဲ့ ပတ်သက်ပြီး ဒီလိုပြဿနာတွေ ဘယ်လောက်ဖြစ်နေ မယ်ဆိုတာ မပြောနိုင်ပါဘူး။

ဒီတစ်လုံးနှစ်လုံး သုံးလုံးဆိုတဲ့ဟာတွေက လူတွေကို မသိ မသာလေး ဒုက္ခပေးနေပါ။ တစ်နေ့ နည်းနည်း နည်းနည်းထိုးရင်း ကြာလာတော့ အရင်းစိုက်ရတာက များလာပါတယ်။ တစ်ခါတစ်လေ ကံစွပ်လို့ ပေါက်ရင်လည်းရတာနဲ့ ကုန်ခဲ့တာနဲ့က မကာမိပါဘူး။ လူတွေက ဒါကို မတွက်မိပဲ တစ်ခါ တစ်လေပေါက်ရင်ပဲ ကျေနပ်နေကြတာ ဖြစ်ပါတယ်။ အဲဒီတော့လည်း ဒီချဲထီ သံသရာက မထွက်နိုင် ကြတော့ဘူးပေါ့။ ထိုးတဲ့သူ တွေကတော့ ထိုးကြမှာပဲ ၊ လောင်းကြမှာပဲ ။ ထိုးစရာ ၊ လောင်းစရာ မရှိတော့မှသာ မထိုးကြ ၊ မလောင်းကြ ဖြစ်ပါတယ်။ ဒီတော့ အဲဒီလိုမရှိအောင်က သက်ဆိုင်ရာ တာဝန်ရှိသူတွေ မသိကျိုးကျွံ ပြုမနေကြဖို့ လိုပါကြောင်း စေတနာကောင်းနဲ့ ကြေညာမောင်း (အဲလေ ဟုတ်ပေါင်) ရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျား။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *